ချင်းမိုင်။ ။ လပွတ္တာမြို့ရှိ လေဘေးဒုက္ခသည် စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားလျှက် ရှိသည်ဟု ကုသမှုပေးနေသူ ဆရာဝန်၏ အပြောအရ သိရသည်။
“ကျနော့်လူနာတွေ ပြောပြတာက ဂေါက်ကွင်းစခန်း ၃ က ၈ဝ လောက် ဖြစ်နေတယ်။ ဟိုတနေ့ကပဲ ဆေးရုံ သွားပို့တာတောင် ရှိတယ်။ ကလေး တယောက်တောင် ဆုံးသွားတယ်။ ဝမ်းရောဂါကြီးတော့ မဟုတ်ဘူး၊ ရိုးရိုး ဝမ်းပျက်ပေါ့နော်။ ဒါပေမဲ့ မနေ့ညက လူနာတယောက် ရောက်လာ တယ်။ ညဘက်ကတည်းက ဝမ်းသွားတာ၊ မနက် ကျနော့်ဆီလာတော့ Pressure က သုည ဖြစ်နေတာနဲ့ ဆေးရုံ ပို့လိုက်တယ်” ဟု ဒေါက်တာ အေးကြူက မဇ္ဈိမကို ပြောသည်။ ဒေါက်တာ အေးကြူမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၀င်တဦးလည်း ဖြစ်ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ခံခဲ့ရသူ ပြည်သူ့ လွှတ်တော်အမတ် တဦးလည်း ဖြစ်သည်။
သူ့ဆေးခန်းတွင် ကုသမှု လာရောက်ခံယူသူ လေဘေးသင့် စခန်းများမှ လူနာများသည် တနေ့လျှင် ပျမ်းမျှ ၆ဝ ခန့်တွင် ၂၅ ဦးခန့်မှာ ဝမ်းပျက် ဝမ်းလျောကြောင့်ဟု ပြောသည်။
လပွတ္တာမြို့ ၃ ရပ်ကွက် ဒုက္ခသည်စခန်း (၁) တွင် တဲ ၄၅ လုံး၊ စခန်း (၂) ဘောလုံးကွင်းတွင် တဲအလုံး ၈ဝ ၊ ဂေါက်ကွင်းစခန်း (၃) တွင် တဲအလုံးရေ ၁ဝဝဝ ၊ အမှတ် (၄) ၅ မိုင်တွင်မူ တဲပေါင်း ၆ဝ တဲခန့် ရှိသည်။
လပွတ္တာ ဆေးရုံတွင် တက်ရောက် ကုသခဲ့ရသည့် ကလေးငယ် တဦး၏ မိခင်က “ဆေးရုံတက်မှ ကလေးတွေ အများကြီးပါလားလို့ တွေ့ရတယ်။ အများအားဖြင့်တော့ မုန်တိုင်းခံရတဲ့ ကလေးတွေ အများဖြစ်တယ်။ ဆရာဝန်တွေက ပြောတာက ရေကြောင့်လို့ ပြောတယ်။ မုန်တိုင်း မိတဲ့အချိန်မှာ ရေငံတွေ သောက်လို့ ဖြစ်တယ်လို့ ပြောတယ်လေ။ အခုလည်း ရေမသန့်လို့ ပြောတာပဲ ဆရာဝန်တွေကတော့။ ကျမတို့က ဂရုစိုက်နေတဲ့ကြားက ဖြစ်သွားတယ်လေ” ဟု ပြောသည်။
ဒေါက်တာ အေးကြူက “နီးစပ်ရာ လယ်ကွင်းမှာ ရှိတဲ့ ရေကို ချိုးကြတယ်၊ သုံးကြတယ်ပေါ့နော်။ ဒီနှစ်တော့ အရင်နှစ်နဲ့ မတူဘူးနော်။ ယင်ကောင်ကလည်း အကြီးကြီးတွေပဲ၊ နည်းတဲ့ အကောင်တွေ မဟုတ်ဘူး။ လူတွေများလို့ ယင်ကောင်တွေ များလာတယ်လို့ ပြောကြတယ်။ ဆရာတို့ အိမ်တောင် ထမင်းစားပွဲမှာ ဖယောင်းတိုင် အမြဲ ထွန်းထားရတယ်။ မြို့အစွန်းတွေက လူနာတွေက သူတို့ဘက်မှာ ပိုများတယ်လို့ ပြောတယ်လေ” ဟု ပြောသည်။
လပွတ္တာမြို့ပေါ်ရှိ ဒေသခံတဦးက ယင်ကောင် များလာခြင်းကြောင့် စစ်အစိုးရမှ ပြီးခဲ့သည့် ရက်ပိုင်းက ဆေးဖျန်းခဲ့ရာ ယခုအခါ လျော့နည်းသွားပြီဟု ဆိုသည်။
သူက “ကျနော်က မေးလိုက်တာ၊ နေပြည်တော်က လာတဲ့ ဗိုလ်မှူးတယောက် ဦးဆောင်ပြီး လာတယ်ပေါ့နော်။ ယင်ကောင်တွေ များတော့ ကားနဲ့ ဆေးလိုက်ဖျန်းလိုက်တယ်။ အခု ဆေးဖျန်းလိုက်တော့ ယင်ကောင်တွေ ပျောက်နေပြီ။ ကျန်းမာရေး အဖွဲ့တခုပါ နာမည်တော့မသိဘူး။ ဓာတ်ခွဲ စမ်းသပ်တယ်၊ ကာလဝမ်းရောဂါ ဖြစ်၊ မဖြစ် ဆိုတာတွေပါ။ ကျန်တဲ့ ကလေးတွေလည်း တနှစ်ကျော်ကျော်၊ နှစ်နှစ် ကလေးအရွယ်တွေမှာ ဖြစ်နေတယ်၊ မြို့ပေါ်မှာလည်း ဖြစ်တယ်” ဟု သူက ပြောသည်။
အလားတူပင် ပြီးခဲ့သည့် တပတ်အတွင်းက ဘိုကလေးနှင့် ၄၅ မိုင်ခန့် အကွာတွင် တည်ရှိသည် ဧရာမြို့တွင်လည်း ဝမ်းရောဂါများ ဖြစ်ခဲ့မှုများ ရှိသည်။
Tuesday, June 10, 2008
လေဘေး စခန်းအချို့တွင် ဝမ်းရောဂါ ဖြစ်ပွား (Mizzima)
လေဘေးကယ်ဆယ်ရေး လုပ်ငန်းတွင်ပင် သံဃာတော်များ ဝါဆိုမည် (Mizzima)
ချင်းမိုင်။ ။ ဧရာဝတီတိုင်း အတွင်းရှိ မုန်တိုင်းဒဏ်သင့် ဒေသများတွင် လာရောက်၍ လေဘေးကယ်ဆယ်ရေး လှည့်လည် ဆောင်ရွက်နေသည့် သံဃာတော်များသည် လုပ်ငန်းများ ပြီးပြတ်မည် မဟုတ်သဖြင့် လာမည့် ဝါတွင်းကာလတွင် ရောက်ရှိသည့် ဒေသ၌ပင် ဝါဆိုရမည့် အခြေ ဆိုက်နေသည်။
မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် မန္တလေး မဟာဂန္ဓာရုံ ကျောင်းတိုက်မှ သံဃာတော် ၁၁ ပါးက ဦးဆောင်၍ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေရာ တလခန့် ကြာမြင့်လာပြီးနောက် ဆက်လက်၍လည်း ပိုမို ထိရောက်စွာ လုပ်ကိုင်နိုင်ရေးအတွက် မိမိတို့၏ ကျောင်းတိုက်များသို့ ပြန်၍ ဝါဆိုနိုင်တော့မည် မဟုတ်ခြင်း ဖြစ်သည်။
“ဦးဇင်းတို့ ဒီလိုလုပ်တာက ဒုက္ခရောက်တဲ့ သူတွေကို ကူညီဖို့က အခု အနေအထားအရ တအား လိုအပ်နေတယ်။ ကယ်ဆယ်ရေးအတွက် ပိုထိရောက်အောင်လို့ပါ” ဟု မဟာဂန္ဓာရုံ ကျောင်းတိုက်မှ သံဃာတော် တပါးက မဇ္ဈိမကို မိန့်ကြားသည်။
ရောက်ရှိနေသည့် နေရာအနီးရှိ ကျောင်းတိုက်များ၌ပင် ဝါဆိုခွင့် ရရှိရေးအတွက် ကျောင်းတိုက် ဆရာတော်ကြီးများထံ ခွင့်ပြုချက် ရယူရပေသည်၊
လက်ရှိတွင် ဘိုကလေးနှင့် လပွတ္တာဘက်သို့ ဆရာဝန်များဖြင့် ဝေယျာဝစ္စ ကူညီရန် သွားရောက်ရန် သံဃာတော်များက စီစဉ်ထားသည်။
ယမန်နှစ်ကလည်း မန္တလေးတဝိုက်တွင် ရေကြီးခဲ့စဉ်က သံဃာတော်များက ကယ်ဆယ်ရေး ပစ္စည်းများ ဝေမျှပေးခြင်းကို လုပ်ဆောင်ပေးခဲ့ ကြသည်။ ထိုစဉ်ကမူ ယခု အခြေအနေလောက် ဆိုးဝါးခြင်း မရှိ၍ သံဃာတော်များ ဝါဆိုခြင်း ကိစ္စကို ထိခိုက်ခြင်း မရှိခဲ့ကြောင်း သိရသည်။
ဗုဒ္ဓဘာသာဝင်တို့၏ ဝါတွင်းကာလမှာ ဝါဆိုလပြည့်နေ့ ဖြစ်သော ဇူလိုင်လ ၁၇ ရက်နေ့မှ သီတင်းကျွတ် လပြည့်နေ့ဖြစ်သည့် အောက်တိုဘာလ ၁၄ ရက်နေ့ အထိ ဖြစ်သည်။
သံဃာတော်များအနေဖြင့် ဝါတွင်း ၃ လအတွင်း မိမိတို့ မူလ သီတင်းသုံးရာ ကျောင်းတိုက်များတွင်သာ ဝါဆိုကြရပြီး ညအိပ်ညနေ ကျောင်းတိုက် အပြင်သို့ပင် ထွက်ခွင့် မရှိပေ။
ဝါတွင်းကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရပ်ဝေးသို့ ရောက်နေပါက ရောက်ရှိရာအရပ်မှ ကျောင်းတိုက်ကလည်း ခွင့်ပြုမည်ဆိုပါက ထိုကျောင်းတိုက်တွင် ဝါဆိုခွင့် ရှိကြောင်း ဦးဇင်းက ပြောကြားသွားသည်။
ဂြိုဟ်တုစလောင်းဆိုင်များရှိ ပစ္စည်းများကို ရှာဖွေသိမ်းယူနေ (Mizzima)
နယူးဒေလီ။ ။ ရန်ကုန်မြို့ ဂြိုဟ်တု စလောင်းဆိုင်များသို့ အာဏာပိုင်များက ယခုရက်ပိုင်းတွင် ရှာဖွေကာ လိုင်စင် မရှိသူများကို မရောင်းချရန် ဆိုင်ရှင်များကို လက်မှတ်ထိုးခိုင်းပြီး အချို့ ဆိုင်များတွင် စလောင်းများကို သိမ်းယူသွားသည်။
လွန်ခဲ့သည့် ၃ ရက်ခန့်က လသာမြို့နယ် အနော်ရထာလမ်းရှိ တိုရှီဘာကျော်ဝင်း ဂြိုဟ်တုစလောင်း အရောင်းဆိုင်တွင် ဒေသ အာဏာပိုင်များက ဝင်ရောက်ရှာဖွေကာ ဆိုင်ရှင်ကို လိုင်စင်မရှိသူများကို ရောင်းချခြင်း မပြုလုပ်ပါကြောင်း ဝန်ခံချက် လက်မှတ် ရေးထိုးခိုင်းကာ စလောင်းများကိုမူ သိမ်းယူသွားခဲ့သည်။
“ဆိုင်တွေမှာ လိုက်ရှာနေတယ်။ ကျနော်တို့ ဆိုင်ကတော့ စလောင်း မရောင်းတော့ဘူး” ဟု ဗဟန်းမြို့နယ်ရှိ စိုးစံ အီလက်ထရောနစ် စင်တာ အရောင်းဆိုင်ရှင်က ပြောသည်။
ယခု ရက်ပိုင်းအတွင်း၌ ဂြိုဟ်တု စလောင်းဆိုင်များ ရှာဖွေခံရသလို၊ စလောင်း Receiver ရောင်းသူ Grand electronic ဆိုင်မှ ကိုချစ်ဝင်းကြိုင် နှင့် Green Leaf မှ ပိုင်ရှင်တို့ အကြောင်းပြချက် မရှိဘဲ ဖမ်းဆီးခံခဲ့ရကြောင်း ရန်ကုန်မြို့မှ စလောင်း ရောင်းဝယ်သူများနှင့် နီးစပ်သည့် သတင်း ရပ်ကွက်က မဇ္ဈိမကို ပြောသည်။
နှစ်စဉ်ကြေး တိုးမြှင့်ကောက်ခံခြင်းသည် ရွှေဝါရောင် လှုပ်ရှားမှုများအတွင်း စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့သည့် ဓာတ်ပုံ၊ ဗီဒီယို၊ သတင်း အချက်အလက်များနှင့် အခြား ကန့်သတ်လိုသည့် နိုင်ငံတကာ သတင်းများကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ဟန် တူကြောင်း ထိုအချိန်တွင် ရန်ကုန် ဒေသခံများက ခန့်မှန်း ပြောဆိုခဲ့ကြသည်။
ရန်ကုန်မြို့နယ် အတွင်းရှိ ဂြိုဟ်တု စလောင်းဆိုင် အများအပြားသည် နအဖ စစ်အစိုးရမှ စလောင်း အခွန်ဆောင်ကြေး တိုးမြှင့်သည့် အချိန်မှ စတင်ကာ ရောင်းချမှု ထိုင်းမှိုင်းလာခဲ့သဖြင့် ဆက်လက် ရောင်းချခြင်း မပြုတော့ပါ။
“အခွန်ဆောင်ခတွေ တက်တော့ အဝယ် မလိုက်တော့တာနဲ့ မရောင်းတော့ဘူး” ဟု ယခင်က ဂြိုဟ်တုစလောင်း အရောင်းအဝယ် လုပ်ခဲ့သည့် တောင်ဒဂုံမြို့နယ်မှ လှဟန်နှင့်သားများ ဂြိုဟ်တုစလောင်း အရောင်းဆိုင်ရှင်က မဇ္ဈိမကို ပြောသည်။
၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင် လှုပ်ရှားမှုနောက်ပိုင်း နိုင်ငံတကာ ရုပ်မြင်သံကြား သတင်းဌာနကို ရန်ကုန် မြို့ခံများကြားတွင် စောင့်ကြည့်သူ များပြားလာခဲ့သည်။
ယခုလည်း မေလဆန်းအတွင်း တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း သတင်းအချက်အလက် အမှန်များကို စစ်အစိုးရက ပြည်တွင်းပြင်ပသို့ မပေါက်ကြားစေရန် စလောင်းများ ရောင်းချမှုကို ယခုလို ပိတ်ပင်နေခြင်း ဖြစ်သည်ဟု လသာမြို့နယ်မှ အန်အယ်ဒီ ပါတီဝင်ဟောင်းက သုံးသပ် ပြောဆိုသည်။
သူက “စလောင်းတွေကို သိမ်းတာဟာ လူတွေကို သတင်း အမှောင်ချတာ” ဟု ပြောဆိုသည်။
အစိုးရ တရားဝင် ထုတ်ပြန်သည့် စာရင်းက လူဦးရေ သန်းပေါင်း ၅၅ သန်းကျော် ရှိသည့် မြန်မာနိုင်ငံတွင် ဂြိုဟ်တုစလောင်း အရေအတွက် ၆ သောင်းခန့် ရှိသည်ဟု ဆိုထားသည်။
လေဘေးကယ်ဆယ်ရေး ပစ္စည်းများ မယက ရုံးစောင့် အိမ်တွင် ရောက်နေ (Mizzima)
ချင်းမိုင်။ ။ ဌာနပိုင်ငွေ ပျောက်ဆုံးမှုကို စုံစမ်းရာမှ မြို့နယ် အေးချမ်းသာယာရေး ရုံးစောင့်၏ နေအိမ်တွင် လေဘေး ကယ်ဆယ်ရေး ပစ္စည်းများ တွေ့သည်ဆိုသော အမှုတခု ခရမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ အပြောအရ သိရသည်။
ရန်ကုန်တိုင်း ခရမ်းမြို့နယ် အတွင်းရေးမှူး၏ ရုံးခန်းမှ ငွေကျပ် (၁၇) သိန်း ပျောက်ဆုံးသွားသဖြင့် မေလ ၂၇ ရက်နေ့က ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့၍ ရဲက မယက ရုံးစောင့်ဖြစ်သူ ကိုအေးလှိုင်၏ နေအိမ်ကို ရှောင်တခင် ဝင်ရောက် ရှာဖွေရာမှ နိုင်ငံရပ်ခြားမှ နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် လှူတန်းထားသော ကယ်ဆယ်ရေး ပစ္စည်းများကို ဖမ်းမိခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောကြသည်။
ဖမ်းမိသော ပစ္စည်းများမှာ သေတ္တာ၊ ရေစိုခံဓာတ်မီး၊ ရေစိုးခံမီးခြစ်၊ ခြင်ထောင် စသော ရေဘေး ကယ်ဆယ်ရေး ပစ္စည်များ ဖြစ်သည်။
ကိုအေးလှိုင်သည် မယက ဥက္ကဌ ဦးလှသောင်း၏ လူယုံဟု မြို့တွင် လူသိများကြသည်။
ယခု ပျောက်ဆုံးသွားသော ငွေမှာ မိုဘိုင်းဖုန်း လျှောက်သူများထံမှ မယက ရန်ပုံငွေအဖြစ် လျှောက်လွှာ တစောင်လျှင် တသိန်းခွဲနှင့် (၄၉) လုံးစာ ကောက်ခံထားသော (၇၃) သိန်းခွဲထဲမှ တချို့တဝက် ဖြစ်သည်ဟု အတွင်းလူများက ပြောသည်။
“ပထမ (၅) သိန်းပျောက်၊ နောက်တခါ (၁ဝ) သိန်းတခါ ပျောက်တယ်။ အဲဒီတုန်း ကတော့ ဖုံးဖိပြီးတော့ ရှင်းလိုက်တာပေါ့။ (၁၇) သိန်းကျတော့ မဖုံးနိုင်မဖိနိုင် ဖြစ်တာက တကြောင်း၊ ပေါ်ပြီး ဆိုပါတော့ဗျာ။ အခု အဲလိုဖြစ်တော့ ညောင်မြစ်တူးတာ ပုတ်သင်ဥတွေ ပေါ်တာပေါ့ဗျာ” ဟု ပြောသည်။
Monday, June 9, 2008
ဒိန်းမတ်အနုပညာရှင်အဖွဲ့ နေပြည်တော်ကို ဒုတိယအကြိမ်ပညာပြ (Moemaka)
ဒိန်းမတ်အနုပညာအဖွဲ့ Surrend က အင်တာနက်ဝက်ဆိုက်တစ်ခု ပြုလုပ်ပြီး မြန်မာစစ်ခေါင်းဆောင်များကို သရော်လှောင်ပြောင်လိုက်သည်။
မြန်မာဒေါ့ကွန်နှင့် ဆင်တူယိုးမှား ၀က်ဆိုက်တစ်ခုဖြစ်ပြီး မြန်မာဒေါ့ကွန်တွင် ‘a’ တစ်လုံးထပ်ထည့်ကာ http://www.myanmaar.com/ ဟု အမည်ပေးထားခြင်းဖြစ်သည်။ စစ်အစိုးရအပေါ် ၎င်းတို့၏ သရော်ချက်များဖြင့်လည်း မွမ်းမံထားသည်။
အဆိုပါ အင်တာနက်စာမျက်နှာတွင် နာဇီခေါင်းဆောင် ဟစ်တလာ၏ရုပ်ပုံကိုလည်း ထည့်သွင်းထားသည်။ အချိတ်အဆက်ခေါင်းစဉ်များတွင်လည်း နှိပ်စက်ညှင်းပန်းခြင်း၊ အနုပညာနှင့်အကြမ်းဖက်မှု၊ လူမှုဘ၀-အဂတိလိုက်စားခြင်း၊ စိစစ်ကန့်သတ်မှု စသဖြင့် တွေ့ရသည်။
“ဒီလုပ်ရပ်ကြောင့် အာဏာရှင်အစိုးရက ဒေါသထွက်မယ်၊ ဒါမှမဟုတ် စိတ်အနှောင့်အယှက်ဖြစ်မယ်ဆိုရင်၊ ပြီးတော့ မြန်မာပြည်သားတွေက ရယ်မောကြမယ်ဆိုရင်တော့ ဒီဝက်ဆိုက်က တာဝန်ကျေပါပြီ” ဟု Surrend အဖွဲ့ ပူးတွဲတည်ထောင်သူ Pia Bertelsen က ပြောလိုက်သည်။
အနုပညာရှင် မာမာအေး ဘေးဧရိယာ အမျိုးသားရေး ရန်ပုံငွေပွဲများတွင် မေတ္တာဖြင့် ဖျော်ဖြေမည် (Moemaka)

၂၀၀၇ စက်တင်ဘာ သံဃာ့အရေးအခင်းတွင် သံဃာ့တော်များအတွက် အလေးပြုသော သီချင်း ၂ ပုဒ်၊ ယခု ၂၀၀၈ မေလ နာဂစ်မုန်တိုင်း အရေးအခင်းတွင်လည်း ဒုက္ခသည်များကို ၀ိုင်းဝန်းကူညီကြရန် တိုက်တွန်းသော သီချင်း ၁ ပုဒ် သီဆို ဖြန့်ချိပြီး ပရိသတ်အတွက်၊ သံဃာတော်တို့အတွက်နှင့် မြန်မာပြည်အတွက် မိမိအနုပညာဖြင့် စဉ်ဆက်တစိုက် လှူဒါန်းသူ ၀ါရင့် ဂီတအနုပညာရှင် မာမာအေးသည် လာမည့် ဇွန် ၁၄ နှင့် ၁၅ တွင် ကယ်လီဖိုးနီးယား၊ ဆန်ဖရန်စစ္စကို ဘေးဧရိယာသို့ လာရောက်မည် ဖြစ်သည်။
မြန်မာအမေရိကန် အမျိုးသမီးအသင်းက ကြီးမှူးသော ဒေါ်အောင်ဆန်းစုကြည် ၆၃ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အခမ်းအနားက ဇွန် ၁၄ တွင်၎င်း၊ မြန်မာမိသားစုများ ပူးပေါင်းစီစဉ်သော နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး ရန်ပုံငွေပွဲက ဇွန် ၁၅ တွင်၎င်း အသီးသီး ကျင်းပကြမည်ဖြစ်ရာ ထိုပွဲတော်များတွင် ဒေါ်မာမာအေးက ဂီတအနုပညာဖြင့် စေတနာဒါနပြုပေးမည် ဖြစ်သည်ဟု သိရသည်။
နှလုံးအားနည်းသဖြင့် ၂၀၀၇ တွင် ခွဲစိတ်ကုသထားရသော ဒေါ်မာမာအေးသည် တိုင်းပြည်အရေး မအေးသဖြင့်၊ သံဃာတော်များ အရေးပေါ်နေကတည်းက အမျိုးသားရေး ပွဲတော်များသို့ သွားရောက်ပြီး မိမိ အနုပညာဖြင့် အားစိုက်ဆောင်ရွက်နေခဲ့ရာ ယခု နာဂစ်မုန်တိုင်း အရေးအခင်းကြီးတွင်လည်း သံဃာတော်များ၏ လေဘေးကယ်ဆယ်ရေး ဆောင်ရွက်မှုများကို မိမိအသံကို လှူပြီး လိုက်လံ ကြိုးပမ်းမည်ဟု ကတိပေးလျက် လှုပ်ရှားလျက်ရှိသည်။
ဘီဘီစီ မြန်မာပိုင်း အစီအစဉ်တွင်လည်း အချိန်ပိုင်းဆောင်းပါးရှင်အဖြစ် အစီအစဉ်များကို တက်ဆက်နေသည့်အတွက် ပြည်တွင်းက မြန်မာပြည်သူတို့အနေဖြင့် ဒေါ်မာမာအေးနှင့် အဆက်ပြတ်သွားသည်ဟု မဆိုနိုင်ပေ။ ၄င်းနေထိုင်ရာ အင်ဒီရာနာ၊ ဖို့ဝိန်းတွင်လည်း မြန်မာမိသားစုများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်အားပေးအစီအစဉ်များတွင် စေတနာရှင်တဦးအဖြစ် အပတ်စဉ်သွားရောက် ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရသည်။ မိုးမခ၏ အကြံပေး နာယကတဦးအဖြစ်လည်း မောင်စွမ်းရည်၊ ဦးဝင်းဖေတို့နှင့်အတူ ရပ်တည်ပေးလျက် ရှိသည်။
ဆိုင်ကလုန်းကိုအသုံးပြု၍ ပြုပြင်ပြောင်းလဲရေးလုပ်ရန် အင်ဒိုနီးရှားပြင်ဆင် (Yoma3)
အင်ဒိုနီးရှားနိုင်ငံက ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဖြစ်ပေါ် နေသောအခြေအနေများကို အသုံးချ၍ စစ်အစိုးရအား ပြောင်းလဲစေရန် ပြင်ဆင်နေသည်ဟုပြောသည်။
အသွင်ကူးပြောင်းရေးကာလတခု သတ်မှတ်ကာ အတိုက်အခံခေါင်းဆောင်နှင့် စစ်အစိုးရတို့အကြား သဘောတူညီမှု ရှာဖွေပေးရန် ရည်ရွယ်၍ အင်ဒိုနီးရှား သမ္မတ ရုံးအဖွဲ့၏ အုပ်ချုပ်မှုအောက်မှ လုပ်ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ယင်းကိစ္စအတွက် အတွေးအခေါ်ပညာရှင်များနှင့် အစိုးရ အရာရှိဟောင်းများ စုပေါင်း၍ အသေးစိတ်စီမံချက်တခု ကို ရေးဆွဲထားပြီး နိုင်ငံခြားရေးဝန်ကြီးဟောင်း အလီအလာတတ်(စ်) ပါဝင်သော မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖွဲ့ကိုလည်း ဖွဲ့စည်း သွားမည်ဖြစ်သည်။
နေအိမ်အကျယ်ချုပ်ချခံထားရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရခေါင်းဆောင်အကြား နားလည်မှုရရှိရန်အတွက် တရုတ်၊ ဗီယက်နမ်၊ ထိုင်းနှင့် စင်္ကာပူ နိုင်ငံတို့ပါဝင်သော ကော်မရှင်တရပ်ကို ဖွဲ့စည်းရန် ညီလာခံတခုကျင်းပပြုလုပ်သွားမည်ဟု အင်ဒိုနီးရှားက ပြောသည်။
ယခုအစီအစဉ်တွင် စစ်အစိုးရဘက်မှ အာမခံချက် (၃) ချက်ပေးရန် လိုအပ်ပြီး အသွင်ကူး ပြောင်းရေးကာလ အချိန်၊ အကြမ်းဖက်အုပ်ချုပ်ရေးမှ ပြောင်းလဲထားသည့် အုပ်ချုပ်ရေးနှင့် နယ်မြေလုံခြုံရေး၊ နယ်မြေတည်ငြိမ်မှုမရှိသည့် လူနည်းစုတိုင်းရင်းသားများနှင့် နားလည်မှုရရှိ ရေးတို့ ပါဝင်သည်ဟု အဆိုပြုချက်တွင် ဖော်ပြထားသည်။
၂၀၀၄ ခုနှစ်အတွင်းကဖြစ်ပွားခဲ့သည့် ဆူနာမီကြောင့် လှိုင်းဒဏ်အပြင်းထန်ဆုံးခံခဲ့ရသည့် အင်ဒိုနီးရှားနိုင်ငံသည် ဆန့်ကျင်ဖက် အာချေး(Aceh)သူပုန်များနှင့် ငြိမ်းချမ်းရေးသဘောတူညီ ချက်ရယူကာ ပျက်ဆီးဆုံးရှုံးမှုများနှင့် ပြန်လည်တည်ထောင်ရေးလုပ်ငန်းများကို အတူတကွ လက်တွဲလုပ်ဆောင်နိုင်ခဲ့သည်။
အင်ဒိုနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝိရယုဒက “ကျနော်တကိုယ်တည်းအရပြောရရင် အင်ဒိုနီးရှား မှာ ဆူနာမီဖြစ်ပြီးနောက်ပိုင်း နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေကို အလုပ်လုပ်နိုင်ဖို့ တိုင်းပြည် ကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ပေးသလိုမျိုး အဆင့်ထိ လုပ်သင့်ပါတယ်”ဟု စစ်အစိုးရအား ရည်ရွယ်ပြောဆိုခဲ့သည်။
ယခုကိစ္စနှင့်ပတ်သက်၍ အာစီယံနိုင်ငံများအနေဖြင့် နိုင်ငံရေးရှုထောင့်အရ ၁၉၉၇ ခုနှစ်က ချမှတ်ခဲ့သည့် စစ်အစိုးရအပေါ် အပြုသဘောအရ ဆက်ဆံပြောင်းလဲရေးသာ ဆက်လက်ထားရှိ မည်ဆိုပါက နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုနှင့် ဖိအားပေးမှုများမှာ အချည်းအနှီးဖြစ်ပြီး စစ်အစိုးရအနေဖြင့် ဘာမှပြောင်းလဲမှာမဟုတ်ကြောင်း သူက ဆက်လက်ပြောဆိုသည်။
တရုတ်၊ အိန္ဒိယ နှစ်နိုင်ငံနှင့် မြန်မာအစိုးရသည် ဆက်ဆံရေးကောင်းမွန်နေသည့်အတွက် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင်ကျင်းပခဲ့သည့် အာရှ-ပစိပိတ်ဆိုင်ရာ(APEC) အစည်းအဝေး တွင် အမေရိကန်သမ္မတ ဘုရှ်က မြန်မာ့အရေးနှင့်ပတ်သက်၍ မေးခွန်းထုတ်ခဲ့ရာ အင်ဒိုနီးရှား နိုင်ငံသမ္မတ ယူဒိုယိုနိုက တရုတ်နှင့် အိန္ဒိယကိုသာမေးရန် ပြောဆိုခဲ့သည်ဟု ဝိရာယုဒက ပြောဆိုသည်။
အင်ဒိုနီးရှား၏ ယခုအစီအစဉ်တွင် အသွင်ကူးပြောင်းရေးကာလအတွက် (၁၅) နှစ်ခန့် ကြာမြင့် နိုင်သည်ဟု ခန့်မှန်းတွက်ချက်ထားသည်။
နိုင်ငံရေးနှင့် လူ့အခွင့်အရေးကိစ္စကို ပြောပါက စစ်အစိုးရအနေဖြင့် လုံခြုံရေးနှင့် အချုပ်အခြာ အာဏာကိုသာ အကြောင်းပြမည်ဟု ဝိရာယုဒကပြောဆိုသည်။
ဆက်လက်၍ သူက “မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကြည့်ကြဖို့ ကျနော့်အနေနဲ့ အားလုံးကို တိုက်တွန်းချင်တယ်၊ အမှန်တကယ်ပဲ ချက်ချင်းကြီး အကုန်ပြောင်း လဲလိမ့်မယ်လို့ ကျနော် မမျှော်လင့်ဘူး၊ အသွင်ကူးပြောင်းရေးကာလဆိုတာ ရှိကိုရှိရမယ်၊ စစ်တပ်နဲ့တွဲပြီးတော့လည်း လုပ်ကိုင်ရပါလိမ့်မယ်”ဟု ပြောဆိုခဲ့သည်။
သတင်းမှန်သိဖို့ ပြည်ပ အသံလွှင့်ဌာနတွေကိုသာ အားထားနေရ (VOA)
လေမုန်တိုင်းဘေးဒဏ် အကူအညီပေးရေး လုပ်ငန်းတွေကို မြန်မာစစ်အစိုးရဖက်က ထိထိရောက်ရောက် ဆောင်ရွက်နေတာတွေ မရှိဘူးလို့ ပြောဆိုနေတာတွေဟာ လုပ်ကြံဖန်တီး ပြောဆိုမှု သက်သက်အဖြစ် အစိုးရပိုင် သတင်းစာတွေက ဒီရက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ဖော်ပြနေပါတယ်။ အထူးသဖြင့် ပြည်ပသတင်းဌာနတွေက ဒီလို မမှန်သတင်းတွေကို ထုတ်လွှင့်နေတယ်ဆိုပြီးတော့လည်း စွပ်စွဲထားတာပါ။ ပြည်ပအသံလွှင့် သတင်းဌာနတွေ၊ နိုင်ငံတကာ မီဒီယာတွေက တကယ်ပဲ မဟုတ်မမှန်လုပ်ကြံ ဖန်တီး ထုပ်ပြန် ဖော်ပြနေတာပါလား။ ပြည်သူတွေ ကြားမှာရောဘယ်လိုများ အမြင်ရှိကြသလဲဆိုတာကို ဦးအောင်လွင်ဦးက စုံစမ်းထားပါတယ်။
လေဘေးဒုက္ခသည်တွေကို ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိကအလှူရှင်တွေက အကူအညီတွေ ပေးနေတယ်၊ အကူအညီပေးရေး လုပ်ငန်းတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတယ်၊ ဒါပေမဲ့ ဒီလုပ်ဆောင်ချက်တွေကို မျက်ကွယ်ပြုပြီး ဒုက္ခသည်တွေ အကူအညီတွေ မရဘူး၊ ကယ်ဆယ်ရေးတွေ မလုပ်ဘူးဆိုပြီး ပြည်ပသတင်းဌာနတွေက ထုတ်လွှင့်နေတယ်ဆိုပြီး ရေးသားပြောဆိုနေတာပါ။ ဒီတော့ ဒုက္ခသည်တွေရဲ့ လက်တွေ့မှာ တကယ်တမ်း ကြုံတွေ့နေရတဲ့ အခြေအနေတွေက ဘယ်လိုရှိနေတယ်ဆိုတာ သိရဖို့ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့ ဒေသတခုဖြစ်တဲ့ မြစ်ဝကျွန်းပေါ်ဒေသ ဘိုကလေးမြို့ခံ တယောက်ကို မေးကြည့်ပါတယ်။
“ကျွန်တော်တို့ ဘိုကလေးမှာ တောင်ပိုင်းနဲ့ မြောက်ပိုင်းပေါ့နော်။ု တောင်ပိုင်းမှာ မုန်တိုင်းက နဲနဲပဲ ထိတယ်ပေါ့။ မြောက်ပိုင်းကတော့ ကုန်သလောက်ဖြစ်သွားတယ်။ အဲဒီဒေသတွေမှာ အခုထိ ကယ်ဆယ်ရေး လုပ်ငန်းဆိုတာ ဘာမှ ထိထိရောက်ရောက်လုပ်ပေးတယ်ဆိုတာ မရှိသေးဘူး။ စားဝတ်နေရေးနဲ့ ပတ်သက်လို့လည်း ပြည့်စုံလုံလောက်မှုအပြည့်အစုံမရှိသေးဘူး။ ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ရှိရင်လည်း ကယ်ဆယ်လုပ်ငန်းတွေ လုပ်နေတယ်လို့ ဆိုပေမယ့်လည်း ပြည့်စုံလုံလောက်မှုမရှိသေးဘူး။ ထမင်းတော့ စားနေရတာပေါ့လေ။ မလုံလောက်ဆန်ပေါ့လေ။ လေးပြည်ပေးတယ်၊ ငါးပြည်ပေးတယ်။ လူတွေက ခေါက်ဆွဲထုတ်ပေးသွားတယ်။ ပုဂ္ဂလိက ကယ်ဆယ်ရေး အလှူရှင်ဆိုတာကလည်း အ၀တ်အစားတွေ ပေးသွားတယ်။ ဝေးလံတဲ့ ဒေသတွေ ကြတော့လည်း မရဘူးဗျာ။ အဲလို ဒေသတွေကျတော့လည်း အခက်အခဲတွေ အများကြီးရှိတယ်။ တချို့ဆိုလို့ရှိရင် ဆန်ပြုတ်တောင် သောက်နေရတယ်။”
အစိုးရဖက်ကတော့ ဒီလို ပြောဆိုချက်တွေဟာ ချဲ့ကားပြောဆိုတာလို့ ပြောနေသလို၊ ဒီလိုသွေးထိုးလှုံ့ဆော်မှုတွေဟာ အလုပ်မဖြစ်ဘူးလို့ ဆိုပါတယ်။ ဒေသခံတွေအဖို့ကတော့ ပြည်ပသတင်းမီဒီယာတွေအပေါ် တကယ်တမ်း ဒီလို သဘောထား ရှိနေပုံတော့ မရပါဘူး။
“ပြည်ပ သတင်းမီဒီယာတွေ ရေးတဲ့ဟာတွေအတိုင်း အမှန်အတိုင်း မြင်နေရတယ်ဗျ။ ကျွန်တော်တို့လည်း သတင်းစာ မဖတ်တော့ဘူးဗျာ။ ဘာဖြစ်လို့လည်း ဆိုတော့ မဟုတ်တာတွေဘဲ ရေးနေတာမို့။ ပြည်ပသတင်းဌာနတွေက ပြောတာတွေပဲ နားထောင်လိုက်။ ဓာတ်ခဲကုန်ရင် ကုန်ပါစေဆိုပြီး၊ ဓာတ်ခဲက ဈေးကြီးတယ်ဗျ။ ဓာတ်ခဲဈေးကြီးတာတွေကို အကုန်ခံပြီး နားထောင်နေရတယ်ဆိုကတည်းကိုက ဒါ ကျွန်တော်တို့က ပြည်ပသတင်းတွေကိုပဲ အားကိုးနေရတယ်ဆိုတာ ပေါ်လွင်ပြီးသားပါ။ ဒါက ကျွန်တော် တယောက်တည်း မဟုတ်ဘူး၊ မြို့မှာ အကုန်လုံး ဒီအတိုင်းပါပဲ။ ကျွန်တော် မေးချင်တာက ကယ်ဆယ်ရေး လုပ်ငန်းဆိုတာ ဘယ်ဟာကို ပြောတာလဲ။ အဲဒီနယ်မှာ ကယ်ဆယ်ရေး လုပ်ငန်းဆိုတဲ့ ဥစ္စာက သီတဂူဆရာကြီး ပြောသလို ရေထဲနစ်နေတဲ့လူကို ဂုတ်ဆွဲပြီး ကုန်းပေါ်တင်ပြီး ကယ်ဆယ်လိုက်တယ်ဆိုရင် ဟုတ်ချင်လဲ ဟုတ်မှာပေါ့။ ဒါပေမဲ့ လောလောဆယ်ကတော့ အဲဒီလုပ်ငန်းတွေက ဘာမှ ထိရောက်မှုလည်း မရှိသေးဘူး။ တကယ်လည်း ပေးနိုင်တာ ဘာမှမရှိသေးဘူး။ သတင်းဌာနက ထုတ်ပြန်တာတွေက သိပြီးတဲ့အတိုင်းပဲ။ မဟုတ်တာတွေပဲရေးနေတာပဲ။ တခုပြောမယ်။ ကျွန်တော်တို့ ဒီမှာ ၆ရပ်ကွက်မှာ အဘွားကြီး တယောက်ကို ခေါ်တယ်။ ခေါ်ပြီး အရှေ့မှာ ပုံပေးပြီး မြန်မာ့အသံ အင်တာဗျူးလုပ်တယ်။ ပြီးလည်း ပြီးရော အဲဒီပစ္စည်းတွေ ပြန်ယူသွားတယ်။ အဘွားကြီးက ငုတ်တုတ်ကလေး ကျန်ရစ်ခဲ့ရော။ အဲဒါမျိုးတွေပေါ့ဗျာ။ အဲဒါတွေကို ကယ်ဆယ်ရေး လုပ်ငန်းတွေလို့ ခေါ်မလားဗျာ။ ဘိုကလေးမှာတော့ အဲဒီအတိုင်းပဲ ဖြစ်နေတယ်။ ဘယ်လိုလုပ်မလဲ။”
လေမုန်တိုင်းဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ ဒေသတခုဖြစ်တဲ့ ဘိုကလေးမြို့က မြို့ခံတဦး ဖြစ်ပါတယ်။
ဒီနေ့ဆိုရင်လည်း အစိုးရပိုင် သတင်းစာတွေထဲမှာ နာဂစ်ထက်ဆိုးတဲ့ ရန်သူ ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစောင် ရေးသား ဖော်ပြပြီးတော့ ပြည်ပသတင်းမီဒီယာတွေဟာ တကယ့် အခြေအနေတွေကို ပုံကြီးချဲ့၊ တစ်စိတ်ကို တစ်အိပ်လုပ် ဖော်ပြနေတယ်ဆိုပြီး တိုက်ခိုက် ရေးသားထားတာပါ။ ဒါ့အပြင် မသမာသူတချို့က လုပ်ကြံထားတဲ့ သတင်းတွေ မေးမြန်းခန်းတွေကို ပြည်ပသတင်းမီဒီယာတွေဆီ ပေးပို့တာတွေရှိသလို ဒါတွေကိုလည်း ထပ်ဆင့်ထုတ်လွှင့်မှုတွေ ရှိတယ်ဆိုပြီး စွပ်စွဲထားတာလည်း ရှိပါတယ်။ ဒီလို စစ်အစိုးရသတင်းစာတွေရဲ့ စွပ်စွဲပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ပြည်ပရောက် မြန်မာသတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့် ကတော့ -
“နာဂစ်ထက် ဆိုးတဲ့ ရန်သူ မြန်မာနိုင်ငံမှာ ရှိတာက သတင်း အမှောင်ချမှုပဲ ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ နာဂစ်မုန်တိုင်းဟာ ကျွန်တော်တို့ သဘာဝဘေးအန္တရယ်ဖြစ်တဲ့အတွက်ကြောင့် ဘယ်သူ့ကိုမှ အပြစ်ပြောလို့ မရဘူး။ ဒါပေမယ့်လို့ သတင်း အမှောင်ချလို့ရှိရင် ဝေးလံခေါင်ဇျားတဲ့ဒေသတွေမှာ ဆိုရင် ဘာတွေ ဖြစ်နေလဲဆိုတာကို သိဖို့ အတွက်က သတင်းသမားတွေပဲ သွားပြီး သတင်းယူမှ သေချာသိနိုင်မှာဖြစ်ပါတယ်။ ဘယ်နေရာမှာ ဘာတွေလိုနေသလဲဆိုတာကို သတင်းသမားတွေက သတင်းပေးမှသာ ကူညီချင်တဲ့သူတွေက ကူညီနိုင်မှာဖြစ်ပါတယ်။ သတင်းသမားတွေ သတင်းပို့တဲ့နေရာမှာ ဟိုးတုန်းက သတင်းစာတွေ ခေတ်တုန်းကလို သတင်းသမားတွေက သတင်းတွေကို ပြုပြင် ပြောင်းလဲ ထားတာဆိုပြီး စွတ်စွဲချင် စွတ်စွဲလို့ရချင်ရပါလိမ့်မယ်။ အခုခေတ်မှာ မရတော့ပါဘူး။ ဘာကြောင့်လည်းဆိုပြီး အခုခေတ်မှာ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေနဲ့ အတူ သတင်းတွေကို ပို့ကြတာဖြစ်ပါတယ်။ သတင်းအမှောင်ချထားတဲ့ စစ်အစိုးရက တာဝန်ရှိတယ်။ စစ်အစိုးရက တာဝန် ကင်းမဲ့တယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်။ ကျွန်တော်တို့ သတင်းသမားတွေဘက်ကတော့ သတင်းမှန်ရင် သတင်းရှိတဲ့နေရာမှာ သတင်းသွားယူပြီးတော့ အမှန်အတိုင်းပဲ တင်ပြမှာဖြစ်ပါတယ်။ ”
အစိုးရပိုင် သတင်းစာတွေက ပြည်ပမီဒီယာတွေကို တိုက်ခိုက်ရေးသားနေတဲ့အပေါ် ပြည်ပရောက် မြန်မာသတင်း သမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့် က မှတ်ချက်ပေးပြောဆိုသွားတာပါ။ လေမုန်တိုင်းဘေးဒဏ်ခံရတဲ့ အထဲမှာ စာနယ်ဇင်းသမား အနည်းဆုံး (၈၀) ကျော်လောက်ဟာလည်း လေဘေးဒဏ်သင့်ခံခဲ့ရတယ်လို့ မြန်မာသတင်းသမဂ္ဂ က သတင်းထုတ်ပြန် ထားပါတယ်။
ဟိုင်းကြီးကျွန်းမှာ ကယ်ဆယ်ရေးပစ္စည်း ဖြန့်ဝေမှု မမျှတ (VOA)
ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းဘက်မှာ မုန်တိုင်းဒဏ်ခံထားရတဲ့ ပြည်သူတွေအတွက် ကူညီ ကယ်ဆယ်ရေး ပစ္စည်းတွေကို စစ်ဘက်နဲ့ အရပ်ဘက်ခွဲခြားပြီးတော့ ဝေမျှတာကို ခံနေရပါတယ်တဲ့။ ခက်ခက်ခဲခဲ လာရောက် လှူဒါန်းနေတဲ့ ပုဂ္ဂလိက အလှူရှင်တွေရှိပေမယ့် ဒုက္ခသည်တွေဟာ နောင်ရေး အတွက် ရိက္ခာစိတ်မချရလို့ ချွေတာ စားသောက်နေကြရပါတယ်။ လူသေ အလောင်းတွေလည်း မရှင်းရသေးတဲ့အတွက် အဲဒီဒေသဘက်သွားပြီးတော့ လှူဒါန်းတဲ့ ပုဂ္ဂလိက အလှူရှင်တွေမှာလည်း အခက်အခဲတွေ တွေ့နေရပါတယ်။ အဲဒီလို သွားပြီးတော့ လှူဒါန်းတဲ့ စေတနာရှင် အဖွဲ့တဖွဲ့ကို ဦးရော်နီငြိမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။
“ကျွန်တော်တို့ရွာရဲ့ ချောင်းထဲမှာ အလောင်းတွေကတော့ ပြန့်ကျဲနေတာပဲခင်ဗျ။ အစိုးရဘက်က ဘာမှ ထောက်ပံ့မှုလည်း မရှိဘူး။ ရှင်းလင်းမှုဆိုတာက ဝေးရော။ အစိုးရထောက်ပံ့မှုဆိုတာက ကျွန်တော်တို့ သွားတဲ့ တလမှာလေ ယံယံ ခေါက်ဆွဲလေး တထုတ်၊ ကြက်သွန် ၂တက်၊ အာလူး ငါးလုံး အဲဒါပဲ ရခဲ့ဖူးတယ်ပေါ့။”
အစိုးရ ၀န်ထမ်းပိုင်းတွေမှာရော ဘယ်လိုရှိသလဲခင်ဗျ။
“ဟိုင်းကြီး ရေတပ်က သတင်းကြားကတည်းက တောင်ပေါ်တက်နေကြတာကိုး။ စစ်သဘောင်္ာ ကတော့ ကမ်းပေါ်တင်နေတဲ့ကောင်တွေလည်း တွေ့နေရတယ်။ သူတို့ကတော့ အပြင် ထောက်ပံ့ မှုတွေ ကိုလည်း မှီပြီးတော့ ယူထားတဲ့ဟာတွေလည်း ရှိကြတာကိုး။ နိုင်ငံတကာက လှူထားတဲ့ ရေသန့်စက် နှစ်လုံးရတယ်။ အဲဒီရေသန့်စက်ကို ဟိုင်းကြီး ရေတပ်ကလာပြီးတော့ သိမ်းသွားတယ်။ သူတို့ အကြောင်းပြတာကတော့ အဲဒီမှာ သုံးမယ့် လျှပ်စစ်က မရှိတဲ့အတွက် မင်းတို့နဲ့မဆိုင်ဘူးဆိုပြီး ရေတပ်က လာယူသွားတာပဲဗျ။ ပြည်သူအတွက် ရေသန့်ဗူး တစ်ဗူးပေးရင် သူ့စစ်သား အတွက်ကတော့ ရေသန့်ဗူး ကဒ်လိုက်ကို ပေးတာခင်ဗျ။ အိမ်ထောင်စုအတွက် ၁၀ယောက်ကို တဗူးပေးနေတဲ့အချိန်မှာ စစ်သားတယောက်ကို ရေသန့် တကဒ်အဲလိုအထိပေးတယ်။ ဒါဟာ အရပ်သားနဲ့ စစ်သား ခွဲခြားထားမှုပေါ့။ ပြည်သူကဝေနေတာကတော့ အရပ်သားကို အဓိကထားပြီး ထောက်ပံ့တာပေါ့ဗျာ။ အခွင့်အလမ်းချင်းကတော့ ဘယ်တူမလဲ။ အရပ်သား ၀န်ထမ်းလည်း ပြည်သူလူထုနဲ့ တန်းတူညီတူပဲ တန်းစီပြီး ခွဲတန်းလာယူနေရတာပဲ။ ”
သွားလှူတဲ့အခါမှာရော အာဏာပိုင်တွေဘက်က အခြေအနေဘယ်လိုရှိလဲ။
“လှူခဲ့တဲ့ ရွာတွေရဲ့ အလှူစာရင်းတွေ ပစ္စည်းစာရင်းတွေကို သူတို့က တောင်းတယ်ခင်ဗျ။ လူဦးရေ အချိုးနဲ့ သူတို့က တွက်ထားတယ် ထင်ပါတယ်။ ဒီရွာတွေမှာ ဟိုင်းကြီး မြို့နယ်ခွဲ လက်အောက်မှာရှိတဲ့ ရွာတွေမှာ လူဦးရေ ဒီလောက်ရှိတယ်။ အဲဒါကြောင့် ဒီလောက်ပဲရသင့်တယ်။ ကျောက်ကလပ်ဆိုရင် ၂၁ရာခိုင်နှုန်း၊ ဟိုင်းကြီးကျွန်းဆိုရင် ၅၀ ရာခိုင်နှုန်းဆိုပြီး ခွဲတမ်းချထားတာပေါ့။ လှူခဲ့တဲ့ ပစ္စည်းစာရင်းပေါ်ကို သူတို့က မှတ်ထားတယ်။ ခွဲတမ်းကျလာရင် ကျွန်တော်တို့ လှူခဲ့တဲ့ ပစ္စည်းကို ပြန်နုတ်ယူမှာ။ ရွာသားတွေကလည်း ကျွန်တော်တို့ တိုက်ရိုက်လှူတာကိုပဲ လိုချင်တယ်။ ကျွန်တော် တို့ ထောက်ပံ့တဲ့ ရိက္ခာကိုပဲ ချွေတာပြီး စားနေကြရတာ။ တချို့ဆို ထမင်း တနပ်ပဲ စားနိုင်တယ်။ ကျွန်တော်တို့ ပေးတာ အားလုံး မစားရဘူး။ နောက်ထပ်မရောက်လာရင် ထမင်းငတ်မယ် ဆိုပြီး ဒါတွေကို စုဆောင်းထားရတာ။ ထောက်ပံ့လာမယ့် သတင်းကို ပဲ ထိုင်ပြီး မျှော်နေကြရတာ။ မရကတို့က ဆန်လှူမယ်ဆိုပြီး ဆန်စုနေတာကြာပြီ။ ဆန်တွေ ဒီအတိုင်းပုံထားတာ ကြာပြီ။ ကြွက်စာ၊ ငှကခ်စာပဲ ဖြစ်နေတာ။ ဟိုကို မရောက်နိုင်ဘူး။ ဆန်တွေက ရရကတို့ကလာတော့ ထည့်လိုက် ရတာပဲ၊ မရောက်ဘူးဆိုတာလည်း သိနေရတာပဲ။ ရရကက ကျွန်တော်တို့ အရင် စုထားပေမယ့် ကျွန်တော်တို့တောင် ၂ခေါက်ရှိနေပြီ၊ ကျွန်တော်တို့အရင် ရရကက စုထားတဲ့ ဆန်တွေက ဒီအတိုင်းပဲ ပုံလျက်ပေါ့။ နေရာမရွေ့သေးဘူး ရွာမှာ။ အစိုးရအဖွဲ့အစည်းက မပို့နိုင်ဘူးဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ ပုဂ္ဂလိက အဖွဲ့အစည်းတွေတောင် မရောက်ရောက်အောင် ပို့နိုင်သေးတာပဲ။”
မိုးရာသီရောက်လာသည်နှင့်အမျှ ဒုက္ခသည်များ အကူအညီ ပိုမိုလိုအပ် (VOA)
မြန်မာနိုင်ငံ မိုးရာသီ ၀င်လာတာမို့လို ကပ်ဘေး ဒုက္ခသည်တွေအတွက် အကူအညီတွေ ပိုလို လိုအပ်လာတဲ့အပြင်၊ နောက်ပိုင်း ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက်လည်း နှစ်နဲ့ချီ ဆောင်ရွက် ရဦးမယ်လို့ IFRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ချုပ်က ပြောလိုက်ပါတယ်။ အကြောင်းစုံ မေးမြန်းထားတာကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ချုပ်ဟာ အထူးသဖြင့် မြန်မာကြက်ခြေနီ အသင်းနဲ့ တွဲပြီးတော့ မြစ်ဝကျွန်းပေါ် နေရာအတော်များမျာမှာ ဒုက္ခသည်တွေအတွက် ရေရရှိရေးနဲ့ အခြား အခြေခံ အသုံးအဆောင်တွေ ကူညီထောက်ပံ့နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ အဓိက ကူညီရေး လုပ်ငန်းတွေမှာ မြန်မာကြက်ခြေနီ အဖွဲ့ဝင်တွေက ဆောင်ရွက်နေရတယ် ဆိုတော့ တခြား နိုင်ငံတကာ အဲန်ဂျီအို အဖွဲ့ တော်တော်များများနဲ့ နှို်င်းယှဉ်ရင် အကူအညီ အထောက်အပံ့တွေ အတော်များများ ပို့ပေးနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။
ဒါပေမယ့် ကပ်ဘေး ကျရောက်ခဲ့တဲ့ ပမာဏက ကြီးလွန်းတော့ အကူအညီတွေပေးဖို့ အတော် လိုအပ်နေသေးတဲ့ အပြင်၊ သူတို့လုပ်နိုင်တဲ့ အတိုင်းအတာ အပြည့်ကို ဆောင်ရွက်ခွင့် မရသေးဘူးလို့ IFRC ဂျနီဗာရုံး ပြောခွင့်ရသူ Jean Luc Martinage က ဗွီအိုအေကို အခုလို ပြောပါတယ်။
“တကယ်ကို ကြီးမားတဲ့ တာဝန်ကြီးပါ။ ကပ်ဘေးကြောင့် ဒုက္ခရောက်သူတွေက အတော်ကို များပါတယ်။ အကူအညီ ပစ္စည်းတွေ ထပ်ပြီး လိုအပ်နေတုန်းပဲ ဆိုတာ ကျနော်တို့ သတိပြုမိပါတယ်။ အထူးသဖြင့် မြစ်ဝကျွန်းပေါ် ဒေသတွေမှာပါ။ ကျနော်တို့ကတော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားလုပ်နေပါတယ်။ ကျနော်တို့မှာလည်း ဗီဇာရဖို့ အရေအတွက် အကန့်အသတ် ရှိနေတော့ လုပ်နိုင်သမျှ အားလုံး မလုပ်နိုင်သေးပါဘူး။ မေလ ၈ ရက်နေ့ ကတည်းကဆိုရင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ချုပ်အနေနဲ့ ရန်ကုန် လေဆိပ်ကို အကူအညီ လေယာဉ်ပေါင်း ၆၄ စင်း ပို့ပေးခဲ့ပါတယ်။ ဒါပေမယ့် ကပ်ဘေး အဖြစ်အပျက် ပမာဏက သိပ်ကြီးတော့ လုံလောက်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီပစ္စည်းတွေဟာ ကူညီရေး လုပ်နေသူတွေ အတွက်တော့ အထောက်အကူ ဖြစ်မယ်လို့ ကျနော် ထင်ပါတယ်။”
အခုဆိုရင် မြန်မာနိုင်ငံမှာ မိုးရာသီလည်း စ၀င်လာပြီဆိုတော့ အခြေအနေတွေဟာ စိုးရိမ်စရာ ပိုရှိလာတယ်လို့လည်း သူက ပြောပါတယ်။
“အခုမိုးရာသီ ရောက်လာပြီ ဆိုတော့ ဒါ အတော်လေး စိုးရိမ်စရာတွေ ရှိလာပါတယ်။ အခြေအနေတွေ မဆိုးလာအောင် အတတ်နိုင်ဆုံး ထိန်းထားနိုင်ဖို့ ကျနော်တို့ လုပ်နေပါတယ်။ ကျနော်တို့အနေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို လအတော်များများ လုပ်ရဦးမယ်ဆိုတာ ရှင်းနေပါတယ်။”
ဒါ့အပြင် ရေရှည်ဆိုရင် ပြန်လည် ထူထောင်ရေးကိစ္စတွေအတွက် နှစ်အတန်ကြာ အချိန်ယူပြီး လုပ်စရာတွေ ရှိတာကြောင့် သူတို့အနေနဲ့ ရံပုံငွေ ဒေါ်လာ ၁၅ သန်း ထည့်ဝင်ဖို့ နိုင်ငံတကာကို ပန်ကြားထားပါတယ်။
“ကျနော်တို့အနေနဲ့ လူအားငွေအား အရင်းအမြစ်တွေ ပိုပြီး လိုအပ်နေပါတယ်။ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ ကိစ္စက အခုအချိန် ပြောရတာ စောပေမယ့် စီစဉ်ဖို့ လိုအပ်နေပါပြီ။ အဲဒီအတွက် အချိန်အတန်ကြာ လိုအပ်ပါတယ်။ သူတို့ကို စိတ်ပိုင်းဆိုင်ရာအရ ကူညီအားပေးဖို့ လိုပါတယ်။ ရေရရှိရေးတွေ ပြီးတာနဲ့ နေအိမ်တွေ ပြန်တည်ဆောက်ဖို့ ကူညီရဦးမှာပါ။ ဒါတွေဟာ အချိန် အတော်ယူရမယ့် အစီအစဉ်တွေပါ။ ဒါကြောင့် ကျနော်တို့ လိုအပ်နေတဲ့ ရံပုံငွေဟာ နောက် ၃ နှစ်အတွက်ကိုပါ ရည်စူးထားပါတယ်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အသင်းရယ်၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ချုပ်ရယ်၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းတွေဟာ ဒီအတွက် လအတော်များများ အလုပ်လုပ်ကြရဦးမှာပါ။”
ဒါပေမယ့်လည်း IFRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ချုပ်အနေနဲ့ နိုင်ငံခြားက ကျွမ်းကျင်သူ ၀န်ထမ်း ၃၀ ကျော်ပဲ နိုင်ငံတွင်း ၀င်ရောက်ခွင့် ဗီဇာရရှိခဲ့ပါတယ်။ ဒီအတွက် သူတို့လုပ်ငန်း အများစုကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို မှီနေရတာပါ။ ဒါပေမယ့်လို့ မြန်မာနိုင်ငံက ကြက်ခြေနီ အသင်းဝင်တွေ အနေနဲ့ သူတို့ကိုယ်တိုင် ဒီမုန်တိုင်းဒဏ်ကို ခံခဲ့ကြရပေမယ့် အခု ကယ်ဆယ်ကူညီရေး လုပ်ငန်းတွေမှာ တတ်တတ်ကြွကြွ ပါဝင် ဆောင်ရွက်ပေးနေတယ်လို့ သူက ချီးကျူးခဲ့ပါတယ်။
“ကျနော်တို့မှာ လက်ရှိအားဖြင့် ကျွမ်းကျင်သူ ကူညီကယ်ဆယ်ရေး ၀န်ထမ်း ၃၃ ဦး မြန်မာနိုင်ငံထဲမှာ ရှိနေပါတယ်။ နှိုင်းယှဉ်ချက်အရ ဆိုရင်တော့ လူနည်းနည်းလေးပါ။ ဒါပေမယ့် မြန်မာကြက်ခြေနီ အသင်းက အဖွဲ့ဝင် ၃,၀၀၀ နီးပါး မှတ်ပုံတင်ထားပြီး ကူညီ ဆောင်ရွက်နေပါတယ်။ သူတို့ဟာ နေရာအနှံ့အပြားမှာ အခြား ကြက်ခြေနီအဖွဲ့ဝင် အနည်းဆုံး ၁၀,၀၀၀ လောက်နဲ့ တွဲပြီး လုပ်နေတာပါ။ ဒီကြက်ခြေနီ လုပ်အားပေးတွေ ကိုယ်တိုင်ကလည်း သူတို့ရဲ့ ဆွေမျိုးမိဘတွေ သေဆုံးတာ၊ အိုးအိမ်ပျောက်ဆုံးတာတွေ ရှိပါတယ်။ ဒါပေမယ့်လို့ ဒီလို ကြေကွဲစရာ အခြေအနေတွေမှာ သူတို့မှာ ကြုံနေရပေမယ့်လည်း အခြား အမြောက်အများသော ဒုက္ခရောက်နေသူတွေအတွက် ကယ်ဆယ် ဆောင်ရွက်ရေး လုပ်ငန်းတွေ လုပ်ပေးနေကြတာ အံသြစရာပါပဲ။”
IFRC အနေနဲ့ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့လည်း တွဲဖက် ဆောင်ရွက်နေသလို၊ အချို့ အကူအညီ ပစ္စည်းတွေကို ကုလသမဂ္ဂက ထောက်ပံ့တဲ့ ပစ္စည်းတွေနဲ့ လေယာဉ်တစ်စင်းတည်း သယ်ဆောင်တာတွေ၊ အပြန်အလှန် ပူးတွဲသတင်း ဖလှယ်ဆောင်ရွက်တာမျိုးတွေ ရှိတယ်လို့ ပြောပါတယ်။ မြန်မာကြက်ခြေနီအသင်းနဲ့ တွဲဖက်လုပ်တဲ့ နေရာမှာတော့ အစိုးရဖက်ကတော့ မြန်မာကြက်ခြေနီ အသင်းဝင်တွေရဲ့ ကူညီရေး လုပ်ငန်းတွေကို အတော်လေး ခွင့်ပြုထားတာမိုလို့ မြန်မာကြက်ခြေနီဝင်တွေကို အားပြုပြီး သူတို့ လုပ်ငန်းတွေဟာ အခြား အဖွဲ့တွေထက်တော့ ထိရောက်နေတယ်လို့ ပြောရမှာပါ။ ဒါပေမယ့်လည်း IFRC က နိုင်ငံခြား ၀န်ထမ်းတွေကတော့ ကူညီရေး လုပ်ဆောင်တဲ့ နေရာမှာ အကန့်အသတ်အချို့ ရှိတယ်လို့ ဆိုပါတယ်။ အသေးစိတ်တော့ မပြောသွားပါဘူး။
ကုလသမဂ္ဂရဲ့ ကူညီရေး ရဟတ်ယာဉ် ၅ စင်းကတော့ မနေ့က မြန်မာနိုင်ငံကို ၀င်ရောက်ခွင့် ရသွားပါပြီ။ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာ အကူအညီတွေကို ပိတ်မထားပါဘူး နိုင်ငံခြားက ကျွမ်းကျင်သူတွေကိုလည်း လူမျိုးမရွေး ၀င်ရောက်ခွင့် ပေးပါ့မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် လာစဉ် ကတိတွေ ပေးခဲ့ပေမယ့် - တကယ့် အခြေအနေမှာတော့ မြန်မာ အစိုးရဖက်က လိုက်လျောဖို့ နှောင့်နှေးမှုတွေ တွေ့နေရဆဲလို့ ပြောရမှာပါ။
Friday, June 6, 2008
နိုင်ငံတကာ ကုမ္ပဏီများအား ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်သုံးသပ်ရန် သဘာဝ အဖွဲ့များ ပန်ကြား (NMG)
