Wednesday, May 21, 2008

ဂျာနယ်များ 'အပျက်အစီး' ကိုမဖေါ်ပြရ (Mizzima)

ရန်ကုန်။ ။ မုန်တိုင်းဖျက်ဆီးမှု သတင်းများကိုမဖေါ်ပြဘဲ အာဏာပိုင်များဆောင်ရွက်နေသည့် ရန်ကုန်နှင့်မြစ်ဝကျွန်းပေါ်ရှိ ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများကိုသာ ဖေါ်ပြရန် စာပေစိစစ်ရေးဌာနက အပတ်စဉ်ထုတ် ဂျာနယ်များကို ညွန်ကြားထားသည်ဟု ဒေသခံသတင်းစာ ဆရာများ၏ အပြောအရ သိရပါသည်။

"စာပေစိစစ်ရေးက အပျက်အစီးတွေ၊ မုန်တိုင်းဖျက်ဆီးမှုသတင်းတွေကို မဖေါ်ပြဘို့ ပြောတယ်ဗျ။ ဒါပေမဲ့သူတို့ဆောင်ရွက်နေတဲ့ ပြန်လည်တည် ဆောက်ရေး လုပ်ငန်းတွေကိုတော့ ဖေါ်ပြရမယ်လို့ ပြောတယ်" ဟု ပြင်ပမီဒီယာများကို ပြောကြားသဖြင့် စစ်အစိုးရ၏ရန်ရှာခြင်းခံရမည်ကို စိုးရိမ် ရသောကြောင့် အမည်မဖေါ်လိုသည့် အပတ်စဉ်ထုတ် ဂျာနယ်တစောင်၏ အယ်ဒီတာတဦးက မဇ္ဈိမကို ပြောကြားသွားပါသည်။

အဆောက်အဦးအပြိုအပျက်များ၊ ဥစ္စာပစ္စည်းဆုံးရှုံးရမှုများကို ရောင်စုံဓါတ်ပုံများဖြင့် ဖေါ်ပြထားသည့် သတင်းများကို ခွင့်ပြုခဲ့သည့်အတွက် စာပေစိစစ်ရေးဌာန အကြီးအကဲ ဗိုလ်မှူးတင့်ဆွေကို အာဏာပိုင်များက အလွန်ဒေါသထွက်ခဲ့ကြသည်ဟု သိရသည်။

'မုန်တိုင်းဒုက္ခသည်များ၏ ဒုက္ခကိုအမြတ်မထုတ်သင့်' ဟု ခေါင်းစဉ်တပ်ထားသည့် ၂ ပတ်တကြိမ်ထုတ် 'Weekly Eleven' ဂျာနယ်၏ မျက်နှာဖုံး ဆောင်းပါးကို စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တွေ့သွားသည့်အခါ အလွန်ဒေါသထွက်ခဲ့သည်ဟု ဆိုသည်။

"မြန်မာလူမျိုး စာဖတ်သူတွေက အကင်းပါးကြတော့ ဘာဆိုလိုတယ်ဆိုတာကို သိတယ်။ နိုင်ငံတကာကလှူတဲ့ အလှူတွေကို သူတို့ပစ္စည်းတွေလို လုပ်ပြီး ဒုက္ခသည်တွေအတွက် သူတို့ဘယ်လောက် ဂရုစိုက်ကြောင်း ပြနေတယ်ဆိုတာကို ဝေဖန်ထားတဲ့ဆောင်းပါးဆိုတာကို သူတို့ချက်ချင်း သဘောပေါက်တယ်" ဟု သတင်းစာဆရာတဦးက ပြောသွားပါသည်။