မြန်မာနိုင်ငံအတွင်း သစ်တောပြုန်းတီးမှုနှင့် ကာဘွန်ဓါတ်များ လေထုအတွင်းများပြားလာမှုကို ကာကွယ်ရန် အတွက် နိုင်ငံတကာမှ ရေကာတာတည်ဆောက်ရေးနှင့် သဘာဝ ဓါတ်ငွေ့ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်သုံးသပ်ကြရန် မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာအဖွဲ့မှ ယနေ့ ကမ္ဘာသဘာဝ ပတ်ဝန်းကျင်များနေ့ တွင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံသည် ရေကာတာများမတည်ဆောက်မီ ၁၉၉၀ မှ ၂၀၀၅ ခုနှစ်တွင်း သစ်တောပြုန်းတီးမှု ၁၈ ရာခိုင် နူန်းရှိပြီး ကမ္ဘာတွင် သစ်တောပြုန်းတီးမှု အများဆုံး နိုင်ငံများတွင် ပါဝင်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
သဘာဝဓါတ်ငွေ့နှင့် သယံဇာတ အရင်းမြစ်များ အလွန်ကျွံသုံးစွဲခြင်းကြောင့် သမိုင်းဝင်အမွေနှစ်များဆုံးရူံးပြီး သ ဘာဝပတ်ဝန်းကျင် ထိခိုက်လာနိုင်သည်ဟု ကိုအောင်ငဲက ပြောသည်။
“ရေကာတာ တည်ဆောက်မှုကြောင့် ရေလွှမ်းမိုးမှုခံရမယ်။ ရေကာတာ ဆောက်မယ့်ဒေသမှာ သစ် တော တော်တော်ကို အရှိန်ဟုန်မြင့်မြင့်မားမား ခုတ်ထွင်းထားတာရှိတယ်။ကျနော်တို့လူထုက အစိုးရ ချပေးတဲ့ တရားဝင်သစ်ကွင်းတွေမှာ သူတို့အိမ်သုံးဖို့တောင် သူတို့ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိဘူး။ သူတို့မှီခိုရတဲ့ သစ်တောပြုန်းတီးမှုကြောင့် သူတို့ရဲ့လုပ်ကိုင်စားသောက်မှုလည်း အများကြီး အခက် ခဲကြုံတာ ပြန်တွေ့ရတယ်။ သစ်တောခုတ်ထွင်းလို့ ဒေသခံလူထုတွေလည်း သဘာဝလေထု ညစ်ညမ်း ဒဏ်ကို ခံရတယ်။”
ရေကာတာတည်ဆောက်ခြင်းကြောင့် ကျန်ရှိသစ်ပင်ငယ်များ ရေအောင်တွင်း ဆွေးပုတ်သွားသည့်သစ်ပင်စိမ်းမှ မီသိမ်းဓါတ်များ ထွက်ပေါ်လာနိုင်သည်။ သစ်တောများခုတ်ထွင် မီးရှို့ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ကာဗွန်ဒိုင် အောက်ဆိုဒ်နှင့် မီသိမ်းဓါတ်များ ပေါင်းစည်းခြင်းဖြင့် ကမ္ဘာ့ပူနွေးမှုကို အရှိန်မြင့်မားစေသည်။ ကမ္ဘာအပူရှိန် မြင့်မားမှု ရာသီဥတုပြောင်းလဲမှုသည် မြန်မာပြည် သစ်တောပြုန်းတီးမှုကြောင့် တစ်စိတ်တစ်ဒေသ အဖြစ် ထို ပြသာနာများကို တိုးပွားစေသည်ဟုလည်း ၄င်းမှ ပြောသည်။
သဘာဝ ပတ်ဝန်းကျင်အဖွဲ့များက မကြာမီက တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းသည်ပင်လျင် သဘာဝ ပတ်ဝန်း ကျင် ပျက်စီးမှု၏ အကျိုးဆက်ဖြစ်နိုင်သည်ဟု ထောက်ပြထားသည်။
မန်းသဘင်သည်များ အလှူပွဲ စနိုင်ပြီ (NMG)
ရက်ရွှေ့ဆိုင်းရန်ညွှန်ကြားခံခဲ့ရသည့် မန္တလေးလူရွှင်တော်များ၏ နာဂစ်(စ်)လေဘေးဒုက္ခသည်များအတွက် အလှူ ငွေ ကောက်ခံမှုကို ယမန်နေ့ မေလ(၄)ရက်နေ့တွင် စတင်နိုင်ပြီဖြစ်သည်။
မန္တလေးမြို့ရှိ လူရွှင်တော်များ၊ ဆိုင်းဆရာ၊ ဘိသိက်ဆရာနှင့် အငြိမ့်မင်းသမီးများက မြို့တွင်းတွင် ကားများနှင့် လှည့်လည်ဖျော်ဖြေ အလှူခံကြသည် ဟု လူရွှင်တော် ဦးလူမော်က ပြောသည်။
“သီချင်းတွေ၊ ဟာသတွေရောဗျာ။ အစုံပဲခင်ဗျာ၊ အစုံပဲ။ လူတွေကလည်းစိတ်ဝင်စားတယ်ခင်မျာ့။ ကားရှေ့မှာလည်း လူရွှင်တော်တွေက တောင်ရှည်ပုဆိုးတွေနဲ့၊ လူရွှင်တော်ခေါင်းပေါင်းနဲ့၊ နောက် မင်းသမီးတွေကလည်း ဖလားကိုင်၊ အဲလို တတန်းကြီးသွားတာခင်မျာ့။”
အလှူငွေကောက်ခံမှုကို ယခုလ (၄)ရက်နေ့မှ (၈) ရက်နေ့ထိ ငါးရက်တိုင်တိုင်ကောက်ခံသွားမည်ဖြစ်ပြီး ယမန် နေ့ က ပထမဦးဆုံးရက်အဖြစ် ကောက်ခံ ရရှိငွေမှာ သိန်းနှစ်ဆယ်ကျော် သည်ဟု လူရွှင်တော် ဦးလူမော်က ပြော သည်။
မန္တလေးမြို့ခံတဦးကလည်း “ကယ်တင်ခြင်းသည် မွန်မြတ်၏။ ကူညီခြင်းသည် နွေးထွေး၏။ စာနာခြင်း သည် အရာရာကို လှပစေ၏။” ဆိုသည့် စာတမ်းပါသည့် လက်ကမ်းကြေငြာများကို ဝေငှပေးသည်ဟု ပြော သည်။
ကောက်ခံရရှိသည့် အလှူငွေများကိုလည်း ဒုက္ခသည်များလက်ထဲသို့ သဘင်ပညာရှင်များ ကိုယ်တိုင်သွားရောက် ပေးအပ်မည်ဖြစ်သည်။
“ကိုယ်တိုင် ကိုယ်ကျ သွားပေးမှာ၊ ကိုယ်တိုင် ကိုယ်ကျ၊ အကြမ်းအားဖြင့် ပါပါလေး ပါမယ်။ လူရွှင် တော် ဂျာအေးပါမယ်။ ချစ်စရာပါမယ်။ နောက် သဘင်အစည်းအရုံးဝင် ဥက္ကဌလား၊ အတွင်းရေးမှူး လား လူရွှင်တော် ဦးကျော်ကြားပါမယ်။ နောက် အဓိက အရေးအကြီးဆုံးက တီးလုံးတိုက်၊ အပင်ပန်း ခံ၊ လူအရှုပ်ခံတဲ့ ကျွန်တော်တို့ ဆိုင်းဆရာ ဂီတကြယ်လေး စိန်ဓူဝံပါမယ်ပေါ့ဗျာ။”
အနုပညာသမားဆိုသည်မှာ ပရိသတ်ကချစ်မှ၊ ပရိသတ်ကအားပေးမှ ထမင်းတလုတ် စားရခြင်းဖြစ်ကြောင်း၊ ယခု အချိန်တွင် ပြည်သူကိုပြန်၍ ကျေးဇူးဆပ်ရမည့် အချိန် ရောက်ပြီဖြစ်သောကြောင့် မိမိတို့က အပင်ပန်းခံနေ ခြင်းဖြစ်သည် ဟု အလှူငွေ ကောက်ခံရခြင်း ရည်ရွယ်ချက်ကို လူရွှင်တော်ဦးလူမော်က ရှင်းပြသည်။
ယခင်က မေလ(၂၉)ရက်နေ့တွင် အလှူုငွေ ကောက်ခံမည်ဖြစ်သော်လည်း သဘင်အစည်းအရုံးမှ မေလ(၄) ရက်နေ့သို့ ပြောင်းရွှေ့စေခဲ့သောကြောင့် ယမန်နေ့မှစတင်ပြီး အလှူငွေကောက်ခံခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် မေလ(၂)ရက်နေ့တွင် စတင်တိုက်ခတ်ခဲ့သည့် နာဂစ်(စ်) မုန်တိုင်းဒဏ်ခံရသည်မှာ တစ်လ ကျော်ပြီဖြစ်သော်လည်း လေဘေးဒုက္ခသည်များအတွက် အလှူရှင်များ ဆက်လက် လိုအပ်နေဆဲဖြစ်သည်။
ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးစိုးရိမ်ရ (Yoma3)
နာဂစ်မုန်တိုင်းအလွန် အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးအခြေအနေ များ ဆိုးရွားနေလျှက်ရှိပြီး ထိရောက်သည့် ဆေးဝါးကုသပေးခြင်း မရှိကြောင်းသိရသည်။
အင်းစိန်ထောင်တွင်း အကျဉ်းသားများအခြေအနေများနှင့် ပတ်သက်၍ နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ယနေ့ နေ့စွဲဖြင့် သတင်းထုတ်ပြန်ကြေညာ လိုက်ခြင်းဖြစ်သည်။
ထောင်အာဏာပိုင်များက နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) မှပေးသည့် ဆန်များကို (၃) ရက်သာကျွေးခဲ့ပြီးနောက် မုန်တိုင်းတိုက်ခတ်စဉ်က မိုးရေစိုထားသည့် ဆန်ဟောင်းများကို ကျွေး နေသည့်အတွက် အကျဉ်းသားများမှာ ကျန်းမာရေးအခြေအနေများ ဆိုးရွားလာပြီး ရောဂါများ ဖြစ်ပွားနေခြင်းဖြစ်သည်။
စစ်အစိုးရအာဏာပိုင်များဘက်မှ ထိရောက်သည့် ဆေးဝါးများကုသပေးခြင်းမရှိသည့်အတွက် ၀မ်းလျောခြင်း၊ ၀မ်းကိုက်ခြင်း၊ မူးဝေအော့အန်ခြင်း၊ ခန္ဓာကိုယ်တွင် အဖုအပိန့်များထွက်ခြင်း၊ အစာအိမ်ရောင်ခြင်း၊ တိုက်ဖိုက်(အူရောင်ငန်းဖျား)ရောဂါများ ဖြစ်ပွားနေလျှက်ရှိပြီး အထူးသဖြင့် အမျိုးသမီးများ၏ အခြေအနေမှာ ပိုမိုဆိုးရွားနေသည်။
အဆိုပါ အခြေအနေများနှင့်ပတ်သက်၍ (AAPP) အတွင်းရေးမှူး ကိုတိတ်နိုင်က “ဒီလိုမကောင်း တဲ့ ဆန်တွေကိုသာ ဆက်ကျွေးနေမယ်ဆိုရင် ဒီအကျဉ်းသားတွေရဲ့ ကျန်းမာရေးဟာ အသက် အန္တရာယ်ကို စိုးရိမ်ရတယ်၊ သက်ဆိုင်ရာက အချိန်မီဆောင်ရွက်ခြင်း မရှိဘူးဆိုရင် ကူးစက် ရောဂါတွေ ပြန့်ပွားသွားမှာဖြစ်တယ်” ဟု ပြောသည်။
ထို့အပြင် စက်တင်ဘာလူထုလှုပ်ရှားမှုနှင့် ပတ်သက်၍ ဒီဇင်ဘာ (၁၄) ရက်နေ့အတွင်းက ဖမ်းဆီးခံခဲ့ရသည့် ကိုမျိုးရန်နောင်သိန်းသည် စစ်ကြောရေးတွင် နှိပ်စက်မှုများကြောင့် ဒဏ်ရာ များအပြင်းအထန် ရရှိထားပြီး ထောင်တွင်း၌လည်း အာဏာပိုင်များနှင့် မသင့်မမြတ်ဖြစ်ရာမှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေသည့်ဟုဆိုကာ အရူးတိုက်သို့ ပို့ထားသဖြင့် ယခု ထောင်ဝင်စာတွေ့ သည့်အချိန်တွင် အဖော်နှင့်တွဲကာ ထွက်တွေ့နေရသည်။
ထို့အပြင် အမေရိကန်သံရုံးရှေ့တွင် တကိုယ်တော်ဆန္ဒပြခဲ့သည့် ဦးအုန်းသန်းကို အင်းစိန်ထောင်၊ မန္တလေးထောင်၊ ကလေးထောင်တို့မှတဆင့် ငှက်ဖျားပေါသည့် ခန္တီးထောင်သို့ တသက်တကျွန်းပြစ်ဒဏ်ချမှတ်၍ ပို့ထားသဖြင့် ယခုအခါ ငှက်ဖျားပိုး ဦးနှောက်တွင်းသို့ ရောက်နေသည်ဟု ဆိုသည်။
“အကျဉ်းသားတွေကို မိသားစုနဲ့ အနီးဆုံးထောင်မှာ ထားရမယ်ဆိုတဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေအတိုင်း ကျင့်သုံးဖို့လိုတယ်၊ ဒါမှသာ မိသားစုတွေနဲ့အလွယ်တကူ ဆက်သွယ်နိုင်ပြီး လို အပ်တဲ့ အကူညီတွေလုပ်ပေးနိုင်မှာ” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အတွင်းရေးမှူးကိုတိတ်နိုင်က ဆက်လက်ပြောဆိုခဲ့သည်။
ဦးအုန်းသန်းယခုကဲ့သို့ ကျန်းမာရေးထိခိုက်ချိန်တွင် အာဏာပိုင်များက ထောင်ဝင်စာတွေ့ရန် မလိုပဲ လိုအပ်သည့် ငွေလွဲလိုက်ရန် မိသားစုထံမှာကြားသည့် ဦးအုန်းသန်းကိုယ်တိုင် ရေးသား ထားသည့်ပုံစံတူ ကြေးနန်းအတုတစောင် အားပေးပို့ခဲ့သည်ဟု မိသားစုဝင်များကပြောဆိုသည်။
အဆိုပါကြေးနန်းစာရသည့်အချိန်တွင် မိသားစုအနေဖြင့် ဦးအုန်းသန်းအားချုပ်နှောင်ထားသည့် ခန္တီးထောင်သို့ လိုက်သွားခဲ့ပြီး အသေးစိတ်အခြေအနေများကို ထပ်မံမသိရှိရသေးကြောင်း ကိုတိတ်နိုင်က ဆက်လက်ပြောဆိုသွားခဲ့သည်။
အရှေ့တောင်အာရှမှ ကူညီရေးအဖွဲ့များ မုန်တိုင်းထိဒေသသို့ သွားခွင့်ရပြီ (Moeaka)
အရှေ့တောင်အာရှမှ ကူညီကယ်ဆယ်ရေးကျွမ်းကျင်သူများသည် မုန်တိုင်းကြောင့်ပျက်စီးထိခိုက်မှုများကို သွားရောက်လေ့လာရန် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ ယနေ့သွားရောက်ခဲ့သည်။ သို့သော်လည်း ကူညီရေးပစ္စည်းတင် အမေရိကန်သင်္ဘောများမှာ စစ်အစိုးရက လက်မခံသဖြင့် မြန်မာ့ရေပြင်အနီးမှ ပြန်လည်ဆုတ်ခွာသွားသည်။
လူတစ်သိန်းကျော် သေကြေ၊ ပျောက်ဆုံးခဲ့သည့် မုန်တိုင်းအပြီး ငါးပတ်ကျော်အကြာတွင် အာဆီယံ အရှေ့တောင်အာရှအသင်း နှင့် ကုလသမဂ္ဂအဖွဲ့တို့၏ အရေးပေါ်လေ့လာရေး ပူးပေါင်းအဖွဲ့သည် လပွတ္တာ၊ ဖျာပုံမြို့များသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ကြခြင်းဖြစ်သည်။
အဖွဲ့တွင် ကျွမ်းကျင်သူပေါင်း ၂၀၀ ၀န်းကျင် ပါဝင်ကြောင်း၊ ရွာလုံးကျွတ် ပျောက်ကွယ်သွားသော မြစ်ဝကျွန်းပေါ် အတွင်းပိုင်းဒေသများသို့ နောက်ပိုင်းတွင် သွားရောက်မည်ဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။
လူတစ်သန်းဝန်းကျင် အငတ်ဘေးတွေ့နေပြီး၊ အိုးအိမ်မဲ့များ နိုင်ငံတကာအကူအညီ မရသေးဟု ကုလအဖွဲ့က ဆိုသော်လည်း ယခု ပူးပေါင်းအဖွဲ့၏တွေ့ရှိချက်များကို ရှေ့လလယ်အထိ အစီရင်ခံမည်မဟုတ်ပေ။ မြန်မာစစ်အာဏာပိုင်တို့က ကူညီရေးလုပ်ငန်းများကို အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ခဲ့ပါသလားဟူသော မေးခွန်းကို ပူးပေါင်းအဖွဲ့အရာရှိတစ်ဦးက “ဒီလုပ်ငန်းစဉ်ကို မထိခိုက်အောင် ဘယ်လို ဖြေရမှာပါလိမ့်” ဟု ပြန်လည်တုန့်ပြန်သည်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ ရဟတ်ယာဉ် ဆယ်စီးကို ပစ္စည်းဖြန့်ဝေခွင့် ပြုထားသည်ဟု ဆိုသော်လည်း ယခုအချိန်အထိ ပျံသန်းနေသည်မှာ တစ်စီးသာ ရှိသည်။ အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန် စစ်သင်္ဘောများဖြင့် ကူညီခြင်းကို စစ်အုပ်စုက ငြင်းပယ်ခဲ့သည်။
နိုင်ငံတကာ ကူညီရေး ၀န်ထမ်းများ မြစ်ဝကျွန်းပေါ်ဒေသသို့ချည်းကပ်ရေးအတွက် လွန်ခဲ့သည့် နှစ်ပတ်က စစ်အုပ်စုခေါင်းဆောင် (ဗိုလ်ချုပ်မှူးကြီး)သန်းရွှေ၏ ခွင့်ပြုချက်ထွက်ပေါ်လာသော်လည်း လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ခွင့် ခက်ခဲဆဲဖြစ်ကြောင်း နိုင်ငံတကာအဖွဲ့များက ဆိုသည်။
အာဆီယံအဖွဲ့၏ ကူညီရေးလုပ်ငန်းများကိုမူ စစ်အစိုးရက သဘောတူခွင့်ပြုခဲ့ကြောင်း အာဆီယံအတွင်းရေးမှူးချုပ်က ဆိုသည်။ မြန်မာအစိုးရ၊ ကုလသမဂ္ဂ၊ အာဆီယံ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းစဉ်များအတွက် ယုံကြည်မှုတည်ဆောက်နိုင်ရန် နောက်နှစ်ပတ်အတွင်း လှုပ်ရှားမှုများမှာ အရေးပါလှကြောင်း အတွင်းရေးမှူးချုပ်က ပြောသည်။
မြစ်ဝကျွန်းပေါ်ဒေသမှ လူ ၄၀၀၀ နေထိုင်ခဲ့သော ကမ်းပါး(Kan Phar)ကျေးရွာတွင် လူ ၈၀၀ သာ အသက်ရှင် ကျန်ရစ်ကြောင်း နိုင်ငံတကာကူညီမှုအဖွဲ့CARE၏ မြန်မာပြည်ဆိုင်ရာ တာဝန်ခံ Jon Mitchell က ရှင်းပြသည်။
“သူတို့တွေ ဘာတွေများ စားသောက်ပြီး အသက်ရှင်နေသလဲလို့ မေးကြည့်မိတယ်။ သူတို့ရဲ့ လယ်မြေတွေ စိုက်ခင်းတွေ အားလုံး ပျက်ကုန်ပြီလေ။ သူတို့ ပြောတာက အုန်းသီးတွေ ရှာစားတယ် တဲ့။ ပြီးတော့ ရေစိုလို့ ပျက်စီးကုန်တဲ့ ဆန်တွေကို ချက်စားတယ် တဲ့။”
ပြင်သစ်စစ်သင်္ဘောကဆန်များ မြန်မာပြည်ကိုလွှဲပြောင်း (VOA)
မုန်တိုင်းဒုက္ခသည်တွေအတွက် ကုလသမဂ္ဂဘက်က ကူညီဆောင်ရွက်မှုတွေထဲက နောက်ဆုံးတိုးတက်မှုတချို့နဲ့ ပတ်သက်ပြီး မနေ့က ကုလသမဂ္ဂမှာကျင်းပတဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မီရှဲ မွန်းတပ်စ် (Michelle Montas) က မုန်တိုင်းဒေသ သုံးမြို့နယ်မှာ ရိက္ခာထောက်ပံ့ရေးတွေ သိသိသာသာ ရှိလာနေပါပြီ၊ မြန်မာစစ်အစိုးရက အ၀င်မခံလို့ ပြန်လှည့်ထွက်ခဲ့ရတဲ့ ပြင်သစ်ရေတပ်သင်္ဘောက ဆန်တွေလည်း မြန်မာပြည်ကိုပို့ဖို့ ပြင်ဆင်ထားပြီလို့ ပြောပါတယ်။ အပြည့်အစုံကို ဦးကျော်အောင်လွင်က တင်ပြပေးထားပါတယ်။
“WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ ပြောဆိုချက်အရ အခုရက်ပိုင်းတွေအတွင်းအထူးသဖြင့် လပွတ္တာ၊ ဘိုကလေးနဲ့ ဖျာပုံမြို့နယ်တွေမှာ စားရေရိက္ခာတွေဖြန့်ဝေဖို့ တိုးမြှင့်စီစဉ်ထားနိုင်ခဲ့ပါတယ်။ အဲဒီမှာ ကူညီရေး NGO အဖွဲ့တွေနဲ့ လုပ်ဆောင်နေပါတယ်။ မော်တော်ဘုတ်တွေ တော်တော်များများနဲ့ လုပ်နေတာပါ။ ရဟတ်ယာဉ်တစီးကလည်း ရန်ကုန်နဲ့ လပွတ္တာအကြား သယ်ယူပို့ဆောင်ရေးတွေလုပ်နေတာ ၄ ရက်ရှိနေပါပြီ။ သွားလာရေးခက်ခဲတဲ့ နေရာတွေကို ရိက္ခာပစ္စည်းတွေ ပို့ဆောင်နေတာပါ။ ရဟတ်ယာဉ်နောက်ထပ် ၅ စီး ဒီကနေ့ပဲ မြန်မာပြည်ကို ရောက်လာပါလိမ့်မယ်။ တခြားရဟတ်ယာဉ်တွေလည်း ထိုင်းနိုင်ငံ ဘန်ကောက်ကနေ မြန်မာပြည်ကိုသွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။
“ မြန်မာစစ်အစိုးရက လာခွင့်မပေးလို့ ပြန်လှည့်ထွက်ခဲ့ရတဲ့ ပြင်သစ် ရေတပ်သင်္ဘောဟာ မနေ့ကပဲ အကောက်ခွန်ကင်းလွတ်ခွင့်ရလို့ ဆန်တန်ချိန် ၄၀၀ကို ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေမှာ WFP ကုန်တင်လေယာဉ်ဆီကို လွှဲပြောင်းပေးခဲ့ပါပြီ။ ဒီကနေ့ပဲ ရန်ကုန်ကိုရောက်မှာပါ။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မီရှဲ မွန်းတပ်စ်က မြန်မာပြည်က မုန်တိုင်းဒေသကူညီရေး တိုးတက်လာမှု အခြေအနေတချို့ကို ရှင်းပြခဲ့တာဖြစ်ပါတယ်။
မရေရာသေးသည့် ဖျာပုံ လယ်ယာလုပ်ငန်း (The Irrawaddy)
နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒဏ်သင့် မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်း ဖျာပုံမြို့နယ်ရှိ လေဘေးဒုက္ခသည် လယ်သမားများ သည် မျိုးစပါးနှင့် လယ်လုပ်ကိရိယာများ မရှိသောကြောင့် အခက်အခဲများဖြစ်နေသည့်အတွက် ယခုနှစ် ဆန်စပါးစိုက်ပျိုး နိုင်ရန် မသေချာကြောင်း လယ်သမားများနှင့် ဆန်စက်ပိုင်ရှင်များက ပြောသည်။
အဆိုပါ ဖျာပုံမြို့နယ်ရှိ လေဘေးဒုက္ခသည် လယ်သမားတချို့က ၎င်းတို့၏ လယ်ယာမြေများကို တတ်အားသရွေ့ ထွန်ယက် ထားသော်လည်း မျိုးစပါး မရှိသည့်အခက်အခဲကြောင့် လုပ်ငန်းဆက်လက် မလုပ်ဆောင်နိုင်ဘဲ ဖြစ် နေ ရသည်ဟု ဒေသခံ လယ်သမားများက ပြောပြသည်။
လယ်တချို့တဝက် ထွန်ထားပြီးသော ဖျာပုံမြို့က လယ်သမား တဦးက“ကျနော်တို့လုပ်ငန်းက အချိန်နဲ့လုပ်ရတာ။ အချိန် လွန်သွားရင်ဘာမှလုပ်လို့မရတော့ဘူး။ ပေးစရာရှိလည်းမြန်မြန်ပေးလိုက်ပေါ့။ အသံတွေတော့ မျိုးစုံကြားနေရတာပဲ။ ဘာမှလဲဖြစ်မလာဘူး”ဟု ဆိုသည်။
သက်ဆိုင်ရာ မ.ယ.က အာဏာပိုင် အဖွဲ့များအနေနှင့် လယ်သမားများထံမှ ပျက်စီးဆုံးရှုံးမှုစာရင်းကောက်ယူထား သော်လည်း ယနေ့အချိန်ထိကူညီထောက်ပံ့မှု တစုံတရာ မရသေးကြောင်းလည်း လယ်သမားများက ပြောသည်။
“စာရင်းတွေတော့ကောက်ထားတယ်။ ခုချိန်ထိတော့ဘာမှမရသေးဘူး။ ကျမတို့မှာက လယ်လုပ်ကိရိယာတွေ ဘာမှမရှိ တော့ဘူး။ ကိုယ့်အားကိုယ်ကိုးရဖို့များတယ်လို့ ဟိုတနေ့ကတော့ပြောသံကြားတယ်”ဟု ဖျာပုံမြို့ သမိန်ထော ကျေးရွာရှိ လယ်အလုပ်သမ တဦးက ဆိုသည်။
စက်ကိရိယာများ ထောက်ပံ့ကူညီမည်ဆိုပါက အစိုးရ စက်မှုလယ်ယာထုတ်များကို မသုံးလိုကြောင်း၊ စက်မှု လယ်ယာထုတ် ပစ္စည်းများသည် အပျက်ပြန်သောကြောင့် လုပ်ငန်းမတွင်ကျယ်ကြောင်း၊ လယ်ထွန်စက်များ ကူညီမည် ဆိုပါကလည်း စက်သုံးဆီ အခက်အခဲရှိ၍ စက်သုံးဆီပါ ထောက်ပံ့ပါမှ လုပ်ငန်းအဆင်ပြေမည်ဖြစ်ကြောင်းလည်း လယ်သမားများက ပြောဆိုသည်။
“မနှစ်က စက်မှုလယ်ယာကထုတ်တဲ့ စက် ၁၂ လုံးဝယ်ထားတာ အကုန်လုံးပျက်တယ်။ စက်ကိုပြင်ရတာနဲ့ ပျက်တဲ့ နေရာကနေထမ်းတင်ရတာနဲ့ အချိန်ရော ငွေရော လူရော ပင်ပန်းတယ်။ အခုစာရင်းတောင်းတော့ စက်မှု လယ်ယာက စက်ဆိုရင် မယူဘူးလို့တခါတည်း ရေးထည့်ပေးလိုက်တယ်”ဟု လယ်သမား တဦးက ပြောသည်။
ဖျာပုံမြို့နယ်ရှိ လယ်သမားအများစုမှာ ကူညီထောက်ပံ့မှုများ မရရှိပါက ယခုနှစ်အတွက် လယ်ယာလုပ်ငန်းများ လုပ်ကိုင် နိုင်မည် မဟုတ်ကြောင်း သိရသည်။
“လယ်မလုပ်နိုင်ရင်တော့ ဘောက်(ကျပန်း) ပဲလုပ်ရမှာပဲ။ လယ်က ရေငန်တွေဝင်ထားတာ အခုထိဘာမှမလုပ်ရသေးဘူး။ မျိုးတွေလည်းမရှိတော့ဘူး၊ နွားတွေလည်းနေမကောင်းဖြစ်နေတယ်”ဟု ဖျာပုံမြို့ သမိန်ထော သိမ်ကုန်း ရွာ လယ်သမားက ပြောသည်။
ယင်းကဲ့သို့ လယ်သမားများ အခက်အခဲ ဒုက္ခဖြစ်နေချိန်တွင် ယခင်က လယ်သမားများကို ကူညီထောက်ပံ့မှုပေး နိုင်ခဲ့သော ဆန်စက်များလည်း မုန်တိုင်းထိ၍ ပျက်စီးဆုံးရှုံးကုန်သောကြောင့် ဆန်စက်ပိုင်ရှင်များလည်း အခက် အခဲဖြစ်နေကြကြောင်း သိရသည်။
“အရင်က လယ်သမားအဆင်မပြေဖြစ်ရင် ဆန်စက်သမားကကူနိုင်ပေမယ့် ဆန်စက်တွေလည်းပျက်စီးကုန်ပြီး စပါးတွေပါ ဆုံးရှုံးခဲ့လို့ အခုအချိန်မှာ တယောက်ကိုတယောက် မကူညီနိုင်ကြဘူး”ဟု ဆန်စက်ပိုင်ရှင် တဦးက ပြောဆိုသည်။
ဖျာပုံမြို့ရှိ စပါးတင်း၂၀၀၀၀ ခန့် ဆုံးရှုံးခဲ့ရသည့် ဆန်စက်ပိုင်ရှင်တဦးကလည်း“ဒီမှာက စပါးကငွေပဲ။ စပါးပျက်တော့ ငွေပါ ပျောက်သွားတယ်။ လယ်သမားဆီကစပါးထွက်လာမှ ဆန်စက်လည်မှာ။ ခုတော့ဘယ်သူမှ ဘာမှ လုပ်လို့မရဘူး”ဟု ပြောသည်။
ပျက်စီးသွားသော ဆန်စက်များပြန်လည် တည်ထောင်ရန်အတွက် ပေးသည့် သွပ်ပြားများကိုလည်း ကြံ့ဖွံ့ထိပ်ပိုင်း တာဝန် ရှိသူတဦးက ၎င်းပိုင် ဆန်စက်အတွက် အသုံးပြုပြီး ကျန်သွပ်ပြားများကိုမူ ၎င်းနှင့် နီးစပ်သူများကို ပေးဝေသည်ဟု ဟာလာစက် (ဆန်စက်အသေး) ပိုင်ရှင် တဦးကပြောပြသည်။
“အဲဒီလူက အဖွဲ့အစည်းတော်တော်များများမှာ ရာထူးတွေယူထားပြီး အခွင့်အရေးယူနေတဲ့ လူပဲ၊ ကြံ့ခိုင်ရေးမှာ ခရိုင်အတွင်း ရေးမှူး ၊ ကြက်ခြေနီနဲ့ နာရေးမှာဥက္ကဌ ၊ ဖျာပုံဆန်စက်ပိုင်ရှင်များအသင်း ဥက္ကဌ ၊ ဖျာပုံဆန်ကုန်သည် များအသင်း ဥက္ကဌ ရာထူးတွေ အကုန်လုံးယူထားတာ။ အပေါ်ကပေးသမျှ သူ့ဆီကပဲ တဆင့်ဖြစ်နေတော့ အောက်ကို ဘာမှရောက်မလာဘူး”ဟု ဟာလာစက် ပိုင်ရှင်က ဆိုသည်။
ယင်း ဆိုင်ကလုန်းနာဂစ် ဒဏ်သင့် ဒေသ ၅ ခုတွင် ရှိသည့် လယ်မြေဧက ၃.၂သန်းအနက် ၆၀ ရာခိုင်နှုန်းထိခိုက် မှု ရှိခဲ့ပြီး ၁၆ ရာခိုင်နှုန်း အကြီးအကျယ်ပျက်စီးခဲ့သည်ဟု ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ စာရင်းများက ဖေါ်ပြသည်။
လယ်ယာမြေပျက်စီးမှု၊ မျိုးစပါး၊ ကျွဲနွား နှင့် မြေသြဇာများအပြင် လယ်ယာလုပ်သားများအလုပ် လုပ်နိုင်ရန် အမိုး အကာ နေရာထိုင်ခင်းနှင့် စားရေရိက္ခာရရှိရန် လိုအပ်ချက်များကြောင့် ယခုနှစ် စပါးစိုက် ရာသီတွင် အချိန်မီစိုက်ပျိုးနိုင်ခြင်းမရှိပါက ဆန်စပါးပြတ်လပ်မှု ပြဿနာနှင့် ရင်ဆိုင်ရဖွယ်ရှိ ကြောင်း ပညာရှင်များက သတိပေးထားသည်။
ထောက်ပံ့ရေးပစ္စည်းများ အပြည့်အ၀ မရောက် (NEJ)
လေဘေးကြောင့် ဒုက္ခရောက်သူ အရေအတွက် များခြင်း၊ ဧရိယာ ကျယ်ပြန့်ခြင်း၊ အစိုးရ လမ်းကြောင်းမှ ပို့သည့်ပစ္စည်းများ မဖြန့်ဝေနိုင်သေးခြင်း စသည့်အခြေအနေများကြောင့် ထောက်ပံ့ရေးပစ္စည်းများ အမှန်တကယ် လိုအပ်သူများလက်သို့ ရောက်သင့်သလောက် မရောက်ကြောင်း ပုဂ္ဂလိကကူညီကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတဦးက ပြောသည်။
၎င်းက “ထောက်ပံ့ကူညီရေး ပစ္စည်းတွေဟာ လမ်းကြောင်း (၃) ခုနဲ့ ဒုက္ခသည်တွေဆီ သွားနေ တယ်။ တခုက ကုလသမဂ္ဂ အိုင်အန်ဂျီအိုတွေက ဖြန့်ဝေတဲ့လမ်းကြောင်း၊ နောက်တခုက အစိုးရက တာဝန်ယူ ဖြန့်ဝေတဲ့လမ်းကြောင်း၊ နောက်တခုကတော့ ပုဂ္ဂလိကတွေ ကိုယ့်အစီအစဉ်နဲ့ ကိုယ့်ဖာ သာကိုယ် ဖြန့်ဝေနေကြတာ။ ဒီအထဲမှာ ကုလသမဂ္ဂနဲ့ အိုင်အန်ဂျီအိုတွေက ဖြန့်ဝေနေတာတွေဟာ ရောက်တော့ ရောက်တယ်၊ ဒါပေမယ့် နှေးတယ်၊ နောက် မနှံ့စပ်ဘူး” ဟု ပြောသည်။
ယခုကဲ့သို့ ထောက်ပံ့ရေးပစ္စည်းများ ဒုက္ခသည်များလက်သို့ အရောက်နှေးရခြင်းသည် အာဏာပိုင် များထံ လုပ်ထုံးလုပ်နည်းအရ အဆင့်ဆင့် တင်ပြအစီရင်ခံ မှတ်တမ်းယူရခြင်း၊ ခွင့်ပြုချက်ရမှ လုပ်ကိုင်ရခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ အောက်ခြေမှ မြန်မာဝန်ထမ်းများကလည်း သက်ဆိုင်ရာ အာဏာပိုင်များ၏ ငြိုငြင်မှုကိုခံပြီး ဘာမှ မလုပ်ရဲသည့်အတွက်ကြောင့်ဖြစ်ကြောင်း စုံစမ်းသိရှိ ရသည်။
အဆိုပါကူညီကယ်ဆယ်ရေး လုပ်ငန်းလုပ်ကိုင်နေသူက “အစိုးရလမ်းကြောင်းက သွားတာတွေ ကတော့ ဘယ်သူတွေကို ဘယ်လို ဖြန့်ဝေနေသလဲ မသိနိုင်ဘူး။ ကျနော် ရောက်ခဲ့တဲ့ မြို့တွေမှာ တော့ အစိုးရ ထိန်းချုပ်ထားတဲ့ ဂိုဒေါင်တွေထဲမှာပဲ တွေ့ရတယ်။ ဒုက္ခသည်တွေကို မေးတော့လည်း အစိုးရဆီက ဘာမှမရဘူးဘဲပြောနေတယ်။ တကယ် ရောက်နေတာကတော့ ဘုန်းတော်ကြီးတွေ၊ လူပုဂ္ဂိုလ်တွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် လေဘေးဒုက္ခသည်တွေဆီ အရောက်ပို့တာတွေပဲ ဖြစ် တယ်။ ဒါပေမယ့် တခုလုံး အတိုင်းအတာနဲ့ကျတော့ ဒီလောက် အင်နဲ့အားနဲ့ မတတ်နိုင်ဘူး” ဟု ပြောသည်။
ဘိုကလေးမြို့သို့ သွားရောက်ကူညီရေးလုပ်ခဲ့သူတဦးကလည်း ၎င်းတို့ ရောက်ရှိသွားသည့် ဘုရားကြီး ကယ်ဆယ်ရေးစခန်းနှင့် ကပ်လျက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထိန်းချုပ် ထားသည့် ဂိုဒေါင်၌ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးပစ္စည်းများကို တွေ့ရသော်လည်း ဒုက္ခသည်များမှာ မရရှိဘဲ ပုဂ္ဂလိက အလှူရှင်များ လာရောက်လှူဒါန်းသည့်ပစ္စည်းများသာ ရရှိကြောင်း ပြောသည်။
မြန်မာအစိုးရ သတင်းစာ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့တွင် ရန်ကုန်လေဆိပ်သို့ နိုင်ငံတကာ အကူအညီများ မည်မျှရောက်နေပြီး အမြန်ဆုံး ဒုက္ခသည်များထံ ပို့ပေးနေသည်ဟု ကြေညာနေ သော်လည်း လက်တွေ့တွင် လိုအပ်ချက်များစွာ ရှိနေသေးကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းက ထုတ်ပြန်ထားသည်။ ။