သို့သော် ဝီးကလီးအလဲဗင်း၊ ဗိုင်ဝီးကလီးကဲ့သို့သော ဂျာနယ်များ၏နောက်တွင် ဗိုလ်ချုပ်ကြီးအချို့ ရှိနေသောကြောင့် စာပေစိစစ်ရေးဌာနအနေဖြင့် မထိန်းနိုင်ကြောင်းလည်း အယ်ဒီတာတဦးက ပြောဆိုလိုက်ပါသည်။ ထို့ကြောင့် ဗိုလ်မှူးတင့်ဆွေအနေဖြင့် Eleven Media Group ၏ အကြီးအကဲ ကို ဤအမိန့်သည် အပတ်စဉ်ထုတ်ဂျာနယ် အားလုံးအတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ တိုက်ရိုက်လာသောအမိန့် ဖြစ်ကြောင်းပြောပြရန် ကြိုးစား နေရခြင်း ဖြစ်သည်။

"အစားအစာတွေ၊ ပစ္စည်းပစ္စယတွေ မလုံလောက်လို့ လူတွေဆင်းရဲနေကြတယ်၊ ငတ်မွတ်နေကြတယ်ဆိုတာမျိုးလဲ မရေးရဘူးလို့ ကျနော်တို့ကို သတိပေးထားတယ်" ဟု သတင်းစာလုပ်ငန်းတွင် ၅ နှစ်အတွေ့အကြုံရှိခဲ့သည့် အကြီးတန်းသတင်းစာဆရာတဦးက မဇ္ဈိမကိုပြောကြားသွားပါ သည်။

ဤသို့ကန့်သတ်မှုများပြုလုပ်ခြင်းသည် သတင်းစာလွတ်လပ်ခွင့်ကို ချိုးဖောက်သည်သာမက ပြည်သူ့အခွင့်အရေးများကိုဖောက်ဖျက်ခြင်း ဖိနှိပ် ခြင်းလည်းဖြစ်သည်ဟု မြန်မာ့သတင်းစာလွတ်လပ်ခွင့် စောင့်ကြည့်ရေးအဖွဲ့ကြီးဖြစ်သော 'Burma Media Association (BMA)' က စစ်အစိုးရ ကိုပြောကြား ရှုတ်ချလိုက်ပါသည်။

"မြန်မာအစိုးရဟာ ပြည်သူလူထုရဲ့ဒုက္ခတွေကို ဖုံးကွယ်ဘို့ကြိုးစားနေတယ်။ သူတို့ကဘဲ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေသယောင် လိမ်ညာပြောကြားနေတယ်" ဟု (BMA) ၏ အတွင်းရေးမှူးဖြစ်သူ ဦးစံမိုးဝေက ပြောကြားသွားပါသည်။

မုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ရသည့်ဒေသမှ မကြာသေးမီက ပြန်လာခဲ့သူ သတင်းစာဆရာမတဦးကလည်း စစ်အစိုးရ၏ ပြန်လည်တည်ဆောက် ရေး လုပ်ငန်းဟူ၍ သူမဘာမျှမတွေ့ခဲ့ရကြောင်း ပြောကြားသွားခဲ့ပါသည်။

"ဒီတော့ကျမတို့က 'ပြန်လည်တည်ဆောက်ရေးအဆင့်' ဆိုတာကို ဘယ်လိုရေးသားဖေါ်ပြရမှာလဲ။ စစ်သားတွေက အပျက်အဆီးတွေ၊ အပြို အပျက်တွေရှင်းတာတောင်မှ မပြီးသေးဘူး၊ ပြန်လည်တည်ဆောက်ရေးအဆင့် ဆိုတာတော့ အသာထားလိုက်တော့" ဟု သူမက ပြောကြားလိုက် ပါသည်။

"သတင်းစာဆရာဆိုတာ အမှန်ကိုပြောရမှာ၊ ဒါမှပြည်သူကလည်း မြန်မာပြည်အခြေအနေကို သိမှာပေါ့။ ဒီလိုအချိန်မျိုးမှာ သတင်းစာတွေ ဂျာနယ် တွေကို ဖိနှပ်တာဟာ ဒေါသထွက်စရာလဲ ကောင်းတယ်၊ ရှက်စရာလဲ ကောင်းတယ်" ဟု ဦးစံမိုးဝေက ပြောကြားသွားပါသည်။

No comments: