Friday, June 6, 2008

နိုင်ငံတကာ ကုမ္ပဏီများအား ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်သုံးသပ်ရန် သဘာဝ အဖွဲ့များ ပန်ကြား (NMG)

မြန်မာနိုင်ငံအတွင်း သစ်တောပြုန်းတီးမှုနှင့် ကာဘွန်ဓါတ်များ လေထုအတွင်းများပြားလာမှုကို ကာကွယ်ရန် အတွက် နိုင်ငံတကာမှ ရေကာတာတည်ဆောက်ရေးနှင့် သဘာဝ ဓါတ်ငွေ့ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်သုံးသပ်ကြရန် မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာအဖွဲ့မှ ယနေ့ ကမ္ဘာသဘာဝ ပတ်ဝန်းကျင်များနေ့ တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသည် ရေကာတာများမတည်ဆောက်မီ ၁၉၉၀ မှ ၂၀၀၅ ခုနှစ်တွင်း သစ်တောပြုန်းတီးမှု ၁၈ ရာခိုင် နူန်းရှိပြီး ကမ္ဘာတွင် သစ်တောပြုန်းတီးမှု အများဆုံး နိုင်ငံများတွင် ပါဝင်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

သဘာဝဓါတ်ငွေ့နှင့် သယံဇာတ အရင်းမြစ်များ အလွန်ကျွံသုံးစွဲခြင်းကြောင့် သမိုင်းဝင်အမွေနှစ်များဆုံးရူံးပြီး သ ဘာဝပတ်ဝန်းကျင် ထိခိုက်လာနိုင်သည်ဟု ကိုအောင်ငဲက ပြောသည်။

“ရေကာတာ တည်ဆောက်မှုကြောင့် ရေလွှမ်းမိုးမှုခံရမယ်။ ရေကာတာ ဆောက်မယ့်ဒေသမှာ သစ် တော တော်တော်ကို အရှိန်ဟုန်မြင့်မြင့်မားမား ခုတ်ထွင်းထားတာရှိတယ်။ကျနော်တို့လူထုက အစိုးရ ချပေးတဲ့ တရားဝင်သစ်ကွင်းတွေမှာ သူတို့အိမ်သုံးဖို့တောင် သူတို့ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိဘူး။ သူတို့မှီခိုရတဲ့ သစ်တောပြုန်းတီးမှုကြောင့် သူတို့ရဲ့လုပ်ကိုင်စားသောက်မှုလည်း အများကြီး အခက် ခဲကြုံတာ ပြန်တွေ့ရတယ်။ သစ်တောခုတ်ထွင်းလို့ ဒေသခံလူထုတွေလည်း သဘာဝလေထု ညစ်ညမ်း ဒဏ်ကို ခံရတယ်။”

ရေကာတာတည်ဆောက်ခြင်းကြောင့် ကျန်ရှိသစ်ပင်ငယ်များ ရေအောင်တွင်း ဆွေးပုတ်သွားသည့်သစ်ပင်စိမ်းမှ မီသိမ်းဓါတ်များ ထွက်ပေါ်လာနိုင်သည်။ သစ်တောများခုတ်ထွင် မီးရှို့ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ကာဗွန်ဒိုင် အောက်ဆိုဒ်နှင့် မီသိမ်းဓါတ်များ ပေါင်းစည်းခြင်းဖြင့် ကမ္ဘာ့ပူနွေးမှုကို အရှိန်မြင့်မားစေသည်။ ကမ္ဘာအပူရှိန် မြင့်မားမှု ရာသီဥတုပြောင်းလဲမှုသည် မြန်မာပြည် သစ်တောပြုန်းတီးမှုကြောင့် တစ်စိတ်တစ်ဒေသ အဖြစ် ထို ပြသာနာများကို တိုးပွားစေသည်ဟုလည်း ၄င်းမှ ပြောသည်။

သဘာဝ ပတ်ဝန်းကျင်အဖွဲ့များက မကြာမီက တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းသည်ပင်လျင် သဘာဝ ပတ်ဝန်း ကျင် ပျက်စီးမှု၏ အကျိုးဆက်ဖြစ်နိုင်သည်ဟု ထောက်ပြထားသည်။

ဆက်လက်ဖတ်ရှုပါရန်...

မန်းသဘင်သည်များ အလှူပွဲ စနိုင်ပြီ (NMG)

ရက်ရွှေ့ဆိုင်းရန်ညွှန်ကြားခံခဲ့ရသည့် မန္တလေးလူရွှင်တော်များ၏ နာဂစ်(စ်)လေဘေးဒုက္ခသည်များအတွက် အလှူ ငွေ ကောက်ခံမှုကို ယမန်နေ့ မေလ(၄)ရက်နေ့တွင် စတင်နိုင်ပြီဖြစ်သည်။

မန္တလေးမြို့ရှိ လူရွှင်တော်များ၊ ဆိုင်းဆရာ၊ ဘိသိက်ဆရာနှင့် အငြိမ့်မင်းသမီးများက မြို့တွင်းတွင် ကားများနှင့် လှည့်လည်ဖျော်ဖြေ အလှူခံကြသည် ဟု လူရွှင်တော် ဦးလူမော်က ပြောသည်။

“သီချင်းတွေ၊ ဟာသတွေရောဗျာ။ အစုံပဲခင်ဗျာ၊ အစုံပဲ။ လူတွေကလည်းစိတ်ဝင်စားတယ်ခင်မျာ့။ ကားရှေ့မှာလည်း လူရွှင်တော်တွေက တောင်ရှည်ပုဆိုးတွေနဲ့၊ လူရွှင်တော်ခေါင်းပေါင်းနဲ့၊ နောက် မင်းသမီးတွေကလည်း ဖလားကိုင်၊ အဲလို တတန်းကြီးသွားတာခင်မျာ့။”

အလှူငွေကောက်ခံမှုကို ယခုလ (၄)ရက်နေ့မှ (၈) ရက်နေ့ထိ ငါးရက်တိုင်တိုင်ကောက်ခံသွားမည်ဖြစ်ပြီး ယမန် နေ့ က ပထမဦးဆုံးရက်အဖြစ် ကောက်ခံ ရရှိငွေမှာ သိန်းနှစ်ဆယ်ကျော် သည်ဟု လူရွှင်တော် ဦးလူမော်က ပြော သည်။

မန္တလေးမြို့ခံတဦးကလည်း “ကယ်တင်ခြင်းသည် မွန်မြတ်၏။ ကူညီခြင်းသည် နွေးထွေး၏။ စာနာခြင်း သည် အရာရာကို လှပစေ၏။” ဆိုသည့် စာတမ်းပါသည့် လက်ကမ်းကြေငြာများကို ဝေငှပေးသည်ဟု ပြော သည်။

ကောက်ခံရရှိသည့် အလှူငွေများကိုလည်း ဒုက္ခသည်များလက်ထဲသို့ သဘင်ပညာရှင်များ ကိုယ်တိုင်သွားရောက် ပေးအပ်မည်ဖြစ်သည်။

“ကိုယ်တိုင် ကိုယ်ကျ သွားပေးမှာ၊ ကိုယ်တိုင် ကိုယ်ကျ၊ အကြမ်းအားဖြင့် ပါပါလေး ပါမယ်။ လူရွှင် တော် ဂျာအေးပါမယ်။ ချစ်စရာပါမယ်။ နောက် သဘင်အစည်းအရုံးဝင် ဥက္ကဌလား၊ အတွင်းရေးမှူး လား လူရွှင်တော် ဦးကျော်ကြားပါမယ်။ နောက် အဓိက အရေးအကြီးဆုံးက တီးလုံးတိုက်၊ အပင်ပန်း ခံ၊ လူအရှုပ်ခံတဲ့ ကျွန်တော်တို့ ဆိုင်းဆရာ ဂီတကြယ်လေး စိန်ဓူဝံပါမယ်ပေါ့ဗျာ။”

အနုပညာသမားဆိုသည်မှာ ပရိသတ်ကချစ်မှ၊ ပရိသတ်ကအားပေးမှ ထမင်းတလုတ် စားရခြင်းဖြစ်ကြောင်း၊ ယခု အချိန်တွင် ပြည်သူကိုပြန်၍ ကျေးဇူးဆပ်ရမည့် အချိန် ရောက်ပြီဖြစ်သောကြောင့် မိမိတို့က အပင်ပန်းခံနေ ခြင်းဖြစ်သည် ဟု အလှူငွေ ကောက်ခံရခြင်း ရည်ရွယ်ချက်ကို လူရွှင်တော်ဦးလူမော်က ရှင်းပြသည်။

ယခင်က မေလ(၂၉)ရက်နေ့တွင် အလှူုငွေ ကောက်ခံမည်ဖြစ်သော်လည်း သဘင်အစည်းအရုံးမှ မေလ(၄) ရက်နေ့သို့ ပြောင်းရွှေ့စေခဲ့သောကြောင့် ယမန်နေ့မှစတင်ပြီး အလှူငွေကောက်ခံခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် မေလ(၂)ရက်နေ့တွင် စတင်တိုက်ခတ်ခဲ့သည့် နာဂစ်(စ်) မုန်တိုင်းဒဏ်ခံရသည်မှာ တစ်လ ကျော်ပြီဖြစ်သော်လည်း လေဘေးဒုက္ခသည်များအတွက် အလှူရှင်များ ဆက်လက် လိုအပ်နေဆဲဖြစ်သည်။

ဆက်လက်ဖတ်ရှုပါရန်...

ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးစိုးရိမ်ရ (Yoma3)

နာဂစ်မုန်တိုင်းအလွန် အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးအခြေအနေ များ ဆိုးရွားနေလျှက်ရှိပြီး ထိရောက်သည့် ဆေးဝါးကုသပေးခြင်း မရှိကြောင်းသိရသည်။

အင်းစိန်ထောင်တွင်း အကျဉ်းသားများအခြေအနေများနှင့် ပတ်သက်၍ နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ယနေ့ နေ့စွဲဖြင့် သတင်းထုတ်ပြန်ကြေညာ လိုက်ခြင်းဖြစ်သည်။

ထောင်အာဏာပိုင်များက နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) မှပေးသည့် ဆန်များကို (၃) ရက်သာကျွေးခဲ့ပြီးနောက် မုန်တိုင်းတိုက်ခတ်စဉ်က မိုးရေစိုထားသည့် ဆန်ဟောင်းများကို ကျွေး နေသည့်အတွက် အကျဉ်းသားများမှာ ကျန်းမာရေးအခြေအနေများ ဆိုးရွားလာပြီး ရောဂါများ ဖြစ်ပွားနေခြင်းဖြစ်သည်။

စစ်အစိုးရအာဏာပိုင်များဘက်မှ ထိရောက်သည့် ဆေးဝါးများကုသပေးခြင်းမရှိသည့်အတွက် ၀မ်းလျောခြင်း၊ ၀မ်းကိုက်ခြင်း၊ မူးဝေအော့အန်ခြင်း၊ ခန္ဓာကိုယ်တွင် အဖုအပိန့်များထွက်ခြင်း၊ အစာအိမ်ရောင်ခြင်း၊ တိုက်ဖိုက်(အူရောင်ငန်းဖျား)ရောဂါများ ဖြစ်ပွားနေလျှက်ရှိပြီး အထူးသဖြင့် အမျိုးသမီးများ၏ အခြေအနေမှာ ပိုမိုဆိုးရွားနေသည်။

အဆိုပါ အခြေအနေများနှင့်ပတ်သက်၍ (AAPP) အတွင်းရေးမှူး ကိုတိတ်နိုင်က “ဒီလိုမကောင်း တဲ့ ဆန်တွေကိုသာ ဆက်ကျွေးနေမယ်ဆိုရင် ဒီအကျဉ်းသားတွေရဲ့ ကျန်းမာရေးဟာ အသက် အန္တရာယ်ကို စိုးရိမ်ရတယ်၊ သက်ဆိုင်ရာက အချိန်မီဆောင်ရွက်ခြင်း မရှိဘူးဆိုရင် ကူးစက် ရောဂါတွေ ပြန့်ပွားသွားမှာဖြစ်တယ်” ဟု ပြောသည်။

ထို့အပြင် စက်တင်ဘာလူထုလှုပ်ရှားမှုနှင့် ပတ်သက်၍ ဒီဇင်ဘာ (၁၄) ရက်နေ့အတွင်းက ဖမ်းဆီးခံခဲ့ရသည့် ကိုမျိုးရန်နောင်သိန်းသည် စစ်ကြောရေးတွင် နှိပ်စက်မှုများကြောင့် ဒဏ်ရာ များအပြင်းအထန် ရရှိထားပြီး ထောင်တွင်း၌လည်း အာဏာပိုင်များနှင့် မသင့်မမြတ်ဖြစ်ရာမှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေသည့်ဟုဆိုကာ အရူးတိုက်သို့ ပို့ထားသဖြင့် ယခု ထောင်ဝင်စာတွေ့ သည့်အချိန်တွင် အဖော်နှင့်တွဲကာ ထွက်တွေ့နေရသည်။

ထို့အပြင် အမေရိကန်သံရုံးရှေ့တွင် တကိုယ်တော်ဆန္ဒပြခဲ့သည့် ဦးအုန်းသန်းကို အင်းစိန်ထောင်၊ မန္တလေးထောင်၊ ကလေးထောင်တို့မှတဆင့် ငှက်ဖျားပေါသည့် ခန္တီးထောင်သို့ တသက်တကျွန်းပြစ်ဒဏ်ချမှတ်၍ ပို့ထားသဖြင့် ယခုအခါ ငှက်ဖျားပိုး ဦးနှောက်တွင်းသို့ ရောက်နေသည်ဟု ဆိုသည်။

“အကျဉ်းသားတွေကို မိသားစုနဲ့ အနီးဆုံးထောင်မှာ ထားရမယ်ဆိုတဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေအတိုင်း ကျင့်သုံးဖို့လိုတယ်၊ ဒါမှသာ မိသားစုတွေနဲ့အလွယ်တကူ ဆက်သွယ်နိုင်ပြီး လို အပ်တဲ့ အကူညီတွေလုပ်ပေးနိုင်မှာ” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အတွင်းရေးမှူးကိုတိတ်နိုင်က ဆက်လက်ပြောဆိုခဲ့သည်။

ဦးအုန်းသန်းယခုကဲ့သို့ ကျန်းမာရေးထိခိုက်ချိန်တွင် အာဏာပိုင်များက ထောင်ဝင်စာတွေ့ရန် မလိုပဲ လိုအပ်သည့် ငွေလွဲလိုက်ရန် မိသားစုထံမှာကြားသည့် ဦးအုန်းသန်းကိုယ်တိုင် ရေးသား ထားသည့်ပုံစံတူ ကြေးနန်းအတုတစောင် အားပေးပို့ခဲ့သည်ဟု မိသားစုဝင်များကပြောဆိုသည်။

အဆိုပါကြေးနန်းစာရသည့်အချိန်တွင် မိသားစုအနေဖြင့် ဦးအုန်းသန်းအားချုပ်နှောင်ထားသည့် ခန္တီးထောင်သို့ လိုက်သွားခဲ့ပြီး အသေးစိတ်အခြေအနေများကို ထပ်မံမသိရှိရသေးကြောင်း ကိုတိတ်နိုင်က ဆက်လက်ပြောဆိုသွားခဲ့သည်။

ဆက်လက်ဖတ်ရှုပါရန်...

အရှေ့တောင်အာရှမှ ကူညီရေးအဖွဲ့များ မုန်တိုင်းထိဒေသသို့ သွားခွင့်ရပြီ (Moeaka)

အရှေ့တောင်အာရှမှ ကူညီကယ်ဆယ်ရေးကျွမ်းကျင်သူများသည် မုန်တိုင်းကြောင့်ပျက်စီးထိခိုက်မှုများကို သွားရောက်လေ့လာရန် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ ယနေ့သွားရောက်ခဲ့သည်။ သို့သော်လည်း ကူညီရေးပစ္စည်းတင် အမေရိကန်သင်္ဘောများမှာ စစ်အစိုးရက လက်မခံသဖြင့် မြန်မာ့ရေပြင်အနီးမှ ပြန်လည်ဆုတ်ခွာသွားသည်။

လူတစ်သိန်းကျော် သေကြေ၊ ပျောက်ဆုံးခဲ့သည့် မုန်တိုင်းအပြီး ငါးပတ်ကျော်အကြာတွင် အာဆီယံ အရှေ့တောင်အာရှအသင်း နှင့် ကုလသမဂ္ဂအဖွဲ့တို့၏ အရေးပေါ်လေ့လာရေး ပူးပေါင်းအဖွဲ့သည် လပွတ္တာ၊ ဖျာပုံမြို့များသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ကြခြင်းဖြစ်သည်။

အဖွဲ့တွင် ကျွမ်းကျင်သူပေါင်း ၂၀၀ ၀န်းကျင် ပါဝင်ကြောင်း၊ ရွာလုံးကျွတ် ပျောက်ကွယ်သွားသော မြစ်ဝကျွန်းပေါ် အတွင်းပိုင်းဒေသများသို့ နောက်ပိုင်းတွင် သွားရောက်မည်ဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

လူတစ်သန်းဝန်းကျင် အငတ်ဘေးတွေ့နေပြီး၊ အိုးအိမ်မဲ့များ နိုင်ငံတကာအကူအညီ မရသေးဟု ကုလအဖွဲ့က ဆိုသော်လည်း ယခု ပူးပေါင်းအဖွဲ့၏တွေ့ရှိချက်များကို ရှေ့လလယ်အထိ အစီရင်ခံမည်မဟုတ်ပေ။ မြန်မာစစ်အာဏာပိုင်တို့က ကူညီရေးလုပ်ငန်းများကို အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ခဲ့ပါသလားဟူသော မေးခွန်းကို ပူးပေါင်းအဖွဲ့အရာရှိတစ်ဦးက “ဒီလုပ်ငန်းစဉ်ကို မထိခိုက်အောင် ဘယ်လို ဖြေရမှာပါလိမ့်” ဟု ပြန်လည်တုန့်ပြန်သည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ ရဟတ်ယာဉ် ဆယ်စီးကို ပစ္စည်းဖြန့်ဝေခွင့် ပြုထားသည်ဟု ဆိုသော်လည်း ယခုအချိန်အထိ ပျံသန်းနေသည်မှာ တစ်စီးသာ ရှိသည်။ အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန် စစ်သင်္ဘောများဖြင့် ကူညီခြင်းကို စစ်အုပ်စုက ငြင်းပယ်ခဲ့သည်။

နိုင်ငံတကာ ကူညီရေး ၀န်ထမ်းများ မြစ်ဝကျွန်းပေါ်ဒေသသို့ချည်းကပ်ရေးအတွက် လွန်ခဲ့သည့် နှစ်ပတ်က စစ်အုပ်စုခေါင်းဆောင် (ဗိုလ်ချုပ်မှူးကြီး)သန်းရွှေ၏ ခွင့်ပြုချက်ထွက်ပေါ်လာသော်လည်း လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ခွင့် ခက်ခဲဆဲဖြစ်ကြောင်း နိုင်ငံတကာအဖွဲ့များက ဆိုသည်။

အာဆီယံအဖွဲ့၏ ကူညီရေးလုပ်ငန်းများကိုမူ စစ်အစိုးရက သဘောတူခွင့်ပြုခဲ့ကြောင်း အာဆီယံအတွင်းရေးမှူးချုပ်က ဆိုသည်။ မြန်မာအစိုးရ၊ ကုလသမဂ္ဂ၊ အာဆီယံ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းစဉ်များအတွက် ယုံကြည်မှုတည်ဆောက်နိုင်ရန် နောက်နှစ်ပတ်အတွင်း လှုပ်ရှားမှုများမှာ အရေးပါလှကြောင်း အတွင်းရေးမှူးချုပ်က ပြောသည်။

မြစ်ဝကျွန်းပေါ်ဒေသမှ လူ ၄၀၀၀ နေထိုင်ခဲ့သော ကမ်းပါး(Kan Phar)ကျေးရွာတွင် လူ ၈၀၀ သာ အသက်ရှင် ကျန်ရစ်ကြောင်း နိုင်ငံတကာကူညီမှုအဖွဲ့CARE၏ မြန်မာပြည်ဆိုင်ရာ တာဝန်ခံ Jon Mitchell က ရှင်းပြသည်။

“သူတို့တွေ ဘာတွေများ စားသောက်ပြီး အသက်ရှင်နေသလဲလို့ မေးကြည့်မိတယ်။ သူတို့ရဲ့ လယ်မြေတွေ စိုက်ခင်းတွေ အားလုံး ပျက်ကုန်ပြီလေ။ သူတို့ ပြောတာက အုန်းသီးတွေ ရှာစားတယ် တဲ့။ ပြီးတော့ ရေစိုလို့ ပျက်စီးကုန်တဲ့ ဆန်တွေကို ချက်စားတယ် တဲ့။”

ဆက်လက်ဖတ်ရှုပါရန်...

ပြင်သစ်စစ်သင်္ဘောကဆန်များ မြန်မာပြည်ကိုလွှဲပြောင်း (VOA)

မုန်တိုင်းဒုက္ခသည်တွေအတွက် ကုလသမဂ္ဂဘက်က ကူညီဆောင်ရွက်မှုတွေထဲက နောက်ဆုံးတိုးတက်မှုတချို့နဲ့ ပတ်သက်ပြီး မနေ့က ကုလသမဂ္ဂမှာကျင်းပတဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မီရှဲ မွန်းတပ်စ် (Michelle Montas) က မုန်တိုင်းဒေသ သုံးမြို့နယ်မှာ ရိက္ခာထောက်ပံ့ရေးတွေ သိသိသာသာ ရှိလာနေပါပြီ၊ မြန်မာစစ်အစိုးရက အ၀င်မခံလို့ ပြန်လှည့်ထွက်ခဲ့ရတဲ့ ပြင်သစ်ရေတပ်သင်္ဘောက ဆန်တွေလည်း မြန်မာပြည်ကိုပို့ဖို့ ပြင်ဆင်ထားပြီလို့ ပြောပါတယ်။ အပြည့်အစုံကို ဦးကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

“WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ ပြောဆိုချက်အရ အခုရက်ပိုင်းတွေအတွင်းအထူးသဖြင့် လပွတ္တာ၊ ဘိုကလေးနဲ့ ဖျာပုံမြို့နယ်တွေမှာ စားရေရိက္ခာတွေဖြန့်ဝေဖို့ တိုးမြှင့်စီစဉ်ထားနိုင်ခဲ့ပါတယ်။ အဲဒီမှာ ကူညီရေး NGO အဖွဲ့တွေနဲ့ လုပ်ဆောင်နေပါတယ်။ မော်တော်ဘုတ်တွေ တော်တော်များများနဲ့ လုပ်နေတာပါ။ ရဟတ်ယာဉ်တစီးကလည်း ရန်ကုန်နဲ့ လပွတ္တာအကြား သယ်ယူပို့ဆောင်ရေးတွေလုပ်နေတာ ၄ ရက်ရှိနေပါပြီ။ သွားလာရေးခက်ခဲတဲ့ နေရာတွေကို ရိက္ခာပစ္စည်းတွေ ပို့ဆောင်နေတာပါ။ ရဟတ်ယာဉ်နောက်ထပ် ၅ စီး ဒီကနေ့ပဲ မြန်မာပြည်ကို ရောက်လာပါလိမ့်မယ်။ တခြားရဟတ်ယာဉ်တွေလည်း ထိုင်းနိုင်ငံ ဘန်ကောက်ကနေ မြန်မာပြည်ကိုသွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။

“ မြန်မာစစ်အစိုးရက လာခွင့်မပေးလို့ ပြန်လှည့်ထွက်ခဲ့ရတဲ့ ပြင်သစ် ရေတပ်သင်္ဘောဟာ မနေ့ကပဲ အကောက်ခွန်ကင်းလွတ်ခွင့်ရလို့ ဆန်တန်ချိန် ၄၀၀ကို ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေမှာ WFP ကုန်တင်လေယာဉ်ဆီကို လွှဲပြောင်းပေးခဲ့ပါပြီ။ ဒီကနေ့ပဲ ရန်ကုန်ကိုရောက်မှာပါ။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မီရှဲ မွန်းတပ်စ်က မြန်မာပြည်က မုန်တိုင်းဒေသကူညီရေး တိုးတက်လာမှု အခြေအနေတချို့ကို ရှင်းပြခဲ့တာဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုပါရန်...

မရေရာသေးသည့် ဖျာပုံ လယ်ယာလုပ်ငန်း (The Irrawaddy)

နာဂစ် ဒဏ်ခံခဲ့ရသည့် ဖျာပုံမြို့က ဆန်စက် တစက် (ဓာတ်ပုံ - မိုးအောင်တင်)

နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒဏ်သင့် မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်း ဖျာပုံမြို့နယ်ရှိ လေဘေးဒုက္ခသည် လယ်သမားများ သည် မျိုးစပါးနှင့် လယ်လုပ်ကိရိယာများ မရှိသောကြောင့် အခက်အခဲများဖြစ်နေသည့်အတွက် ယခုနှစ် ဆန်စပါးစိုက်ပျိုး နိုင်ရန် မသေချာကြောင်း လယ်သမားများနှင့် ဆန်စက်ပိုင်ရှင်များက ပြောသည်။

အဆိုပါ ဖျာပုံမြို့နယ်ရှိ လေဘေးဒုက္ခသည် လယ်သမားတချို့က ၎င်းတို့၏ လယ်ယာမြေများကို တတ်အားသရွေ့ ထွန်ယက် ထားသော်လည်း မျိုးစပါး မရှိသည့်အခက်အခဲကြောင့် လုပ်ငန်းဆက်လက် မလုပ်ဆောင်နိုင်ဘဲ ဖြစ် နေ ရသည်ဟု ဒေသခံ လယ်သမားများက ပြောပြသည်။

လယ်တချို့တဝက် ထွန်ထားပြီးသော ဖျာပုံမြို့က လယ်သမား တဦးက“ကျနော်တို့လုပ်ငန်းက အချိန်နဲ့လုပ်ရတာ။ အချိန် လွန်သွားရင်ဘာမှလုပ်လို့မရတော့ဘူး။ ပေးစရာရှိလည်းမြန်မြန်ပေးလိုက်ပေါ့။ အသံတွေတော့ မျိုးစုံကြားနေရတာပဲ။ ဘာမှလဲဖြစ်မလာဘူး”ဟု ဆိုသည်။

သက်ဆိုင်ရာ မ.ယ.က အာဏာပိုင် အဖွဲ့များအနေနှင့် လယ်သမားများထံမှ ပျက်စီးဆုံးရှုံးမှုစာရင်းကောက်ယူထား သော်လည်း ယနေ့အချိန်ထိကူညီထောက်ပံ့မှု တစုံတရာ မရသေးကြောင်းလည်း လယ်သမားများက ပြောသည်။

“စာရင်းတွေတော့ကောက်ထားတယ်။ ခုချိန်ထိတော့ဘာမှမရသေးဘူး။ ကျမတို့မှာက လယ်လုပ်ကိရိယာတွေ ဘာမှမရှိ တော့ဘူး။ ကိုယ့်အားကိုယ်ကိုးရဖို့များတယ်လို့ ဟိုတနေ့ကတော့ပြောသံကြားတယ်”ဟု ဖျာပုံမြို့ သမိန်ထော ကျေးရွာရှိ လယ်အလုပ်သမ တဦးက ဆိုသည်။

စက်ကိရိယာများ ထောက်ပံ့ကူညီမည်ဆိုပါက အစိုးရ စက်မှုလယ်ယာထုတ်များကို မသုံးလိုကြောင်း၊ စက်မှု လယ်ယာထုတ် ပစ္စည်းများသည် အပျက်ပြန်သောကြောင့် လုပ်ငန်းမတွင်ကျယ်ကြောင်း၊ လယ်ထွန်စက်များ ကူညီမည် ဆိုပါကလည်း စက်သုံးဆီ အခက်အခဲရှိ၍ စက်သုံးဆီပါ ထောက်ပံ့ပါမှ လုပ်ငန်းအဆင်ပြေမည်ဖြစ်ကြောင်းလည်း လယ်သမားများက ပြောဆိုသည်။

“မနှစ်က စက်မှုလယ်ယာကထုတ်တဲ့ စက် ၁၂ လုံးဝယ်ထားတာ အကုန်လုံးပျက်တယ်။ စက်ကိုပြင်ရတာနဲ့ ပျက်တဲ့ နေရာကနေထမ်းတင်ရတာနဲ့ အချိန်ရော ငွေရော လူရော ပင်ပန်းတယ်။ အခုစာရင်းတောင်းတော့ စက်မှု လယ်ယာက စက်ဆိုရင် မယူဘူးလို့တခါတည်း ရေးထည့်ပေးလိုက်တယ်”ဟု လယ်သမား တဦးက ပြောသည်။

ဖျာပုံမြို့နယ်ရှိ လယ်သမားအများစုမှာ ကူညီထောက်ပံ့မှုများ မရရှိပါက ယခုနှစ်အတွက် လယ်ယာလုပ်ငန်းများ လုပ်ကိုင် နိုင်မည် မဟုတ်ကြောင်း သိရသည်။

“လယ်မလုပ်နိုင်ရင်တော့ ဘောက်(ကျပန်း) ပဲလုပ်ရမှာပဲ။ လယ်က ရေငန်တွေဝင်ထားတာ အခုထိဘာမှမလုပ်ရသေးဘူး။ မျိုးတွေလည်းမရှိတော့ဘူး၊ နွားတွေလည်းနေမကောင်းဖြစ်နေတယ်”ဟု ဖျာပုံမြို့ သမိန်ထော သိမ်ကုန်း ရွာ လယ်သမားက ပြောသည်။
ယင်းကဲ့သို့ လယ်သမားများ အခက်အခဲ ဒုက္ခဖြစ်နေချိန်တွင် ယခင်က လယ်သမားများကို ကူညီထောက်ပံ့မှုပေး နိုင်ခဲ့သော ဆန်စက်များလည်း မုန်တိုင်းထိ၍ ပျက်စီးဆုံးရှုံးကုန်သောကြောင့် ဆန်စက်ပိုင်ရှင်များလည်း အခက် အခဲဖြစ်နေကြကြောင်း သိရသည်။

“အရင်က လယ်သမားအဆင်မပြေဖြစ်ရင် ဆန်စက်သမားကကူနိုင်ပေမယ့် ဆန်စက်တွေလည်းပျက်စီးကုန်ပြီး စပါးတွေပါ ဆုံးရှုံးခဲ့လို့ အခုအချိန်မှာ တယောက်ကိုတယောက် မကူညီနိုင်ကြဘူး”ဟု ဆန်စက်ပိုင်ရှင် တဦးက ပြောဆိုသည်။

ဖျာပုံမြို့ရှိ စပါးတင်း၂၀၀၀၀ ခန့် ဆုံးရှုံးခဲ့ရသည့် ဆန်စက်ပိုင်ရှင်တဦးကလည်း“ဒီမှာက စပါးကငွေပဲ။ စပါးပျက်တော့ ငွေပါ ပျောက်သွားတယ်။ လယ်သမားဆီကစပါးထွက်လာမှ ဆန်စက်လည်မှာ။ ခုတော့ဘယ်သူမှ ဘာမှ လုပ်လို့မရဘူး”ဟု ပြောသည်။

ပျက်စီးသွားသော ဆန်စက်များပြန်လည် တည်ထောင်ရန်အတွက် ပေးသည့် သွပ်ပြားများကိုလည်း ကြံ့ဖွံ့ထိပ်ပိုင်း တာဝန် ရှိသူတဦးက ၎င်းပိုင် ဆန်စက်အတွက် အသုံးပြုပြီး ကျန်သွပ်ပြားများကိုမူ ၎င်းနှင့် နီးစပ်သူများကို ပေးဝေသည်ဟု ဟာလာစက် (ဆန်စက်အသေး) ပိုင်ရှင် တဦးကပြောပြသည်။

“အဲဒီလူက အဖွဲ့အစည်းတော်တော်များများမှာ ရာထူးတွေယူထားပြီး အခွင့်အရေးယူနေတဲ့ လူပဲ၊ ကြံ့ခိုင်ရေးမှာ ခရိုင်အတွင်း ရေးမှူး ၊ ကြက်ခြေနီနဲ့ နာရေးမှာဥက္ကဌ ၊ ဖျာပုံဆန်စက်ပိုင်ရှင်များအသင်း ဥက္ကဌ ၊ ဖျာပုံဆန်ကုန်သည် များအသင်း ဥက္ကဌ ရာထူးတွေ အကုန်လုံးယူထားတာ။ အပေါ်ကပေးသမျှ သူ့ဆီကပဲ တဆင့်ဖြစ်နေတော့ အောက်ကို ဘာမှရောက်မလာဘူး”ဟု ဟာလာစက် ပိုင်ရှင်က ဆိုသည်။

ယင်း ဆိုင်ကလုန်းနာဂစ် ဒဏ်သင့် ဒေသ ၅ ခုတွင် ရှိသည့် လယ်မြေဧက ၃.၂သန်းအနက် ၆၀ ရာခိုင်နှုန်းထိခိုက် မှု ရှိခဲ့ပြီး ၁၆ ရာခိုင်နှုန်း အကြီးအကျယ်ပျက်စီးခဲ့သည်ဟု ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ စာရင်းများက ဖေါ်ပြသည်။
လယ်ယာမြေပျက်စီးမှု၊ မျိုးစပါး၊ ကျွဲနွား နှင့် မြေသြဇာများအပြင် လယ်ယာလုပ်သားများအလုပ် လုပ်နိုင်ရန် အမိုး အကာ နေရာထိုင်ခင်းနှင့် စားရေရိက္ခာရရှိရန် လိုအပ်ချက်များကြောင့် ယခုနှစ် စပါးစိုက် ရာသီတွင် အချိန်မီစိုက်ပျိုးနိုင်ခြင်းမရှိပါက ဆန်စပါးပြတ်လပ်မှု ပြဿနာနှင့် ရင်ဆိုင်ရဖွယ်ရှိ ကြောင်း ပညာရှင်များက သတိပေးထားသည်။

ဆက်လက်ဖတ်ရှုပါရန်...

ထောက်ပံ့ရေးပစ္စည်းများ အပြည့်အ၀ မရောက် (NEJ)

ကယ်ဆယ်ရေးပစ္စည်းများ ပုသိမ်ဆိပ်ကမ်းတွင် သောင်တင်နေစဉ်

လေဘေးကြောင့် ဒုက္ခရောက်သူ အရေအတွက် များခြင်း၊ ဧရိယာ ကျယ်ပြန့်ခြင်း၊ အစိုးရ လမ်းကြောင်းမှ ပို့သည့်ပစ္စည်းများ မဖြန့်ဝေနိုင်သေးခြင်း စသည့်အခြေအနေများကြောင့် ထောက်ပံ့ရေးပစ္စည်းများ အမှန်တကယ် လိုအပ်သူများလက်သို့ ရောက်သင့်သလောက် မရောက်ကြောင်း ပုဂ္ဂလိကကူညီကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတဦးက ပြောသည်။

၎င်းက “ထောက်ပံ့ကူညီရေး ပစ္စည်းတွေဟာ လမ်းကြောင်း (၃) ခုနဲ့ ဒုက္ခသည်တွေဆီ သွားနေ တယ်။ တခုက ကုလသမဂ္ဂ အိုင်အန်ဂျီအိုတွေက ဖြန့်ဝေတဲ့လမ်းကြောင်း၊ နောက်တခုက အစိုးရက တာဝန်ယူ ဖြန့်ဝေတဲ့လမ်းကြောင်း၊ နောက်တခုကတော့ ပုဂ္ဂလိကတွေ ကိုယ့်အစီအစဉ်နဲ့ ကိုယ့်ဖာ သာကိုယ် ဖြန့်ဝေနေကြတာ။ ဒီအထဲမှာ ကုလသမဂ္ဂနဲ့ အိုင်အန်ဂျီအိုတွေက ဖြန့်ဝေနေတာတွေဟာ ရောက်တော့ ရောက်တယ်၊ ဒါပေမယ့် နှေးတယ်၊ နောက် မနှံ့စပ်ဘူး” ဟု ပြောသည်။

ယခုကဲ့သို့ ထောက်ပံ့ရေးပစ္စည်းများ ဒုက္ခသည်များလက်သို့ အရောက်နှေးရခြင်းသည် အာဏာပိုင် များထံ လုပ်ထုံးလုပ်နည်းအရ အဆင့်ဆင့် တင်ပြအစီရင်ခံ မှတ်တမ်းယူရခြင်း၊ ခွင့်ပြုချက်ရမှ လုပ်ကိုင်ရခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ အောက်ခြေမှ မြန်မာဝန်ထမ်းများကလည်း သက်ဆိုင်ရာ အာဏာပိုင်များ၏ ငြိုငြင်မှုကိုခံပြီး ဘာမှ မလုပ်ရဲသည့်အတွက်ကြောင့်ဖြစ်ကြောင်း စုံစမ်းသိရှိ ရသည်။

အဆိုပါကူညီကယ်ဆယ်ရေး လုပ်ငန်းလုပ်ကိုင်နေသူက “အစိုးရလမ်းကြောင်းက သွားတာတွေ ကတော့ ဘယ်သူတွေကို ဘယ်လို ဖြန့်ဝေနေသလဲ မသိနိုင်ဘူး။ ကျနော် ရောက်ခဲ့တဲ့ မြို့တွေမှာ တော့ အစိုးရ ထိန်းချုပ်ထားတဲ့ ဂိုဒေါင်တွေထဲမှာပဲ တွေ့ရတယ်။ ဒုက္ခသည်တွေကို မေးတော့လည်း အစိုးရဆီက ဘာမှမရဘူးဘဲပြောနေတယ်။ တကယ် ရောက်နေတာကတော့ ဘုန်းတော်ကြီးတွေ၊ လူပုဂ္ဂိုလ်တွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် လေဘေးဒုက္ခသည်တွေဆီ အရောက်ပို့တာတွေပဲ ဖြစ် တယ်။ ဒါပေမယ့် တခုလုံး အတိုင်းအတာနဲ့ကျတော့ ဒီလောက် အင်နဲ့အားနဲ့ မတတ်နိုင်ဘူး” ဟု ပြောသည်။

ဘိုကလေးမြို့သို့ သွားရောက်ကူညီရေးလုပ်ခဲ့သူတဦးကလည်း ၎င်းတို့ ရောက်ရှိသွားသည့် ဘုရားကြီး ကယ်ဆယ်ရေးစခန်းနှင့် ကပ်လျက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထိန်းချုပ် ထားသည့် ဂိုဒေါင်၌ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးပစ္စည်းများကို တွေ့ရသော်လည်း ဒုက္ခသည်များမှာ မရရှိဘဲ ပုဂ္ဂလိက အလှူရှင်များ လာရောက်လှူဒါန်းသည့်ပစ္စည်းများသာ ရရှိကြောင်း ပြောသည်။

မြန်မာအစိုးရ သတင်းစာ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့တွင် ရန်ကုန်လေဆိပ်သို့ နိုင်ငံတကာ အကူအညီများ မည်မျှရောက်နေပြီး အမြန်ဆုံး ဒုက္ခသည်များထံ ပို့ပေးနေသည်ဟု ကြေညာနေ သော်လည်း လက်တွေ့တွင် လိုအပ်ချက်များစွာ ရှိနေသေးကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းက ထုတ်ပြန်ထားသည်။ ။

ဆက်လက်ဖတ်ရှုပါရန်...

ကုလဂြိုဟ်တုဓာတ်ပုံအရ ဧရာဝတီတိုင်း (၁၈) ရွာ (၉၄) ရာနှုန်းပျက် (NEJ)

နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်း ကျေးရွာ (၁၈) ရွာ အသေးစိတ် အပျက်အစီး ဂြိုဟ်တု မြင်ကွင်းကို ကုလသမဂ္ဂ ဂြိုဟ်တုတိုင်းထွာရေးအဖွဲ့ UNOSAT က ထုတ်ပြန်ရာ အဆောက်အဦ စုစုပေါင်း (၄,၀၂၈) ခု ပျက်စီးသွားသည်။

ဧရာဝတီတိုင်း ကျေးရွာ (၁၈) ရွာ အသေးစိတ် အပျက်အစီး ဂြိုဟ်တုမြင်ကွင်းကို ဇွန်လ (၄) ရက်နေ့မှာ တရွာချင်းအလိုက် ဂြိုဟ်တုဓာတ်ပုံများနှင့်တကွ UNOSAT အဖွဲ့က ထုတ်ပြန်ခြင်း ဖြစ်သည်။ ထိုကျေးရွာ အများစုမှာ ငပုတော၊ လပွတ္တာနှင့် ဘိုကလေးမြို့နယ်များမှ ဖြစ်သည်။

အဆိုပါကျေးရွာ (၁၈) ရွာရှိ အဆောက်အဦ အားလုံး၏ (၉၄) ရာနှုန်း ပျက်စီးသည်ဟု ဖော်ပြ ထားသည်၊ ဂြိုဟ်တုဓာတ်ပုံရိုက်ထားသည့် ရွာ (၁၈) ရွာတွင် ရာနှုန်းပြည့် အဆောက်အဦအားလုံး ပျက်စီးသည့် ရွာပေါင်း (၁၀) ရွာရှိပြီး ကျန်ရွာများမှာလည်း ရာနှုန်းပြည့်နီးပါး ပျက်စီးသည်။

ဧရာဝတီမြစ်ဝကို မေးတင်ပြီး ရာနှုန်းပြည့် ပျက်စီးခဲ့သည့် အဆိုပါရွာများမှာ-အနောက်ဂုံညင်းတန်း၊ ရွေးရွာ၊ မိကျောင်းကိုင်၊ အနောက်သပြုချောင်၊ သပြုချောင်၊ ချောင်းကြီး၊ ပြောင်းပြန်၊ တောင်ကလေးမြောက်ဘက် အမည်မသိရွာ၊ ဘုန်းတော်ပြည့်၊ အလယ်ပေါက်တောင်ဘက် အမည်မသိရွာတို့ဖြစ်သည်။ ။

ဆက်လက်ဖတ်ရှုပါရန်...

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်က ပြည်ဝင်ခွင့်ပေးရန် တောင်းဆ (Mizzima)

ချင်းမိုင်။ ။ လက်ရှိ မြန်မာ့ လူ့အခွင့်အရေး အခြေအနေကို စုံစမ်း လေ့လာနိုင်ရန်အတွက် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးရန် မြန်မာပြည်ဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်သစ်က တောင်းဆိုသည်။

မတ်လအတွင်း အသစ် ခန့်အပ်ခံခဲ့သော အာဂျင်တီးနား နိုင်ငံသား Tomás Ojea Quintana သည် ကုလ လူ့အခွင့်အရေး ကောင်စီသို့ တင်ပြသော ပထမဆုံး အစီရင်ခံစာတွင် ယခုလို ထည့်သွင်း တောင်းဆိုခြင်း ဖြစ်သည်။

ကောင်စီက မြန်မာပြည်၏ လူ့အခွင့်အရေး အခြေအနေကို ဆက်လက် စုံစမ်းရန် သက်တမ်း တနှစ်တိုးပြီးနောက် မစ္စတာ ပီညဲရိုး၏ တာဝန်ကို လွှဲပြောင်းယူသော မစ္စတာ Tomás Ojea Quintana သည် မေလ ၁ ရက်နေ့ကတည်းက လုပ်ငန်း စတင်နေပြီ ဖြစ်သည်။

သူသည် မေလ ၆-၇ ရက် နေ့များတွင် မြန်မာ စစ်အစိုးရထံ စာနှစ်စောင် ပေးပို့ရာ ပထမတစောင်တွင် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ဝမ်းနည်းကြောင်းနှင့် ဒုတိယစာတွင် မြန်မာပြည်သို့ သွားရောက်ခွင့် ပေးရန် တောင်းဆိုထားသည်ဟု သိရသည်။

နအဖ က ပထမစာကို အကြောင်းပြန်သော်လည်း ဒုတိယစာ ဗီဇာကိစ္စနှင့် ပတ်သက်၍ အကြောင်းမပြန်သေးဟု မစ္စတာ Quintana က သူ၏ မတ်လ ၃ ရက် နေ့စွဲနှင့် အစီရင်ခံစာတွင် ရေးသားထားသည်။ စာမျက်နှာ ၁၆ မျက်နှာရှိပြီး မတ်လ ၂၆ ရက်မှ စတင် စုဆောင်းရရှိသော အချက်အလက်များအရ မြန်မာ့ လူ့အခွင့်အရေး အခြေအနေသည် မစ္စတာ ပီညဲရိုး လက်ထက်ကအတိုင်း မပြောင်းလဲဟု ဆိုသည်။

နအဖ ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ “ယုံကြည်လောက်သော၊ ကျယ်ပြန့်စွာ လက်ခံနိုင်သော အခြေအနေသည် စိတ်မကောင်းစရာ ဝေဝါးနေသည်” ဟု ဆိုသည်။ ဆန္ဒခံယူပွဲ ကျင်းပခဲ့ပုံနှင့် ရရှိသော သင်ခန်းစာများကို လူသိရှင်ကြား အစီရင်ခံစာ ထုတ်ပြန်ရန်လည်း နအဖကို တောင်းဆိုသည်။

ဆန္ဒခံယူပွဲ မတိုင်ခင် ဖမ်းဆီးခံရမှုများ၊ ဆန္ဒမဲပေးရာတွင် မဲပေးသူများ၏ ဆန္ဒကို မလေးမစား ပြုလုပ်ခြင်း၊ မကျေနပ်သော တိုင်ကြားချက်များ၊ ထောက်ခံမဲ တောင်းခံသည့် ပိုစတာများကို မဲရုံတွင် ကပ်ထားသည် ဟူသော တိုင်တန်းချက်များကို ရရှိထားသည်ဟု သူက ပြောဆိုသည်။

အစီရင်ခံစာတွင် ပြည်သူများသည် လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် မရဘဲ အဖမ်းခံရသော လူ့အခွင့်အရေး လှုပ်ရှားသူများ အခြေအနေ၊ ပြည်တွင်းမှ စာနယ်ဇင်းသမားများ၊ နိုင်ငံရေး လှုပ်ရှားသူများနှင့် နိုင်ငံရေး အကျဉ်းသားများ အခြေအနေနှင့် ပတ်သက်သော စိုးရိမ်သောကကို ဖော်ပြထားသည်။

မုန်တိုင်းဒဏ်ခံ ဒေသများရှိ အမျိုးသမီးများနှင့် အုပ်ထိန်းသူမဲ့ ကလေးငယ်များ၊ အေအိုင်ဒီအက် ဝေဒနာရှင်များ၊ လူနည်းစု တိုင်းရင်းသားများကို ကူညီရန်အတွက် အစိုးရအနေနှင့် ပူးပေါင်း ဆောင်ရွက်မည့်အဖွဲ့ ဖွဲ့ရန်အပြင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး အမျိုးသား ရင်ကြားစေ့ရေး ဆောင်ရွက်ရန်၊ နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ရန်၊ စက်တင်ဘာ အရေးအခင်းတွင် ပျောက်ဆုံးနေသူများအတွက် စုံစမ်းရေးအဖွဲ့ ဖွဲ့ပြီး လုပ်ငန်း တိုးတက်မှုကို အစီရင်ခံရန်နှင့် နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို အာမခံရန် နအဖထံ အကြံပြုသည်။

ကုလ အထွေထွေ အတွင်းရေးမှူးချုပ်ကို ပေးထားသော ကတိအတိုင်း နိုင်ငံတကာမှ လူသားချင်းစာနာသည့် အဖွဲ့များကို မဟန့်အတားမရှိ မုန်တိုင်းဒဏ်ခံ ဒေသများသို့ ဝင်ရောက်ခွင့်ပေးပြီး အကူအညီပေးရေး လုပ်ငန်းအတွက် လိုအပ်သော အချက်အလက်များ စုဆောင်းခွင့် ပေးရန်လည်း ပြောဆိုသည်။

ယခု အစီရင်ခံစာကို နေရာစုံမှ ရရှိထားသော သတင်း အချက်အလက်များပေါ် အခြေခံ ရေးသားခြင်း ဖြစ်ပြီး တိကျသော အစီရင်ခံစာ ဖြစ်စေရန် မြန်မာ စစ်အစိုးရဘက်မှ အတည်ပြုချက်ကို တောင်းခံလိုက်သည်။

ဆက်လက်ဖတ်ရှုပါရန်...

လေဘေး ရံပုံငွေအတွက် မဲဆောက်မှာ ပန်းချီပြပွဲ ပြုလုပ် (Mizzima)

ချင်းမိုင်။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာ ကျောင်းသားငယ်များနှင့် ပန်းချီဆရာများက လေဘေးရံပုံငွေအတွက် စုပေါင်း ပန်းချီပြပွဲတခုကို ယနေ့တွင် စတင် ဖွင့်လှစ်လိုက်သည်။

မြန်မာပန်းချီဆရာ ၁၄ ဦးနှင့် ရွှေ့ပြောင်းလုပ်သားများ၏ သားသမီးငယ် ကျောင်းသား ၁၇ ဦးက ရေးဆွဲသည့် ပန်းချီကားချပ် ၅၈ ချပ်ကို မြန်မာနိုင်ငံ မြဝတီမြို့ တဖက်ကမ်း မဲဆောက်ရှိ မင်းမဟော်ကျောင်းတွင် တပတ်ကြာ ခင်းကျင်းပြသ ရောင်းချမည် ဖြစ်ကာ ရရှိသည့် ငွေကြေးထဲမှ ၅ဝ ရာခိုင်နှုန်းကို ပြည်တွင်း လေဘေးဒုက္ခသည်များထံ ပေးပို့ လှူဒါန်းသွားမည့် အစီအစဉ် ဖြစ်သည်။
“ရံပုံငွေ ရခဲ့ရင် ကူညီဖို့ပါပဲ။ ကျနော်တို့က ခေါင်းစဉ် ပေးထားတာက နာဂစ်မုန်တိုင်းမှာ ဒုက္ခရောက်နေတဲ့ ပုံရိပ်တွေပေါ့ဗျာ။ နောက်တော့ ဒီပန်းချီဆရာတွေက သရုပ်မှန် နဲ့ မော်ဒန် ခံစားချက်အတိုင်း ရေးဆွဲထားတာ ဖြစ်တယ်” ဟု ပန်းချီပြပွဲ စီစဉ်သူတဦး ဖြစ်သည့် ပန်းချီဆရာ ကိုဉာဏ်စိုးက မဇ္ဈိမကို ပြောသည်။

လေဘေး ဒုက္ခသည်များကို ကမ္ဘာ့က အာရုံ စိုက်လာရေးအတွက် အနုပညာနှင့် ဖော်ပြထားသလို၊ ရရှိလာမည့် ရံပုံငွေများကို လေဘေးသင့်သူ များထံ ပေးပို့ကူညီရန်နှင့် မြန်မာတိုင်းရင်းသား ကလေးငယ်များ ပန်းချီပညာကို စိတ်ဝင်စားလာစေရေးအတွက် လမ်းခင်းပေးရန် ရည်ရွယ်သည် ဟု သူက ဆက်ပြောသည်။ ပန်းချီကား ဈေးနှုန်းများမှာ ထိုင်းဘတ်ငွေ ၅ဝဝ မှ ၅ဝဝဝ အထိ ဖြစ်သည်။

ကိုစောခူစဲ၊ ကိုဉာဏ်စိုး၊ ကိုစောမင်းထွန်း၊ ကိုတင်ကိုကိုဦး၊ ကိုကျော်သိန်း၊ ကိုကျော်ဝင်းနှင့် အခြား ပန်းချီဆရာများ၏ စုပေါင်းတင်ဆက်မှု ဖြစ်သည်။

မဲဆောက်ရှိ CDC, SAW, New Blood နှင့် Minmahaw Education Foundation တွင် အလယ်တန်းနှင့် အထက်တန်းများ၌ ပညာသင်ကြား နေသူ ကျောင်းသားများလည်း ပါဝင်ကာ ပန်းချီကား ၃၂ ကားနှင့် ပန်းချီဆရာများက ၂၆ ကား ရေးဆွဲ ပြသထားသည်။

ပြပွဲအတွက် ပန်းချီ ရေးဆွဲပေးခဲ့သူ ၁၆ နှစ်အရွယ် ကျောင်းသူလေး မသော်တာက “ညီမ ဆွဲခဲ့တာက မြန်မာနိုင်ငံမှာ မုန်တိုင်း ပတ်သက်ပြီးတော့၊ အင်တာနက်ကနေ ကြည့်ပြီးတော့ ကိုယ်ဆွဲတတ်သလို၊ ကိုယ့်ခံစားချက်နဲ့ ဆွဲခဲ့တာပါ။ ပန်းချီဆွဲ အခြေခံတော့ မရှိဘူး။ ခံစားချက်ပေါ့။ ကိုယ် ဆွဲတတ်သလို ဆွဲခဲ့တယ်။ ဆရာက ပြောတယ်၊ ပန်းချီရောင်းလို့ ရတာကို မုန်တိုင်းကြောင့် ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီဖို့ပါတဲ့” ဟု ပြောသည်။

“သမီးက ပန်းချီကို မဆွဲတတ်ပေမဲ့ ခံစားချက်နဲ့ ဆွဲလိုက်တော့ လက်ရာ ကောင်းသွားတယ်လေ။ ဆရာတွေ အဒေါ်တွေ၊ ဦးလေးတွေ၊ မိတ်ဆွေတွေကလည်း အားပေးပါတယ်၊ ချီးကျူးကြတယ်။ သမီးဆွဲတဲ့ ပန်းချီပုံတွေကတော့ တဲပြိုနေတာတို့၊ အိမ်အမိုးတွေ ပျက်တာ၊ တိုင်ပြိုနေတဲ့ နေရာမှာ အဝတ် လှန်းထားတာတို့၊ ဖရိုဖရဲ ဖြစ်နေတဲ့ပုံ ဆွဲခဲ့တာပါ” ဟု ကျောင်းသူလေးက ဆက်ပြောသည်။

ဆက်လက်ဖတ်ရှုပါရန်...

ထက်မြက်အောင်ရွှေဆိုင် ဓားပြမှု (Hitaing)

ရန်ကုန်မြို့ လှိုင်ဈေးရှိ ရွှေဆိုင်အား ဓါးပြတိုက် ၂၀၀၈ ဇွန် ၃ ရန်ကုန်မြို့၊ မြောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် အမှတ် (၁) ရပ်ကွက်။ လှိုင်ဈေးကြီးရှိ လူစည်ကားနေရာတွင်ရှိသည့် ထက်မြက်အောင် ရွှေဆိုင်အား အမည်မသိသူ တဦးက ဓါးပြတိုက်ခဲ့ကြောင်း မြို့ခံတဦးက ပြောပြသည်။
မေလ ၃၁ ရက် စနေနေ့ ညနေ ၆ နာရီခန့်တွင် အမည်မသိလူတဦးက ဓါးအရှည်တချောင်းဖြင့် ထက်မြက်အောင် ရွှေဆိုင်အတွင်း ၀င်ရောက်ပြီး ရွှေဆိုင်ပိုင်ရှင် ဦးချစ်တင်၏ လည်ပင်းအား ဓါးဖြင့်ထောက်၍ ရွှေ ၂၀ ကျပ်သားခန့်ရှိ လက်ဝတ်ရတနာများနှင့် ငွေများ လုယူ ဓါးပြတိုက်သွားကြောင်း သိရသည်။

လှိုင်ဈေးကြီးတွင် ရဲအစောင့်များရှိသည့်အပြင် ရွှေဆိုင်တွင်လည်း လုံခြုံရေးဝန်ထမ်းများ ရှိသော်လည်း ဖမ်းဆီးနိုင်ခြင်းမရှိဘဲ ထွက်ပြေး လွတ်မြောက်သွားကြောင်း၊ နောက်ရက်များမှာ ရဲစခန်းမှ မြောက်ပိုင်းခရိုင်အတွင်းရှိ ဆိုးသွမ်း နာမည်ကျော်သည့် လူမိုက်အချို့ကို ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်နေသော်လည်း ယနေ့အချိန်အထိ ဖမ်းဆီး နိုင်ခြင်းမရှိကြောင်း သိရပါတယ်၊ နာဂစ်မုန်တိုင်းဖြစ်ပွားပြီးနောက်ပိုင်း လူများက ကုန်ဈေးနှုန်း အဆမတန်မြင့်မားလာပြီး စားဝတ်နေရေး ခက်ခဲ လာသောကြောင့် ယခုကဲ့သို့ လုယက်မှုများ ဖြစ်ပွားလာရခြင်းဖြစ်သည်ဟု အဆိုပါ မြို့ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ လဆန်းပိုင်းက ဖြစ်ပွားခဲ့သော ရန်ကုန်မြို့ ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်းတွင် ၅ လောင်းပြိုင် လူသတ်မှုသည်လည်း တိတိကျကျ တရားခံဖော်ထုတ်နိုင်ခြင်းမရှိပေ၊ ပြည်တွင်း ဂျာနယ်များတွင် “စိမ်းလဲ့ကန်သာလမ်း လူသတ်မှု ပါလီမန်ခေတ်က အချမ်းသာဆုံး ငွေကိုလေလိုသုံးသူ မိသားစုဝင်အချို့သေဆုံး” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဂျာနယ်များ ရောင်းမလောက်ဖြစ်ခဲ့ရသည်။ စစ်အစိုးရက တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိသော်လည်း စိမ်းလဲ့ကန်သာလူသတ်မှုအကြောင်း ဖော်ပြခဲ့တဲ့ ဗွိုက်စ်ဂျာနယ်နှင့် ဆဲဗင်းဒေးဂျယ်နယ် များကို စာပေစိစစ်ရေးရုံးက ပြင်းထန်စွာသတိပေးကာ ၀န်ခံလက်မှတ်များရေးထားခဲ့ရကြောင်း သိရပါတယ်၊

ဆက်လက်ဖတ်ရှုပါရန်...

မုန်တိုင်းအပျက်အစီး အကဲဖြတ်ရန် ကျွမ်းကျင်သူ (၂၀၀) အာဆီယံစေလွှတ် (NEJ)

နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံ၏ ပျက်စီးဆုံးရှုံးးမှုပမာဏကို စာရင်းပြုစုရန် ကျွမ်းကျင်သူ (၂၀၀) ပါဝင်သည့် အာဆီယံ အရေးပေါ်အမြန် အကဲဖြတ်ရေးအဖွဲ့ (ERAT) ကို ဧရာဝတီ
မြစ်ဝကျွန်းပေါ်ဒေသသို့ ယနေ့ စတင်စေလွှတ်လိုက်ပြီဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ရုံးက သတင်းထုတ်ပြန်သည်။

အာဆီယံ၊ ကုလသမဂ္ဂနှင့် မြန်မာစစ်အစိုးရတို့ ပါဝင်သည့် သုံးပွင့်ဆိုင်အဖွဲ့က ယနေ့ ရန်ကုန်မြို့၌ ပြုလုပ်သည့် အစည်းအဝေးအပြီး စေလွှတ်ခြင်းဖြစ်ပြီး ထိုအဖွဲ့သည် ဆိုင်ကလုန်းဒဏ်ခံရသည့်
မြစ်ဝကျွန်းပေါ်ဒေသသို့ သွားရောက်၍ အပျက်အစီးများနှင့် လေဘေးဒုက္ခသည်များအတွက် အရေးပေါ် လိုအပ်ချက်များကို ပြည့်ပြည့်စုံစုံ လေ့လာအကဲဖြတ်၍ အစီရင်ခံစာပြုစုမည်ဟု အာဆီယံအဖွဲ့က ပြောသည်။

မုန်တိုင်းဒဏ်ခံရသည့် အဓိကမြို့နယ် (၂) ခုဖြစ်သည့် လပွတ္တာနှင့် ဖျာပုံမြို့နယ်များသို့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်၏ ရဟတ်ယာဉ်ဖြင့် အဖွဲ့ (၂) ဖွဲ့ ကြိုတင်သွားရောက်၍ လုပ်ငန်းစတင် လုပ်ကိုင်မည်ဖြစ်ဟု အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝန်၏ ပြောကြားချက်ကို အာဆီယံ အင်တာနက်စာမျက်နှာတွင် ဖော်ပြသည်။

၎င်းက “ဒီပူးတွဲအကဲဖြတ်အဖွဲ့အပေါ်မှာ ကျနော်တို့ မျှော်လင့်ချက်တွေ အများကြီးထားပါတယ်။ သူတို့ ထုတ်ပြန်မယ့် အစီရင်ခံစာအပေါ် အခြေခံပြီး နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံရသူတွေရဲ့ လိုအပ်ချက်တွေကို ဖော်ထုတ်နိုင်လိမ့်မယ်၊ ပြီးတော့ အလိုအပ်ဆုံး ဒေသတွေမှာ ကျနော်တို့ရဲ့ ခွန်အားစိုက် လုပ်ကိုင်နေမှုကို အရှိန်မြှင့်ပြီး ဆောင်ရွက်နိုင်ပါလိမ့်မယ်” ဟု ပြောသည်။

အာဆီယံအကဲဖြတ်အဖွဲ့ကို ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) တို့က ထောက်ပံ့ ပေးခြင်းဖြစ်ပြီး အကဲဖြတ်အဖွဲ့၌ ကမ္ဘာ့ဘဏ်မှ ကျွမ်းကျင်သူ (၁၈) ဦးနှင့် အေဒီဘီမှ (၈) ဦး တို့လည်း ပါဝင်သည်။ မုန်တိုင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ရရှိရေး ပူးပေါင်း ဆောင်ရွက်ရန် နအဖ၀န်ကြီးဌာန (၁၈) ခုမှ အရာရှိ (၅၄) ဦးတို့ကို အာဆီယံအကဲဖြတ်အဖွဲ့က သင်တန်းပေးထားပြီးဖြစ်သည်။

အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံ မုန်တိုင်းဒဏ်ခံရပြီး သီတင်း (၂) ပတ်ကျော် အကြာ၌ မုန်တိုင်း ဘေးအကူ အညီပေးရေးနှင့် ပတ်သက်သည့် အရေးပေါ်အစည်းအဝေး စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့ပြီး ယခု (၁) လကျော် အကြာ၌ မုန်တိုင်းနှင့် ပတ်သက်သည့် အစီရင်ခံစာ ထုတ်ပြန်ရန် အချက်အလက် စတင်ကောက်ယူခြင်းဖြစ်သည်။

မုန်တိုင်းကြောင့် သေဆုံးသူပေါင်း (၇၇,၇၃၈) ဦး နှင့် ပျောက်ဆုံးသူပေါင်း (၅၅,၉၁၇) ဦးရှိကြောင်း မေ (၁၆) ရက်တွင် မြန်မာစစ်အစိုးရက နောက်ဆုံးရ စာရင်းထုတ်ပြန်ပြီး နောက်ထပ်ကြေညာခြင်း မရှိချေ။ ကုလသမဂ္ဂက သေဆုံးသူနှင့် ပျောက်ဆုံးသူ (၁၃၃,၀၀၀) ရှိပြီး မုန်တိုင်းဒဏ်ခံရသူပေါင်း (၂.၄) သန်းရှိသည်ဟု ခန့်မှန်းထားသည်။

ကယ်ဆယ်ရေးလုပ်သားများနှင့် အစိုးရမဟုတ်သောအဖွဲ့များက သေကျေပျက်စီးမှုပမာဏသည် စစ်အစိုးရ ထုတ်ပြန်သည်ထက် ပိုများမည်ဟု ခန့်မှန်းပြောဆိုကြသော်လည်း တိကျရေရာသည့် စာရင်းထုတ်ပြန်နိုင်ခြင်း မရှိသေးချေ။

အာဆီယံအကဲဖြတ်အဖွဲ့သည် ဆိုင်ကလုန်းဒဏ်ခံရသည့် ဒေသတခုလုံးကို ခြုံငုံစာရင်းကောက် ယူ၍ တိုက်ရိုက် ရရှိသည့် သတင်းအချက်အလက်များ စုဆောင်းကာ ဇွန် (၂၄) ရက် လုပ်ငန်းအဖွဲ့ အစည်းအဝေး၌ ပဏာမ အစီရင်ခံစာ တင်သွင်းမည်ဖြစ်ပြီး ဇူလိုင်လလယ်၌ အဆုံးသတ် အစီရင် ခံစာ ထုတ်ပြန်မည်ဟုသိရသည်။

ဆက်လက်ဖတ်ရှုပါရန်...

နောက်ထပ် ကုလ ရဟတ်ယာဉ် ၅ စင်းကို မြန်မာပြည်ထဲ ၀င်ခွင့်ပြုပြီ (Mizzima)

နယူးဒေလီ။ ။ ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့၏ ရဟတ်ယာဉ် နောက်ထပ် ၅ စင်းကို ဆိုင်ကလုံးဒဏ်ခံ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ ကယ်ဆယ် ထောက်ပံ့ရေး လုပ်ငန်းများတွင် အသုံးပြုရန် မြန်မာ အာဏာပိုင်များက ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

အနည်းငယ်ပင် အချိန်နှောင်းမှ ပေါ်ထွက်လာသော ခွင်ပြုချက်အရ ထိုင်းနိုင်ငံ ဘန်ကောက်တွင် ရပ်နား စောင့်ဆိုင်းနေရသော ရဟတ်ယာဉ် ၉ စင်းအနက်မှ ၅ စင်းသည် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ပျံသန်းမည် ဖြစ်ကြောင်း စားနပ်ရိက္ခာ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အီဒစ် ရှန်ပိန်းက ပြောကြားလိုက်သည်။


"စီစဉ်ထားတဲ့အတိုင်း အဆင်ပြေ ချောချောမွေ့မွေ့ဖြစ်ပြီး ရာသီဥတု ကောင်းမွန်မယ်ဆိုရင် မနက်ဖြန် မနက်ကို ငါးစင်း (ရဟတ်ယာဉ်) ထွက်ခွာမှာ ဖြစ်တယ်" ဟု ရှန်ပိန်းက မဇ္ဈိမသို့ ပြောသည်။

ရန်ကုန်တွင် ရပ်နားထားသော ယခင်က ကြိုရောက်နေသည့် ရဟတ်ယာဉ် တစင်းသည်လည်း အာဏာပိုင်များ၏ ခွင့်ပြုချက် ရရှိပြီးနောက် မြစ်ဝကျွန်းပေါ်သို့ ပျံသန်းနေခဲ့သည်ဟု သူမက ပြောသည်။

တင်္နလာနေ့မှစ၍ အဆိုးရွားဆုံး ဒဏ်ခံခဲ့ရသည့် မြစ်ဝကျွန်းပေါ် ဒေသသို့ ထောက်ပံ့ပစ္စည်းများ တင်ဆောင်ကာ အနည်းဆုံး လေးကြိမ် ပျံသန်းခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

မုန်တိုင်းမှ သေကံမရောက် သက်မပျောက်ခဲ့သူများကို ထောက်ပံ့ရန် ကုန်ပစ္စည်းများ အပါအ၀င် ကုန်တင် ရဟတ်ယာဉ် ၁၂ စင်းနှင့် စစ်သား ၅ ထောင်ကျော်ပါသည့် အမေရိကန် စစ်သင်္ဘော USS Essex ဦးဆောင်သော ရေတပ်သင်္ဘော လေးစင်းကို မြန်မာ့ကမ်းလွန် အနီးမှ ဆုတ်ခွာ တော့မည်ဟု အမေရိကန်က ကြေညာခဲ့ပြီးနောက် စစ်အစိုးရ၏ ယခုခွင့်ပြုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မြန်မာ စစ်အစိုးရက ခွင့်မပြုသဖြင့် သုံးပတ်ကျော်ကြာ စောင့်ဆိုင်းနေပြီးမှ USS Essex သင်္ဘောအုပ်စုသည် ထိုင်းကမ်းလွန်သို့ ပြန်လည် ရွှေ့ပြောင်းတော့မည် ဖြစ်ကြောင်း အမေရိကန်က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ အဆိုအရ ဆိုင်ကလုံးဒုက္ခသည် ၂.၄ သန်းအနက် ၁ သန်းကျော်မှာ အထောက်အပံ့ အကူအညီ တစုံတရာ မရသေးဟု ဆိုသည်။

ဆက်သွယ်ရေးနှင့် ကူးသန်း ပို့ဆောင်ရေး အခက်အခဲကြောင့် ဆိုင်ကလုံးဒဏ် ဆိုးရွားစွာ ခံခဲ့ရသည့် ကျေးရွာ အများအပြားသို့ အကူအညီများ မရောက်ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေး လုပ်သားများက ပြောကြသည်။

လပွတ္တာမြို့တွင် ထောက်ပံ့ရေး ပစ္စည်းများ ဖြန့်ဖြူးပေးရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ ရန်ကုန်အခြေစိုက် ကယ်ဆယ်ရေး လုပ်သားတဦးက ဝေးလံ ခေါင်ဖျားရှိ ကျေးရွာသားများက သူတို့ အနေဖြင့် အကူအညီ မရရှိကြသေးကြောင်း ပြောပြပြီး အကူအညီ တောင်းခံမှုများ ရှိနေသည်ဟု ဆိုသည်။

"ပြောရရင်တော့ သူတို့တွေ ဘယ်အကူအညီမှ မရကြသေးဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲလို့" ဟု ကယ်ဆယ်ရေး လုပ်သားတဦးက မဇ္ဈိမသို့ တင်္နလာနေ့က ပြောသည်။

ဆက်လက်ဖတ်ရှုပါရန်...

ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၏သား မူးယစ်ဆေး ရောင်းဝယ်မှုဖြင့် အဖမ်းခံရ (Mizzima)

ရန်ကုန်။ ။ မြန်မာ ထိပ်တန်း စစ်ဗိုလ်ချုပ်တဦး၏ သားဖြစ်သူသည် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသည်ဟု စွပ်စွဲခံရပြီး ဖမ်းဆီး ချုပ်နှောင် ခံထားရသည်။

စစ်ထောက်လှမ်းရေးများနှင့် ရဲများ ပါဝင်သော ပူးပေါင်းအဖွဲ့ တဖွဲ့က အထူးစစ်ဆင်ရေး (၁) အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲမြင့်ပိုင် ကြည့်မြင်တိုင်မြို့နယ်ရှိ ကုမ္ပဏီကို ၀င်ရောက်စီးနင်း ရှာဖွေပြီးနောက် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

အောင်ဇော်ရဲမြင့်သည် ရုပ်ရှင် အသိုင်းအ၀ိုင်းရှိ နာမည်ကျော်များကို မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သံသယရှိသည်ဟု ရဲသတင်း ရပ်ကွက်က ဆိုသည်။

စွပ်စွဲခံထားရသူသည် ကြည့်မြင်တိုင်မြို့နယ် ပန်းလှိုင်လမ်းထိပ်ရှိ ရဲတံခွန်တာဝါ အဆောက်အဦရှိ ရဲတံခွန် ဆောက်လုပ်ရေး ကုမ္ပဏီကို ပိုင်ဆိုင်သူ ဖြစ်သည်။

အသက် ၂၉ နှစ်အရွယ် အောင်ဇော်ရဲမြင့်ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်အတွင်း ထိန်းသိမ်းထားသည်ဟု ယုံကြည်ရသည်။

ရုပ်ရှင်သရုပ်ဆောင် မင်းသမီးတဦးလည်း အမှုတွင် ပတ်သက်နေမှုဖြင့် အဖမ်းခံထားရသည်ဟု သိရသော်လည်း မဇ္ဈိမအနေဖြင့် မည်သူမည်ဝါ ဖြစ်သည်ကို ယခုအထိ အတည်ပြု၍ မရသေးပါ။

မြန်မာနိုင်ငံရှိ ရုပ်ရှင် အကျော်အမော်များအတွင်း အက်ကစီ၊ ရာဘ ခေါ် ရာမနှင့် ဘိန်းဖြူတို့ သုံးစွဲမှုများ ရှိသည်ကို လူသိများကြသည်။

ဆက်လက်ဖတ်ရှုပါရန်...

ဘိုကလေးသို့ လက်တွန်းထွန်စက်များ ရောက်ရှိ (Mizzima)

ဘိုကလေး။ ။ လေးဘေးဒဏ်သင့် ဒေသတခု ဖြစ်သည့် ဧရာဝတီတိုင်း ဖျာပုံခရိုင် ဘိုကလေးမြို့နယ်သို့ အစိုးရမှ ထောက်ပံ့သော လက်တွန်းထွန်စက်များ ယနေ့ ရောက်ရှိလာသည်။

မိုးစပါးအတွက် ပျိုးစိုက်ချိန်အမှီ ထွန်ယက် စိုက်ပျိုးနိုင်ရန်အတွက် လယ်ယာနှင့် ဆည်မြောင်း ၀န်ကြီးဌာန အစီအစဉ်ဖြင့် လက်တွန်း လယ်ထွန်စက် (ဧရာ-၁) အမျိုးအစားများနှင့် စက်သုံး အပိုပစ္စည်းများကို စစ်ဘက် သယ်ယူပို့ဆောင်ရေး ကား ၁၀၀ ခန့်ဖြင့် ယနေ့ နံနက်ပိုင်းက ရောက်ရှိလာခြင်း ဖြစ်သည်။

ယခုလို လယ်ထွန်စက်များ ဘိုကလေးမြို့ပေါ်သို့ ရောက်ရှိ မလာခင်ကတည်းက မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သက်ဆိုင်ရာမှ ကျွဲနွားများ ချပေးနေသည်ဟု ပြောဆိုခဲ့သော်လည်း ယခုထိ ရောက်ရှိလာခြင်း မရှိသေးပါ။

အထောက်အပံ့ အကူအညီများ အလျင်အမြန် ရမည်ဆိုလျှင် ပြန်လည် စိုက်ပျိုးခွင့် သာမည်ဟု ဒေသခံအချို့က ဆိုသည်။

ဘိုကလေးအပိုင် ဧရာတန်ကျေးရွာမှ ရွာသားတဦးက ''မုန်တိုင်းဒဏ်ကြောင့် စိုက်ပျိုးမြေတွေထဲ ရေငံတွေ ၀င်ပေမယ့် မိုးများတဲ့ ဒေသဖြစ်လို့ လယ်ယာတွေကို အချိန်မှီရင် ပြန်စိုက်ပျိုးနိုင်ပါတယ်'' ဟု ပြောသည်။

သူက ''လေနဲ့ရေ တပြိုင်ထဲ တိုက်ခတ်လို့ မျိုးစပါးတွေ ဆုံးရှုံးခဲ့ရတယ်။ ကျွဲတွေပါ ဆုံးရှုံးးခဲ့တယ်။ အခု ရွာမှာ ဧက ၇၀ ကျော်ကို ကျွဲ ၂ ကောင်နဲ့ အလှည့်ကျ ထွန်ယက်နေရတယ်။ လက်ရှိ အချိန်အထိတော့ မျိုးစပါးတွေ မရောက်သေးပါဘူး။ တကယ်လို့ မျိုးရရင် အလွယ်တကူ ပြန်စိုက်နိုင်ဖို့ အခုလို ထွန်နေတာပါ'' ဟု ဆက်ပြောသည်။

မြို့နယ်အတွင်းရှိ လေဘေးသင့် ကျေးရွာများမှာ အစားအသောက်အတွက် လာရောက်လှူဒါန်းသော စေတနာရှင်များကိုသာ မှီခိုနေရသေးသည်။

ပြီးခဲ့သည့်လ ၂-၃ ရက်နေ့များတွင် နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံသို့ ဖြတ်သန်း တိုက်ခတ်သွားရာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကာ ဆန်စပါး အဓိက ထွက်ရှိရာ ဧရာဝတီတိုင်းတွင် ဆုံးရှုံးမှု ကြီးမားခဲ့ပြီး လူအသေအပျောက် အများဆုံးနှင့် စိုက်ပျိုးမြေဧကများစွာ ထိခိုက် ဆုံးရှုံးခဲ့ရသည်။

ဆက်လက်ဖတ်ရှုပါရန်...

Thursday, June 5, 2008

လန်ဒန် မြန်မာသံရုံးမှ အမျိုးသမီး မြန်မာသံတမန်တဦး ထွက်ပြေးပြီ (NEJ)

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ မြန်မာသံရုံးမှ သံတမန်အမျိုးသမီးတဦး မိသားစုနှင့်အတူ ဇွန်လ (၄) ရက်နေ့က ထွက်ပြေးသွားသည်ဟု ခိုင်လုံသည့် သံတမန် သတင်းရပ်ကွက်က ပြောသည်။

လန်ဒန်မြို့ မြန်မာသံရုံးမှ ယနေ့ ထွက်ပြေးသွားသူမှာ ရုံးအုပ်ကြီးအဆင့်ရှိ ဒေါ်နွယ်နီဖြစ်ပြီး ခင်ပွန်းသည်၊ သားဖြစ်သူတို့နှင့်အတူ ထွက်ပြေးသွားခြင်းဖြစ်သည်။ မြန်မာသံတမန် ဒေါ်နွယ်နီ ထွက်ပြေးခြင်း အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးဟု လန်ဒန် မြန်မာသံရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

ထွက်ပြေးသူ မြန်မာသံတမန် ဒေါ်နွယ်နီ၏ ခင်ပွန်းမှာ အင်ဂျင်နီယာတဦးဖြစ်ပြီး အစောပိုင်း ကတည်းက အပြင်မှာ အလုပ် ခိုးလုပ်နေသူ ဖြစ်သည်ဟု စုံစမ်းသိရသည်။

ထွက်ပြေးသူ ဒေါ်နွယ်နီ၏ ခင်ပွန်းမှာ လန်ဒန် မြန်မာသံအမတ်ကြီး ဗိုလ်မှူးချုပ်နေ၀င်းနှင့်
အထူးရင်းနှီးသူလည်းဖြစ်သည့်အတွက် မြန်မာသံအမတ်ကြီး ဗိုလ်မှူးချုပ်နေ၀င်း၏ ခွင့်ပြုချက်ဖြင့် အပြင်မှာ အလုပ်လုပ်နေသလားဆိုသည်မှာ အတိအကျ မသိရဟု သံတမန်သတင်းရပ်ကွက်က ပြောသည်။ ခေတ်ပြိုင်မှ လန်ဒန် မြန်မာသံအမတ်ကြီး ဗိုလ်မှူးချုပ်နေ၀င်းကို ဖုန်းဖြင့် မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ်မရခဲ့ပါ။

ဆက်လက်ဖတ်ရှုပါရန်...

နာဂစ် ရံပုံငွေအတွက် ထိုင်း နာမည်ကြီးအဆိုတော်များ ဖျော်ဖြေပွဲကျင်းပ (NMG)

နာဂစ် လေဘေးဒုက္ခသည်များအား ကူညီရန် ရံပုံငွေ ကောက်ခံသည့်အနေဖြင့် ထိုင်းနာမည်ကြီးအဆိုတော်များ ပါဝင်သည့် အဆို၊ အက များနှင့် ဖျော်ဖြေပွဲကို အဲန်ဂျီအို အဖွဲ့စည်းများမှ ဦးဆောင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက် မြို့တွင် ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပသည်။

ထိုင်းနာမည်ကြီး အဆိုတော်များဖြစ်သည့် ခလ၀ါး၊ ခလဘောင်း အပါဝင် လူငယ်အဆိုတော် အယောက် (၂၀) ကျော်တို့ ပါဝင် သီဆိုပြီး၊ ထိုင်းရိုးရာယဉ်ကျေးမှု အတီးမှုတ် အဆိုကများနှင့် ဖျော်ဖြေကြသည်။

ဖန်ငခရိုင် အခြေခံလူထု လူ့အခွင့်ရေးပညာပေးဌာနက ဖွင့်လှစ်ထားသည့် စာသင်ကျောင်းမှ ကျောင်းသူကျောင်း သားများကလည်း တိုင်းရင်းသားရိုးရာအကဖြင့် ဖျော်ဖြေသည်ဟု တာဝန်ခံ ဦးထူးချစ်ကပြောသည်။

“ကျနော်တို့စီစဉ်ထားတာကတော့ ကျနော်တို့ကျောင်းက ကလေးမလေးတွေ ရှမ်းတိုင်းရင်းသားအက နဲ့ ရိုးရာသင်္ကြန်ကနှစ်မျိုးကမယ်။ ကျနော်တို့အဖွဲ့စည်းအနေနဲ့ ဖြစ်ပျက်နေတဲ့ အဖြစ်ပျက်တွေ၊ လူ သေအလောင်းပုံတွေ အချို့သတင်းစာတွေမှာပါတဲ့ အချက်လက်ကို စာအုပ်လုပ်ပြီး ခင်းကျင်းပြသ ထားတယ်။”

မြန်မာပြည်သူများ အခက်အခဲများ ကြုံတွေ့ချိန်တွင် အကူအညီပေးခြင်းဖြင့် မြန်မာနှင့် ထိုင်းပြည်သူများ အကြား ပိုမိုနားလည်လာစေမည်ဟု ဦးဆောင်ကျင်းပသူတဦးက ပြောသည်။

တက်ရောက်လာသည့် ပရိတ်ဿတ်များထံမှ ရံပုံငွေကောက်ခံကာ မုန်တိုင်းဘေးသင့်သူများ ကို ကူညီသွားမည် ဟု ဦးထူးချစ်ကဆက်ပြောသည်။

“လာကြည့်တဲ့လူတွေ အဓိကထိုင်းတွေကို အလှူခံ မယ်ပေါ့။ အဓိက က ထိုင်းလူမျိုးတွေကြားမှာ ကျ နော်တို့ မြန်မာလူမျိုးတွေကို နည်းနည်းလေး ဘယ်လိုပြောမလဲ ကိုယ်ချင်းစာ သနားညှာတာမှု ရှိအောင် ကျနော်တို့လူမျိုးတွေ ဘယ်လိုဒုက္ခ ဖြစ်တယ် ခုလိုဘေးဒုက္ခ ကြုံနေချိန် မြန်မာအစိုးရအနေ နဲ့ ဘယ်လိုလျစ်လျူရှုတယ် ဆိုတဲ့အကြောင်း သူတို့ကို သိစေချင်တယ်။ ”

ကောက်ယူရရှိသည့် ရံပုံငွေများကို ထိုင်းလူ့အခွင့်ရေးလှုပ်ရှားမှု ကော်မတီမှ ဦးဆောင်ပြီး မြန်မာနိုင်ငံတွင်းသို့ သွားရောက်ကူညီနေသည့် ထိုင်းအဲန်ဂျီအို အဖွဲ့စည်းများထံ လွှဲပြောင်း ပေးအပ်မည်ဟု သိရသည်။

ဆက်လက်ဖတ်ရှုပါရန်...

လူုမှုကယ်ဆယ်ရေး စေတနာရှင်၊ အနုပညာရှင် ဇာဂနာကို စစ်အစိုးရက ဖမ်း (Moemaka)

ရန်ကုန် စံတော်ချိန် ည ၁၁ နာရီက အနုပညာရှင် ဇာဂနာ၏ နေအိမ်ကို အထူးစုံစမ်းရေး၊ မြို့နယ်ရပ်ကွက် အာဏာပိုင်များအပါအ၀င် ပုဂ္ဂိုလ် ၉ ဦးဝင်ရောက်ပြီး ၄င်းအား စစ်ဆေးမေးမြန်းရန်အတွက် ခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။

ဇာဂနာ သည် နိုင်ငံရေး အကျဉ်းသားဟောင်း၊ စစ်အစိုးရက အနုပညာလှုပ်ရှားခွင့်များ ပိတ်ပင်ထားသော အနုပညာရှင်၊ ၂၀၀၇ သံဃာအရေးအခင်းတွင် အဖိနှိပ်ခံ သံဃာတော်များ၊ လူငယ်များဖက် ရပ်တည်သူ၊ ၂၀၀၈ မေ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများကို စေတနာဝန်ထမ်း ဦးဆောင်သူ ထင်ရှားသည့် အနုပညာရှင်တဦး ဖြစ်သည်။

စစ်အာဏာပိုင်များက နာဂစ်မုန်တိုင်းကယ်ဆယ်ရေး စေတနာဝန်ထမ်း လုပ်ကိုင်နေသူများကို ၄င်းတို့ စာနယ်ဇင်းများကနေပြီး တိုင်းပြည် အရှက်နှင့် သိက္ခာကို ထိန်းသိမ်းကြရန်၊ ဒုက္ခသည်များကို တောင်းရမ်းစားသောက်သူများအဖြစ် နိုင်ငံတကာအလည်မှာ မတင်ပြရန်၊ နိုင်ငံတော်က မုန်တိုင်းကယ်ဆယ်ရေးကို ကောင်းမွန်ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ကြောင်း စသည်တို့ဖြင့် ၀ါဒ ဖြန့်နေခဲ့သည်။

ဇာဂနာတို့၏ စေတနာဝန်ထမ်း ကယ်ဆယ်စောင့်ရှောက်ရေး လုပ်ငန်းများကို စစ်အုပ်စုက နောက်ကွယ်မှနေပြီး နည်းမျိုးစုံဖြင့် အနှောက်အယှက်ပေးနေကြောင်း၊ မိတ်ဆွေ အနုပညာရှင်များဖြစ်သည့် အရိုင်း၊ ငှက်ပြောကြော်တို့ကို ကူညီစောင့်ရှောက်လုပ်ငန်းများနှင့် ပတ်သက်ပြီး ခေါ်ယူစစ်ဆေးကြောင်း၊ အကူအညီအရောက်နည်းသည့် ဒေသများကို သွားရောက်နိုင်ရေးအတွက် ကုလအဖွဲ့တခုကို ဇာဂနာက အကူအညီတောင်းခဲ့ရာတွင်လည်း ၄င်းအဖွဲ့က စစ်အုပ်စု ငြိုငြင်မည်ကို စိုးရိမ်ပြီး မိမိတို့ကို ငြင်းဆိုခဲ့ကြောင်း၊ နိုင်ငံတကာ၏ တရားဝင် အကူအညီများ ထိရောက်စွာ မရောက် ရှိသေးကြောင်း စသည် အတွေ့အကြုံနှင့် ခံစားချက်တို့ကို ပြည်သူသို့ လွတ်လပ်ပွင့်လင်းစွာဖြင့် ဇာဂနာက ဝေဖန်ပြောဆိုခဲ့သည်။

ဇာဂနာဦးဆောင်သည့် လူငယ်နှင့် အနုပညာရှင်များ၊ ကျော်သူ ရွှေဇီးကွက် ဦးဆောင်သည့် နာရေးကူညီမှု အသင်းကြီးတို့နှင့်အတူ မုန်တိုင်းကယ်ဆယ်ရေးကို မြန်မာလူငယ် စေတနာရှင် အစုအဖွဲ့များက စောလျင်စွာ ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ခဲ့ကြပြီး ဆရာတော်များ၊ သံဃာတော်များကလည်း တအပ်တအား ဆောင်ရွက်နေကြချိန်၊ မြန်မာပြည်တ၀ှမ်း လူထု လူတန်းစား အသီးသီးက စေတနာ ထက်သန်စွာ လိုက်လံ ၀ိုင်းယံနေကြချိန်တွင် စစ်အုပ်စုက ထိုသို့ ဇာဂနာကို ဖမ်းဆီးခြင်းဖြစ်သည်။

ဖမ်းဆီးသူများက ဇာဂနာ့အိမ်သားများကို သတင်းဌာနများသို့ အကြောင်းမကြားရန်နှင့် ဆွေးနွေးမှုများ ပြီးဆုံးပါက အမြန်ဆုံး အိမ်ပြန်ပို့ပေးမည် ဖြစ်ကြောင်း ပြောကြားသွားသည်ဟု သိရသည်။

ဆက်လက်ဖတ်ရှုပါရန်...

လူကုန်ကူးမှု အဆိုးဆုံးအဆင့်မှာ မြန်မာနိုင်ငံ ၇-နှစ် ဆက်တိုက်ပါဝင်နေ (VOA)

အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့က ထုတ်ပြန်လိုက်တဲ့ လူကုန်ကူးမှု အစီရင်ခံစာထဲ ကမ္ဘာပေါ်က လူကုန်ကူးမှုအဆိုးဆုံးနိုင်ငံ ၁၄နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်းပါဝင်ပါတယ်။ မြန်မာနိုင်ငံဟာ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လူကုန်ကူးမှုနိုင်ငံ အဆိုးဆုံးစာရင်းထဲမှာ ပါဝင်တာ ဒါဆိုရင် ၇နှစ်မြောက် ဆက်တိုက်လို့ ပြောရမှာပါ။ အဆင့် သုံးဆင့် သတ်မှတ်ထားတဲ့အထဲ မြန်မာနိုင်ငံပါဝင်တဲ့ အဆင့် သုံးပါ နိုင်ငံတွေမှာဆိုရင် အစိုးရတွေကနေ လူကုန်ကူးမှုကာကွယ်တိုက်ဖျက်ရေးအတွက် အနိမ့်ဆုံးစံသတ်မှတ်ချက်တွေကိုတောင် ပြည့်ဝအောင် မဆောင်ရွက်တဲ့အပြင် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက်လည်း ထိရောက်တဲ့ကြိုးပမ်းမှုတွေ ဆောင်ရွက်တာမရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာနက အပြစ်တင်ထားပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့တော့ ဒီနှစ် အလေးပေးဖော်ပြချက်မှာတော့ လူတွေကို ကျေးကျွန်တွေလို့ အတင်းအဓမ္မလုပ် အားပေးခိုင်း စေတယ်ဆိုတဲ့အချက်ပါ။ ပြည်တွင်းမှာ ဒီပြဿနာမျိုးတွေ ရှိနေတဲ့အပြင်၊ စီးပွားရေးပြဿနာနဲ့ နိုင်ငံရေးနှိပ်ကွပ်မှုတွေကြောင့် အိမ်နီးချင်း တိုင်းပြည်တွေကို ထွက်ပြေးအလုပ်လုပ်ကြရတဲ့ မြန်မာနိုင်ငံသားတွေဟာလည်း အလားတူ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေတာ လူကုန်ကူးတာတွေရဲ့ သားကောင်းတွေ ဖြစ်ရရှာတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက အစီရင်ခံစာက ထောက်ပြထားပါတယ်။

ကမ္ဘာမှာတော့ ကလေးနဲ့အမျိုးသမီးတွေဟာ လူကုန်ကူးသူတွေရဲ့ သားကောင်ဖြစ်ရရှာတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က အစီရင်ခံစာ ထုတ်ပြန်တဲ့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။

လူကုန်ကူးသူတွေဟာ ကျမတို့ လူ့အဖွဲ့အစည်းရဲ့ အားအနည်းဆုံးလူသားတွေ အထူးသဖြင့် အမျိုးသမီးနဲ့ကလေးတွေကို ပစ်မှတ်ထား ကြပါတယ်။ သူတို့ရဲ့ အားနည်းချက်ကိုသုံးပြီးတော့ သူတို့ကို ကျေးကျွန်အဖြစ် အသုံးပြုကြပါတယ်။

အတင်းအဓမ္မလုပ်အားပေးခိုင်းစေဖို့နဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေအတွက် လူကုန်ကူးမှုတွေမှာ မြန်မာနိုင်ငံသား အမျိုးသမီးတွေ ကလေးငယ်တွေနဲ့ အမျိုးသားတွေဟာ ပစ်မှတ်ဖြစ်နေတယ်လို့ အမေရိကန်နိုင်ငံခြားဌာန အစီရင်ခံစာက ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံက အမျိုးသမီးနဲ့ကလေးတွေဟာ ထိုင်း၊ တရုတ်။ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ္စတန် မလေးရှား တောင်ကိုရီးယားနဲ့ မကာအိုနိုင်ငံတွေကို လူကုန်ကူးခံရပြီးတော့ လိင်ဖျော်ဖြေရေးအလုပ်တွေ အချုပ်အနှောင်အိမ်တွင်းအခိုင်းအစေဘ၀တွေနဲ့ အတင်းအဓမ္မလုပ်အား ပေးခိုင်းစေတာမျိုးတွေမှာ အသုံးချခံရတယ်လို့ ဖော်ပြပါတယ်။ လူကုန်ကူးမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံတွင်းဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောခွင့်ရသူ သံအမတ်ကြီး Mark P.Lagon က ဗီအိုအေကို အခုလို ပြောပါတယ်။

မြန်မာနိုင်ငံဟာ အဆင့်သုံးဆင့်မှာ ရှိနေဆဲပါ။ ဒီအဆင့်မှာရှိတဲ့ နိုင်ငံတွေမှာဆိုရင် လူကုန်ကူးမှုပြဿနာဟာ ကမ္ဘာပေါ်မှာ အဆိုးဆုံးအဖြစ်ရှိနေပါတယ်။ မြန်မာအစိုးရဟာ သူ့မှာ တာဝန်ရှိတဲ့အတိုင်း ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းမှုမရှိတဲ့အပြင် ဒီအစိုးရရဲ့ နိုင်ငံရေးနှိပ်ကွပ်မှုတွေကြောင့် ပြည်သူတွေဟာ တိုင်းပြည်ပြင်ပကို ထွက်ပြေးကြရတာလည်း ဖြစ်နေပါတယ်။ ဒီကနေ ထိုင်းနိုင်ငံလို အိမ်နီးချင်းနိုင်ငံတွေကို လူကုန်ကူးခံရတာတွေ ဖြစ်လာပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ အစိုးရအာဏာပိုင်တွေကနေ လူကုန်ကူးမှုတိုက်ဖျက်ရေးကော်မတီဆိုတာကို ဖွဲ့စည်းပြီးတော့ နယ်စပ်ဒေသတွေမှာ လက်တွေ့ဖြေရှင်းဆောင်ရွက်နေတယ်လို့ မကြာခဏ မြန်မာအစိုးရမီဒီယာတွေမှာ တွေ့နေရပါတယ်။ ဒီအခြေအနေကရော တိုးတက်မှုတခုအနေနဲ့ မြင်လို့မရဘူးလားလို့ သံအမတ်ကြီး Lagon ကို မေးကြည့်ပါတယ်။

အခုလို ဒီ လူကုန်ကူးမှုကို ကာကွယ်ဖို့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေအကြား ကော်မတီတရပ်ဖွဲ့စည်းတာဟာ အရေးကြီးတဲ့ ဆောင်ရွက်ချက်ဖြစ်ပါတယ်။ ဒါပေမယ့်လို့ လူကုန်ကူးမှု ကျူးလွန်သူတွေကို အရေးယူတာမျိုးတွေကတော့ မရှိသလောက်ပါပဲ။ သူတို့က ဒီပြဿနာကို တရားမ၀င် နိုင်ငံဖြတ်ကျော်မှုတွေလို ကိုင်တွယ်ဖြေရှင်းနေပါတယ်။ တကယ်တမ်း လူကုန်ကူးမှုတွေကို ကာကွယ်တာမရှိသလောက်ပါပဲ။ ဒါ့အပြင် လူကုန်ကူးခံရသူတွေကို ဥပဒေကြောင်းအရ အထောက်အကူပေးတာမျိုးတွေလည်း မရှိပါဘူး။

မကြာခင်က မြန်မာနိုင်ငံမှာ ဆိုက်ကလုံးမုန်တိုင်း တိုက်ခိုက်ပြီးတဲ့နောက် အဲဒီဒေသတွေမှာ လူကုန်ကူးမှုဖြစ်လာနိုင်တယ်ဆိုတယ်ဆိုတဲ့အပေါ်မှာ စိုးရိမ်မိတယ်လို့ သံအတ်ကြီး Lagon က အခုလို ပြောခဲ့ပါတယ်။

ပီးခဲ့တဲ့ မေလ ဆိုက်ကလုံးမုန်တိုင်းကြောင့် မိဘမဲ့ဖြစ်သွားပြီး မိသားစုနဲ့ ကွဲနေတဲ့ ကလေးငယ်တွေကို လူကုန်ကူးသူတွေက အသုံးချနေတယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့သတင်းတွေ ရရှိပါတယ်။ ကမ္ဘာပေါ်က ဒီလို ကပ်ဘေးကျရောက်သွားတဲ့နိုင်ငံတွေမှာ ဒီလို လူကုန်ကူးမှုတွေဖြစ်လာတတ်ပါတယ်။ ဒီကပ်ဘေးဒုက္ခသည်တွေဟာ လူကုန်ကူးခံရမယ့် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် မြန်မာအစိုးရကိုရော အဲဒီမှာ ကူညီလုပ်ဆောင်နေကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ရော အခုလို ကလေးတွေ လူကုန်ကူးခံရတာတွေမဖြစ်ဖို့ လုပ်ဆောင်နိုင်သမျှ အားလုံး လုပ်ကိုင်ကြဖို့ ကျနော်တို့ တိုက်တွန်းပါတယ်။

ဒါပေမယ့်လို့ အခုလို နိုင်ငံခြားရေးဌာနရဲ့ ဒီနှစ်စဉ် လူကုန်ကူးမှုအစီရင်ခံစာကြောင့် ကမ္ဘာ့အနှံလူကုန်ကူးမှုကိစ္စတွေကို နိုင်ငံတကာက အလေးပေးအာရုံပိုစိုက်လာကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကတော့ ပြောခဲ့ပါတယ်။ လူကုန်ကူးမှုဟာ အခြားရာဇ၀တ်မှုတွေနဲ့ ဘက်ပေါင်းစုံခြိမ်းခြောက်မှုတွေကို ဖြစ်စေတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က ပြောခဲ့ပါတယ်။

တကမ္ဘာလုံးအတိုင်းအတာအရပြောရရင် လူကုန်ကူးမှုဟာ အခြေအနေပေါင်းစုံ ဘက်ပေါင်းစုံမှာ ခြိမ်းခြောက်မှုဖြစ်နေပါတယ်။ ဒါဟာ လူ့အခွင့်အရေးနဲ့ လူသားဂုဏ်သိက္ခာကို ထိပါး စော်ကားတာဖြစ်ပါတယ်။ ဒီအတွက် တကမ္ဘာလုံးမှာ ကျန်းမာရေးအရ အန္တရာယ်ဆိုးတွေ တိုးများလာပါတယ်။ ဒါဟာ ရာဇ၀တ်မှုတွေ တိုးများလာစေဖို့ ငွေကြေးအရ အထောက်အပံ့ဖြစ်စေပါတယ်။ တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေပါတယ်။

ဒါကြောင့်လည်း ဒီနှစ် အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လူကုန်ကူးမှုအစီရင်ခံစာထဲ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဖော်ပြချက်မှာတော့ နိုင်ငံတွင်း အတင်းအဓမ္မလုပ်အားပေးခိုင်စေတဲ့ကိစ္စ။ နောက် ပြည်ပကို တရားမ၀င်ထွက်ခွာပြီး အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေကို မီးမောင်းထိုးဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာအစိုးရရဲ့ လက်တွေ့ကိုင်တွယ်ဖြေရှင်းပုံတွေဟာလည်း လူကုန်ကူးခံရသူတွေအတွက် အကာအကွယ်ပေးနိုင်မှု မရှိသလောက်လို့ပဲလို့ ဝေဖန်ထောက်ပြထားပါတယ်။

ဆက်လက်ဖတ်ရှုပါရန်...

အိုဘားမား ဒီမိုကရက်ပါတီ သမ္မတလောင်းဖြစ်ဖို့သေချာ (VOA)

အမေရိကန်ပြည်ထောင်စုက အထက်လွှတ်တော်အမတ် Barack Obama ဟာ ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းနိုင်ပြီလို့ ကြေညာလိုက်ပါတယ်။

အသက် ၄၆ နှစ်အရွယ် အီလီနွိုင်း ပြည်နယ် အထက်လွှတ်တော်အမတ် Barack Obama ဟာ မနေ့က အမေရိကန်ပြည်ထောင်စု အနောက်ဘက် အလယ်ပိုင်း Minnesota ပြည်နယ် စိန့်ပေါ်လ်မြို့ မှာ ထောင်နဲ့ချီတဲ့ လူအုပ်ကြီးကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။ သူမိန့်ခွန်းပြောကြားခဲ့တဲ့ ခန်းမ ဆောင်ဟာ လာမယ့် စက်တင်ဘာလ ရစ်ပန်ဗလင်ကန် ပါတီက သမ္မတလောင်းအဖြစ် အထက်လွှတ် တော်အမတ် John McCain ကို အမည်စာရင်းတင်သွင်းမယ့် ညီလာခံ ခန်းမဖြစ်ပါတယ်။

Barack Obama ဟာ အမေရိကန်ပြည်ထောင်စု အဓိက နိုင်ငံရေးပါတီက သမ္မတလောင်းအဖြစ် ကြေညာမယ်လို့ တွက်ဆရတဲ့ သမိုင်းမှာ ပထမဆုံး အာဖရိကနွယ်ဘွား အမေရိကန် လူမျိုး ဖြစ်ပါတယ်။

သူ့ရဲ့ပြိုင်ဖက်ဖြစ်တဲ့ အထက်လွှတ်တော်အမတ် Hillary Clinton ဟာ သန်းနဲ့ချီတဲ့ ပြည်သူတွေကို ဦးဆောင်နှိုးဆော်နိုင်စွမ်းရှိသူလို့ Barack Obama က ချီးကျုးပြောဆိုသွားပါတယ်။

အထက်လွှတ်တော်အမတ် Hillary Clinton ကလည်း နယူးယောက်မြို့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ Barack Obama ကို ချီးကျုးပြောဆိုပါတယ်။ ဒါပေမယ့်လည်း Hillary Clinton က သမ္မတလောင်း အမည်စာရင်းတင်သွင်းနိုင်ရေး အလျှော့ပေးလိုက်ဘို့တော့ ငြင်းဆိုပါတယ်။ အဆုံးသတ်ဆုံးဖြတ်ချက် မချခင် သူ့ကို ထောက်ခံသူတွေနဲ့ ဒီမိုကရက်ပါတီ အရာရှိတွေကို တိုင်ပင်မယ်လို့လည်း အထက် လွှတ်တော်အမတ် Hillary Clinton က ပြောပါတယ်။

ဆက်လက်ဖတ်ရှုပါရန်...

ဒုက္ခသည်များကိုမောင်းထုတ်ခဲ့သဖြင့် ကျေးရွာများအရောက်ကူညီရန် သံဃာတော်များစီစဉ် (Yoma3)

စစ်အစိုးရက လေဘေးသင့်ဒုက္ခသည်များကို ဘုန်းကြီးကျောင်းများမှ မောင်းထုတ်ကာ နေရပ်သို့ ပြန်ခိုင်းသဖြင့် ပုဂ္ဂလိကအလှူရှင်များက ကျေးရွာများအရောက် အကူအညီပေးပစ္စည်းများ ပို့ပေးရန် စီစဉ်နေလျှက်ရှိသည်။

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ပြင်ခရိုင်မြောက်ကျောင်း ဘုန်းကြီကျောင်းတွင်ရှိသည့် ဒုက္ခ သည်များကို စစ်အာဏာပိုင်များက နှင်ထုတ်လိုက်သည့်အတွက် အကူညီပေးမည့်ပစ္စည်းများ ယာယီထားရန် ကျောင်းဝန်းအတွင်း ဂိုထောင်များဆောက်လုပ်နေလျှက်ရှိကြောင်း ကျောင်းထိုင် ဆရာတော်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဘုန်းကြီးကျောင်းတွေမှာကတော့ လေဘေးဒုက္ခသည်တွေ မရှိတော့ဘူး၊ သူ့အိမ်သူ ပြန်ကုန် ကြတယ်၊ ပြန်ကုန်ကြတယ်ဆိုတာက အဆင်ပြေလို့မဟုတ်ဘူး၊ စစ်အာဏာပိုင်တွေက ပြန်လွှတ် တာ၊ နှစ်ရက်သုံးရက်လောက်ရှိသွားပြီ”ဟု ပြင်ခရိုင်မြောက်ကျောင်းမှ သံဃာတပါးက မိန့်ကြား သည်။

ဒုက္ခသည်များကို ပြန်မလွှတ်မီက ပြင်ခရိုင်မြောက်ကျောင်းတွင် ဒုက္ခသည် (၁၅၀၀) ခန့်ရှိပြီး AZG နယ်စည်းမခြားဆရာဝန်များအသင်း၊ မြင့်မြတ်အလင်း ပုသိမ်အဖွဲ့၊ ရတနာ့မေတ္တာအဖွဲ့ များက ဒုက္ခသည်များအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော်လည်း စစ်အစိုးရဘက်က တစုံတရာကူညီခြင်းမရှိကြောင်း အဆိုပါကျောင်းမှ ဆရာတော်က ဆက်လက် မိန့်သည်။

“ကယ်ဆယ်ရေးလုပ်ငန်းဆိုတာက လောလောဆယ် ဒကာတွေနဲ့ ဘုန်းကြီးတို့ လုပ်နေတဲ့အခါ ကျတော့ ဒကာအယောက် (၅၀) လောက်ကို လုပ်အားပေးခေါ်လုပ်နေရတယ်၊ ကယ်ဆယ်ရေး လုပ်ငန်းမှာ ဘယ်သူတွေက ဘယ်လောက်ပံ့ပိုးတယ်ဆိုတာ ဒကာကြီးတို့ စဉ်းစားကြည့်ပေါ့၊ အာဏာပိုင်တွေလုပ်ပေးတယ်ဆိုတာ ကြားတော့ကြားတယ် မတွေ့ဘူး၊ စိတ်လည်းမဝင် စားဘူး”ဟု မိန့်သည်။

ကုလသမဂ္ဂ၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နှင့် AZG နယ်စည်းမခြားဆရာဝန်များအသင်းတို့ ပူးပေါင်း၍ အုတ်တွင်းအုပ်စု၊ ဒီးဒိုးကုန်းအုပ်စု၊ ဝက်ကုန်းအုပ်စု၊ သက်ကယ်သောင်အုပ်စု၊ ချောင်းဝအုပ်စုနှင့် ပြင်ခရိုင်အုပ်စုများမှ ဒုက္ခသည်များထံပေးမည့် ပစ္စည်းများထားရန် ယခုအခါ ပြင်ခရိုင်(မြောက်)ကျောင်းဝန်းအတွင်း ဂိုထောင်များ ဆောက်လုပ်နေလျှက်ရှိသည်။

ယင်းကဲ့သို့ ဂိုထောင်များဆောက်လုပ်နေခြင်းနှင့်ပတ်သက်၍ ကျောင်းထိုင်ဆရာတော်က “အခု စတိုထားဖို့ လုပ်နေတာကို ဦးဇင်းက ဒကာတွေနဲ့အတူ လုပ်နေတယ်၊ ပစ္စည်းတွေသိုလှောင်ဖို့ ဆောက်နေတယ်ဆိုတာက တခြားမဟုတ်ဘူး၊ ဦးဇင်းကျောင်းက သင်္ဘောဆိပ်နဲ့လည်းနီးတော့ ဖြန့်ဝေပေးဖို့အတွက် အဆင်ပြေလို့ လုပ်တာ”ဟု ဆက်လက်မိန့်ဆိုသည်။

ပြင်ခရိုင်၊ ချောင်းဝနှင့် ဝက်ကုန်းအုပ်စုများတွင် စားရင်းများကောက်၍ မိသားစုတစုအတွက် ကျပ်ငွေ (၅၀,၀၀၀) ခန့် တန်ဖိုးရှိသည့် ဆန်(၁၄) ပြည်၊ ပဲ (၃) ပြည်၊ ဆီ (၁) ပိဿာ (၂၀) ကျပ်သား၊ ရေပုံး၊ ခြင်ထောင်၊ မိုးကာဖျင် ကိုက် (၂၀) ပေးဝေခဲ့ပြီး ကျန်ကျေးရွာအုပ်စုများသို့ ကိုယ်တိုင်သွားရောက်ပေးဝေမည်ဟု တာဝန်ခံသံဃာတပါးက မိန့်သည်။

ပြင်ခရိုင်တွင် ကျေးရွာပေါင်း (၁၉) ရွာရှိပြီး မိသားစု (၂၁၀၀) ရှိရာ ကျပ်သိန်းတထောင်ကျော်ဖိုး လှူဒါန်းထားပြီး ငပုတောမြို့နယ်ရှိ အခြားကျေးရွာအုပ်စု (၆) အုပ်စုရှိ ဒုက္ခသည်များအား ကူညီ ရန် AZG နယ်စည်းမခြားဆရာဝန်များအဖွဲ့က ကျေးရွာလူကြီးများကို ခေါ်ယူလှူဒါန်းသွားရန် စီစဉ်နေသည်ဟု အဆိုပါသံဃာက ဆက်လက်မိန့်ဆိုသွားခဲ့သည်။

ဆက်လက်ဖတ်ရှုပါရန်...

ပဲခူးတိုင်းက ကျွဲကောင်ရေ (၂၀၀၀) အဓမ္မကောက်ခံ (Yoma3)

မုန်တိုင်းဒဏ်ခံရသည့် ဒေသများသို့ ပို့ဆောင်ရန် ကျွဲအကောင်ရေ (၂၀၀၀) အဓမ္မကောက်ခံ မည်ဟု စစ်ဘက်နှင့်နီးစပ်သူတဦးက ပြောသည်။

လေဘေးဒဏ်သင့်ခဲ့သည့် ဒေသများတွင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ စတင်ရန်ဟု ဆိုကာ ပြည်နယ်တိုင်းအချို့မှ ခိုင်းကျွဲများကို စစ်အစိုးရက အဓမ္မကောက်ခံ စုဆောင်းနေခြင်း ဖြစ်သည်။

ယမန်နေ့ကစတင်ကာ ရန်ကုန်မှ ဧရာဝတီတိုင်းသို့ ကျွဲများ တင်ပို့နေရာ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးကားများဖြင့် သယ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“မနေ့က အကောင်ရေ (၂၀၀) စပို့နေတာပါ၊ ထောက်ပံ့ပို့ဆောင်ရေးတပ်ရင်းက ကားတွေနဲ့ ကားတစီးကို (၅) ကောင်နှုန်းတင်ပြီး ပို့နေတာ၊ မေးကြည့်တော့ ပဲခူးတိုင်းဘက်က ကောက်လာ တဲ့ ကျွဲတွေလို့ပြောတယ်”ဟု စစ်ဘက်နှင့်နီးစပ်သူတဦးက ဆိုသည်။

အဆိုပါကျွဲများကို သက်ဆိုင်ရာ မြို့နယ်ကျေးရွာအုပ်စုအလိုက် ကောင်ရေသတ်မှတ်နှုန်းဖြင့် အတင်းအဓမ္မ ကောက်ခံခဲ့ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဘက်သို့ ပို့ဆောင်နေသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့် မေလ (၂၀) ရက်နေ့ကလည်း စစ်အစိုးရက မွန်ပြည်နယ်ဘက်မှ ခိုင်းကျွဲများကို ညအရောက် ပုသိမ်မြို့သို့ ရန်ကုန်မှပို့ဆောင်ခဲ့ပြီး မွန်ပြည်နယ်မှ ကျွဲသတ်မှတ်ကောင်ရေမှာ (၅၀၀၀) ဖြစ်သည်။

စစ်အစိုးရက အခြားပြည်နယ်တိုင်းများမှလည်း လေဘေးကူညီရန် အလှူငွေ၊ မျိုးစပါး၊ ခိုင်းကျွဲ များကို အဓမ္မကောက်ခံနေကြောင်း သတင်းများဖြစ်ပေါ်နေသည်။

ဆက်လက်ဖတ်ရှုပါရန်...

ရေစိုစပါး ထောင်းပြီး စားနေရဆဲ (NEJ)

ဖျာပုံမှာဆန်ဝေသဖြင့် တန်းစီနေသည့် လူတန်းရှည်ကြီး

မုန်တိုင်းဒဏ်သင့်ခဲ့ပြီး (၁) လ ကျော်လာသည့်တိုင် နေစရာ အမိုးအကာ လုံခြုံသည့် အိမ်မရှိ သေးဘဲ ရေစိုပြီး ပျက်စီးနေသော မည်းညစ်နေသည့် စပါးများကို နေလှမ်းပြီး ကြိတ်ခွဲ ထောင်း စားနေရကြောင်း ဖျာပုံ၊ ဘိုကလေး ကားလမ်းနံဘေးမှ ဒုက္ခသည်များက ပြောသည်။

ဖျာပုံ၊ ဘိုကလေး ကားလမ်းနဘေးမှ ဒုက္ခသည်တဦးက “ကျမတို့က ဘိုကလေးအပိုင် ပတ်ကော ဆိုတဲ့ ရွာလေးက။ မုန်တိုင်းပြီးတော့ ကျမတို့ မိသားစု ဘိုကလေးက ဒုက္ခသည် စခန်းတခုကို ရောက်သွားတယ်။ နောက် အစိုးရက မအူပင်ကို ခေါ်သွားတယ်။ မအူပင် အထက်တန်းကျောင်းက ဒုက္ခသည်စခန်းမှာ ခဏနေရတယ်။ နောက်တော့ နေရပ်ပြန်ခိုင်းတယ်။ နေရပ်ပြန်ရင်လည်း ဘာမှ ရှိတော့မှာ မဟုတ်လို့ အလှူရှင်တွေ လာတတ်တဲ့ ဒီကားလမ်းနံဘေးမှာပဲ တဲလေးထိုးပြီးနေတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက မိုးကာစ အပြာရောင် (၁) စပေးတယ်။ ဆန်ကို ဖျာပုံမှာ ပေးတယ်
ဆိုရင် သွားပြီး တန်းစီယူတယ်။ ကျန်တဲ့အချိန်ကတော့ ဒီမိုးထိထားတဲ့ စပါးတွေကိုပဲ နေလှမ်း၊ ခြောက်ရင် ကိုယ့်ဘာသာကိုယ် ကြိတ်ခွဲ၊ အဲဒီ ဆန်မကောင်းတာကိုပဲ ပြုတ်စားတာမျိုး လုပ်တယ်” ဟု ပြောသည်။

အစိုးရက လေဘေးဒုက္ခသည်များကို ဒုက္ခသည်စခန်းများမှ အတင်းအကျပ် နေရပ် ပြန်ပို့ခဲ့ပြီး ဖြစ်သော်လည်း ဘုရားတန်ဆောင်းနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေသူများလည်း ရှိနေသေးသည်။

အဆိုပါ ဒုက္ခသည်များအတွက် အဓိက ကူညီပံ့ပိုးပေးနေသူများမှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် ပုဂ္ဂလိက အလှူရှင်များဖြစ်ကြောင်း၊ သို့သော် ပြန့်ကျဲနေသည့် ဒုက္ခသည်များနှင့် အချို့ လူသူအရောက်အပေါက်နည်းသည့် နေရာများသို့ WFP ကလည်း ဆန်မဖြန့်ဝေနိုင်ကြောင်း အဆိုပါ ဒေသ၌ ကူညီကယ်ဆယ်ရေး လုပ်နေသူတဦးက ပြောသည်။

မုန်တိုင်းဒဏ်သင့် ဧရာဝတီတိုင်း နေရာအတော်များများ၌ ရေစိုပျက်စီးနေသော မကောင်းသည့် စပါးများကို နေလှန်း၊ ကြိတ်ခွဲ၊ ထောင်းပြီး ပြုတ်စားနေကြရကြောင်း သိရသည်။

WFP ကလည်း ၎င်းတို့စုဆောင်းထားသည့် ရိက္ခာဆန်များသည် ဇူလိုင်လလယ်အထိသာ ခံမည် ဖြစ်ကြောင်း၊ ရန်ပုံငွေ ထပ်လိုကြောင်း၊ နိုင်ငံခြားမှ မြန်မာပြည်ထဲ ဆန်သွင်းလာပြီး ဒုက္ခသည် များကို ရိက္ခာဝေငှရန် စစ်အစိုးရထံ ခွင့်ပြုချက် တောင်းခံထားကြောင်း အေဂျင်စီသတင်းများအရ သိရသည်။

ဆက်လက်ဖတ်ရှုပါရန်...

အမေရိကန်စစ်သင်္ဘောများ မြန်မာ့ရေပိုင်နက်အနီးမှ ပြန်လည်ထွက်ခွာမည် (NEJ)

မြစ်ဝကျွန်းပေါ်ဒေသရှိ လေဘေးဒုက္ခသည်များကို ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ရန် စောင့် ဆိုင်းနေသည့် အမေရိကန် စစ်သင်္ဘောများကို မြန်မာစစ်အစိုးရက ခွင့်မပြုသဖြင့် မြန်မာနိုင်ငံ ရေပိုင်နက်အနီးမှ ပြန်လည်ထွက်ခွာမည်ဟု အမေရိကန်ရေတပ် ဗိုလ်ချုပ်ကြီးက ယနေ့ပြောသည်။

မြန်မာပြည်သူများအတွက် သဘာဝဘေးကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ရန် အမေရိကန် စစ်သင်္ဘော၊ ရဟတ်ယာဉ်နှင့် လေယာဉ်များကို ၀င်ခွင့်ပေးရန် လွန်ခဲ့သည့် သီတင်း (၃) ပတ်ကျော် အတွင်း မြန်မာအစိုးရထံ (၁၅) ကြိမ်ခန့် တောင်းခံခဲ့သော်လည်း အကြိမ်တိုင်း ငြင်းဆန်ခံခဲ့ရသဖြင့် ထွက်ခွာရန်အချိန်တန်ပြီဖြစ်သည်ဟု ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် စစ်တပ်အကြီးအကဲ ရေတပ် ဗိုလ်ချုပ်ကြီး Timothy Keating က အမေရိကန်သံရုံးမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောခြင်းဖြစ်သည်။

အမေရိကန်ရေတပ်မှ USS Essex စစ်သင်္ဘောများ မနက်ဖြန်တွင် ထွက်ခွာမည်ဖြစ်ပြီ့း  ၀န်ချိန် အများအပြားတင်ဆောင်နိုင်သည့် ရဟတ်ယာဉ်များကိုမူ ကယ်ဆယ်ရေးလုပ်ငန်းတွင် အကူအညီ ပေးရန် ထိုင်းနိုင်ငံ၌ ထားခဲ့ဦးမည်ဟု သိရသည်။

ဗိုလ်ချုပ်ကြီး Timothy Keating က “ကျနော် ၀မ်းနည်းတာရော၊ စိတ်ပျက်တာရော (၂) မျိုးစလုံး ခံစားရပါတယ်။ ကျနော်တို့ဟာ ရာနဲ့ ထောင်နဲ့ချီတဲ့လူတွေ ဒုက္ခခံစားနေရတာကို သက်သာရာ ရအောင် ကူညီနိုင်တဲ့အနေအထား ရှိပါတယ်။ ပြီးတော့ နောက်ထပ် အသက်ဆုံးရှုံးရမှုတွေ လျော့နည်းသွားအောင် အကူအညီပေးနိုင်ပါတယ်။ ဒါပေမယ့် မြန်မာစစ်အစိုးရဲ့ မငဲ့ညှာမှုကြောင့် ကူညီခွင့်မရခဲ့ပါဘူး” ဟု ပြောသည်။

အမေရိကန်စစ်သင်္ဘော (၄) စီးသည် ပြီးခဲ့သည့် မေ (၁၃) ရက်ကတည်းက မြန်မာရေပိုင်နက် အနီး၌ လေဘေးဒုက္ခသည်များကို ကူညီရန် အသင့်စောင့်ဆိုင်းနေခြင်းဖြစ်သည်။ သင်္ဘောများပေါ် တွင် ရဟတ်ယာဉ် (၁၄) စီး၊ မရိန်းတပ်သား (၁,၀၀၀)၊ ရေနှင့် ရေသန့်စင် ကိရိယာများအပါအ၀င် ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်ထားသည်။

အမေရိကန် စစ်သင်္ဘောများကို မြန်မာစစ်အစိုးရက ၀င်ခွင့်မပြုသော်လည်း လေကြောင်းမှ ပေးပို့သည့် အမေရိကန်၏ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်များကိုမူ လက်ခံခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က ပြင်သစ်စစ်သင်္ဘောတစီးလည်း မြန်မာစစ်အစိုးရက ၀င်ခွင့်မပေးသဖြင့် ကယ်ဆယ်ရေးပစ္စည်းများကို ထိုင်းနိုင်ငံရှိ ကုလသမဂ္ဂသို့ လွှဲပြောင်းပေးအပ်ခဲ့ရသည်။

မုန်တိုင်းဘေးကယ်ဆယ်ရေးအတွက် နိုင်ငံခြားမှ စစ်ရေးအကူအညီကို မြန်မာအစိုးရက ငြင်းပယ် ခြင်းသည် ကျူးကျော်ခံရမည်ကို စိုးရိမ်၍ဖြစ်ကြောင်း ဘန်ကောက်မြို့သို့ အလည်အပတ် ရောက်ရှိ နေသည့် အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်ကို ထိုင်းနိုင်ငံဝန်ကြီးချုပ် စမတ်စွန် ထရာဝေ့ခ်ျက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုပါရန်...

ဗြိတိန်က မုန်တိုင်းဒုက္ခသည်များအတွက် ဒေါ်လာ (၂၁) သန်း

မြန်မာနိုင်ငံမှ မုန်တိုင်းဒုက္ခသည်များအတွက် ဗြိတိန်နိုင်ငံက ဒေါ်လာ (၂၀.၆) သန်းနှင့် ညီမျှသည့် ပေါင်စတာလင် (၁၀.၅) သန်းကို နောက်ထပ် ကူညီမည်ဟု ယမန်နေ့က ကတိပြုလိုက်ပြီး ဗြိတိန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကူညီသည့်ငွေ စုစုပေါင်းမှာ ပေါင် (၂၇) သန်းကျော်ရှိပြီ်ဖြစ်သည်။

နာဂစ်မုန်တိုင်း ဖြစ်ပေါ်ပြီးနောက် လူပေါင်းမြောက်မြားစွာသည် အကူအညီ အထူးလိုအပ် လျက်ရှိပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟု နိုင်ငံတကာဖွံ့ဖြိုးမှုဆိုင်ရာ ၀န်ကြီးဌာန
ဝန်ကြီး ဒေါက်ဂလပ်စ် အလက်ဇန်းဒါးက ဗြိတိန်အောက်လွှတ်တော်သို့ ပေးပို့သည့် အစီရင်ခံစာ တစောင်တွင် သတိပေးထားသည်။

“ပထမအကြိမ် ကျနော်တို့ ပေါင် (၁၇) သန်း ကူညီထားတာကို ထပ်ပေါင်းတဲ့အနေနဲ့ နောက်ထပ် ပေါင် (၁၀.၅) သန်း ကူညီမယ်လို့ ဒီနေ့ ကြေညာလိုက်ပါတယ်။ အခု ထပ်ဆောင်းလိုက်တဲ့ ကူညီ ငွေကို ကြက်ခြေနီ၊ အန်ဂျီအိုအဖွဲ့တွေနဲ့ ဒေသခံ အဖွဲ့အစည်းတွေကတဆင့် ကျနော်တို့ လွှဲပြောင်း ပေးမှာဖြစ်ပါတယ်” ဟု အလက်ဇန်းဒါးက ပြောပြီး နောက်ထပ်ကူညီငွေကို မြန်မာစစ်အစိုးရမှ တဆင့် တပြားတချပ်မှ လွှဲပြောင်းပေးမည်မဟုတ်ဟုလည်း ပြောသည်။

“လိုအပ်နေသူတွေ အကူအညီရရှိဖို့ ကျနော်တို့ ဦးစားပေးသွားမှာပါ” ဟုလည်း ၎င်းက ပြောသည်။

ဗြိတိန်နိုင်ငံအနေဖြင့် ကူညီထောက်ပံ့ရေးအတွက် အာရုံပြုနေသော်လည်း မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ၎င်းတို့၏ လုပ်ဆောင်ချက်ကို ထိခိုက်မည်မဟုတ်ဟု အလက်ဇန်းဒါးက ပြော သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နေအိမ်အကျယ်ချုပ် သက်တမ်း ထပ်တိုးခြင်းနှင့် ပတ်သက်ပြီး စိတ်ပျက်ဝမ်းနည်းမိကြောင်းနှင့် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီး ပြုလုပ်ခဲ့သော ဆန္ဒခံယူပွဲရလဒ်သည် ယုံကြည်အားထားလောက်ဖွယ်ရာ မရှိဟု လည်း ၎င်းက ပြောသည်။

မုန်တိုင်းတိုက်ခတ်ပြီး (၃) ပတ်ကြာသည်အထိ စစ်အစိုးရက နိုင်ငံတကာအကူအညီများကို ငြင်းဆန်ခဲ့ပြီး ကုလသဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုယ်တိုင် မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ကာ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံပြီးမှသာ နိုင်ငံတကာ ကူညီမှုများအတွက် လမ်းပွင့်လာခဲ့ခြင်းဖြစ်သည်။

ဘန်ကီမွန်းက သူ အပြည့်အ၀ အကူအညီပေးနိုင်ရေးအတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် သဘော တူညီမှု ရရှိထားပြီးပြီဟုဆိုသော်လည်း ဘန်ကီမွန်းပြန်ပြီး ရက်အတန်ကြာသောအခါ မုန်တိုင်း အထိနာဆုံးသော ဒေသများသို့ နိုင်ငံခြား ကယ်ဆယ်ရေးလုပ်သား လက်တဆုပ်စာနှင့် သွားလာ ကြရာတွင် အပြည့်အ၀ လှုပ်ရှားနိုင်မှု မရှိသေးဟု ကုလသမဂ္ဂ အေဂျင်စီများက ပြောသည်။

စစ်အစိုးရအနေဖြင့် မစ္စတာ ဘန်ကီမွန်းကို ပေးထားသည့် ကတိကို အကောင်အထည်ဖော် လုပ် ဆောင်သင့်သည်ဟု အလက်ဇန်းဒါးက ပြောသည်။

နာဂစ်မုန်တိုင်း ဒုက္ခသည် (၂.၄) သန်းအနက် (၁.၃) သန်းသာ နိုင်ငံရပ်ခြားမှ ကူညီထောက်ပံ့မှု အချို့ရကြောင်း၊ မုန်တိုင်းကြောင့် လူပေါင်း (၇၇,၀၀၀) ကျော် သေဆုံးပြီး (၅၅,၀၀၀) ပျောက်ဆုံး နေကြောင်း ကုလသမဂ္ဂက ခန့်မှန်းသည်။

ဆက်လက်ဖတ်ရှုပါရန်...

အိုလံပစ်ပွဲတော်လာမည့် နိုင်ငံခြားသားများကို တရုတ်အစိုးရ သတိပေး (NEJ)

တရုတ်အိုလံပစ်ပွဲတော် တာဝန်ရှိသူများက နိုင်ငံခြား ခရီးသွားများအား ပွဲတော်အတွင်း၌ နိုင်ငံရေး အကြမ်းဖက်လှုပ်ရှားမှုများ မပြုလုပ်ရန် သတိပေး တားမြစ်လိုက်သည်။

အိုလံပစ်ပွဲတော် တရားဝင် အင်တာနက်စာမျက်နှာ၌ ပွဲတော်ကျင်းပနေစဉ်အတွင်း နိုင်ငံရေး (သို့) ဘာသာရေးဆိုင်ရာ အော်ဟစ်တောင်းဆိုလှုပ်ရှားမှုများ မပြုလုပ်ရန် လူထုကို အကြံပေးရေးသား ထားသည်။

အိုလံပစ်ပွဲတော်ကာလအတွင်း နိုင်ငံခြားခရီးသွားများ လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်များကို အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသော “အိုလံပစ်ပွဲတော်ကာလအတွင်း တရုတ်နိုင်ငံသို့
ဝင်ရောက်လာသူ၊ ထွက်ခွာသူ (သို့) ခေတ္တနေထိုင်သူများအတွက် တရုတ်ဥပဒေလမ်းညွှန်” ဟု အမည်တပ်ထားသည့် ဆောင်းပါးမှတဆင့် ပွဲတော်တာဝန်ရှိသူများက ညွှန်းဆိုထားသည်။

နိုင်ငံခြားခရီးသွားများအနေဖြင့် ဆန္ဒပြမှုများ ပြုလုပ်လိုပါက တရုတ်တာဝန်ရှိသူများထံမှ ခွင့်ပြုမိန့် ရယူရမည်ဖြစ်ကြောင်းလည်း အဆိုပါ ဆောင်းပါး၌ အကြံပြုထားသည်။

တရုတ်အစိုးရသည် အဆိုပါ အားကစားပွဲတော်ကာလအတွင်း မည်သည့် အတားအဆီးအနှောင့် အယှက်ကိုမဆို ကာကွယ်သွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် တိဘက်နှင့် ဆက်ဆံရေး၊ ဆူဒန်နှင့် ကုန်သွယ်ရေးလုပ်ငန်းများကို ထိပါးခံမည်မဟုတ်ကြောင်း သတင်းထောက်များက ပြောကြသည်။

ဆက်လက်ဖတ်ရှုပါရန်...

နအဖ ဖွဲ့စည်းပုံကို ပြည်တွင်းအဖွဲ့များ လက်မခံ (Mizzima)

ချင်းမိုင်။ ။ နအဖ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်တွင်းရှိ သံဃာ၊ ကျောင်းသားနှင့် တိုင်းရင်းသားအဖွဲ့ ၁၅ ဖွဲ့က အသိအမှတ်မပြု လက်မခံကြောင်း ယနေ့ ထုတ်ပြန် ကြေညာလိုက်ကြသည်။

နအဖ ဖွဲ့စည်းပုံကို အသိအမှတ် မပြုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ၃ ဖွဲ့ပေါင်းနှင့် တိုင်းရင်းသားပါတီ ၁၂ ပါတီက ယနေ့တွင် ပူးတွဲ ကြေညာကြခြင်း ဖြစ်သည်။

ဗကသ ပြောရေးဆိုခွင့်ရှိသူ ကိုလင်းထက်နိုင်က “ဖွဲ့စည်းပုံ ရေးဆွဲနေတဲ့ လူတွေကို ကြည့်လိုက်ရင် အကုန်လုံးလိုလို ကြောက်ပြီးတော့ စစ်တပ်အတွက် ရေးဆွဲပေးနေတဲ့ လူတွေ ဖြစ်တယ်။ ပြည်သူလူထုအတွက် ဦးဆောက်ဦးရွက် လုပ်ပြီးတော့ ရေးဆွဲပေးတာ မဟုတ်ဘူး။ ပြည်သူအတွက် သူတို့မှာ သိပ်ခံစားချက် မရှိဘူး။ သူတို့ စားရေးသောက်ရေး အတွက်ပဲ ရေးဆွဲထားတာပါ” ဟု ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုထွန်းမြင့်အောင်ကလည်း “ပြည်သူလူထု ကိုယ်စားပြုတဲ့ အစိုးရတရပ် ပေါ်ပေါက်ပြီးတော့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်တဲ့ ဖွဲ့စည်းပုံတရပ်ကို ဖြစ်တည်သွားနိုင်ဖို့အတွက် ကျနော်တို့က လူထုအားကိုယူ၊ လူထုလှုပ်ရှားမှု ပုံသဏ္ဍာန်တွေဟာ ကျနော်တို့ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို တကယ်လက်တွေ့ကျကျ ဖော်ဆောင်ပေးနိုင်မယ့် နည်းလမ်း ပေါင်းစုံကို ရှာဖွေပြီးတော့ လုပ်သွားမှာပါ” ဟု ပြောသည်။

၃ ဖွဲ့ပေါင်း ပူးတွဲ ကြေညာချက်တွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံချိန်စံနှုန်းများနှင့် ဆန့်ကျင်ခြင်း၊ တိုင်းရင်းသား လူမျိုးစုံ ပြည်သူတရပ်လုံး၏ အကျိုးစီးပွားနှင့် ဘဝလုံခြုံရေးကို ကာကွယ် ဖော်ဆောင်ခြင်း၊ အာမခံချက် ပေးထားခြင်းများ မတွေ့ရှိသဖြင့် စစ်အစိုးရ အာဏာ တည်မြဲရေး အတွက် ဖွဲ့စည်းပုံသာ ဖြစ်သည်ဟု ရေးသားထားသည်။

ထို့အပြင် ဥပဒေ အတည်ပြုရေးတွင် လွတ်လပ်ပြီး သန့်ရှင်း တရားမျှတသော ဆန္ဒခံယူပွဲဖြင့် ပြည့်သူ့ဆန္ဒကို ရယူမှု မရှိခြင်း၊ ပြည်သူကို မသမာသော နည်းပေါင်းစုံဖြင့် တိုက်ရိုက်၊ သွယ်ဝိုက် သော်လည်းကောင်း အကြပ်ကိုင် ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ပြည်သူ့ဆန္ဒကို အဓမ္မ အတည်ပြုခဲ့သည်များမှာ အသိအမှတ်ပြု လက်ခံနိုင်ဖွယ်ရာ မရှိဟု ဆိုထားသည်။

သံဃာ့တပ်ပေါင်းစုမှ အရှင်ဦးပညာဝံသက “ပါဠိလိုပြောရင် ပရဟိတကို ရှေ့တန်းထားပြီး ဖော်ဆောင်တဲ့ အစိုးရမျိုးကို ဦးဇင်းတို့က ဖော်ဆောင် သွားမယ်။ တိုင်းသူပြည်သား ဒါယိကာ၊ ဒါယိကာမတွေ အားလုံးဟာ စစ်အစိုးရရဲ့ အမိန့်အာဏာ မှန်သမျှကို ဖီဆန်နိုင်တဲ့ သတ္တိတွေ ရှိလာအောင် အလျင်းသင့်သလို ဟောပြောပွဲ၊ တရားပွဲတွေမှာ ဟောပြောစည်းရုံးသွားမယ်။ နောက် ပတ္တနိက္ကုဇ္ဇန ကံဆောင်တာကိုလည်း အရှိန်အဟုန် တိုးမြှင့်ပြီး ဆက်လက် ဆောင်ရွက်သွားမယ်” ဟု မဇ္ဈိမကို မိန့်ကြားသည်။

စစ်အစိုးရ၏ ဖွဲ့စည်းပုံသည် မသမာမှု နည်းမျိုးစုံသုံးပြီး ပြည်သူ့ဆန္ဒကို အနိုင်ကျင့်ဗိုလ်ကျ အဓမ္မ အတည်ပြုခြင်း ဖြစ်သဖြင့် ပြည်သူများအနေနှင့် လေးစား လိုက်နာစရာ မလိုကြောင်း အဖွဲ့အစည်းများက တိုက်တွန်းသည်။

ထို့အပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစား တန်ဖိုးထားတတ်သော လက်တွေ့ မူဝါဒအားဖြင့်လည်းကောင်း၊ မြန်မာပြည်သူများ၏ အဖိနှိပ်ခံ အချယ်လှယ်ခံ ဘဝကို လူသားချင်း စာထောက်ထားသော ရပ်တည်ချက်များဖြင့် လည်းကောင်း နအဖ စစ်ဖွဲ့စည်းပုံအား အသိအမှတ် မပြုရန်လည်း တိုက်တွန်းထားသေးသည်။

အလားတူပင် ၁၉၉ဝ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ဖျက်သိမ်းခံပါတီ အများစုပါဝင်သော တိုင်းရင်းသား အင်အားစုများ၏ တရားဝင် ထုတ်ပြန်သော သဘောထားတွင် စစ်အစိုးရ၏ ဆန္ဒခံယူပွဲ ရလဒ်ကို အယုံအကြည် မရှိကြောင်း ပြည်တွင်းမှ တိုင်းရင်းသား ၁၂ ပါတီကလည်း ယနေ့တွင် ထုတ်ပြန် ကြေညာသည်။

နအဖ ကြိုးဆွဲ ရုပ်သေးများဖြစ်သော ဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများ၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင် ဆိုသူများက မသိရိုးသား နားမလည်သော ပြည်သူများအား ခြိမ်းခြောက် အကြပ်ကိုင်၊ ဖြားယောင်းသွေးဆောင် သိမ်းသွင်းခြင်း၊ မဲရုံတာဝန်ရှိသူများက ထောက်ခံမဲများကို မသမာသောနည်းဖြင့် အတင်းအဓမ္မ ရယူခြင်းများ ကျူးလွန်ခဲ့ကြောင်း ကြားမြင်တွေ့ရသည် ဖြစ်၍ ယခု ဆန္ဒခံယူပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိကြောင်း ရှုမြင်ပါသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် တရားမျှတမှု မရှိသော လူထုဆန္ဒ ခံယူပွဲ ရလဒ်၏ တရားမျှတမှု ကင်းမဲ့သည်ကို ခိုင်လုံ မှန်ကန်သော သက်သေ အထောက်အထားများ ဖော်ထုတ်ကြရန် တိုက်တွန်းလိုက်သည်။

ကြေညာချက်ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (MNDF)၊ ဇိုမီးအမျိုးသား ကွန်ဂရက် (ZNC)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (CNLD)၊ ကရင်အမျိုးသား ဒီမိုကရေစီကွန်ဂရက် (KNCD)၊ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ ကွန်ဂရက် (KNCD)၊ ကယားပြည်နယ် လူမျိုးပေါင်းစုံ ဒီမိုကရေစီအဖွဲ့ချုပ် (KSANLD)၊ ကယန်းအမျိုးသား ညီညွတ်ရေးနှင့် ဒီမိုကရေစီအဖွဲ့ (DOKNU)၊ မရာပြည်သူ့ပါတီ (MPP)၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီ (SSKDP) နှင့် ရခိုင်ပြည်သူ့ ဒီမိုကရေစီ တပ်ပေါင်းစု (APDF) တို့က ပူးတွဲ ထုတ်ပြန်ခြင်း ဖြစ်သည်။

တိုင်းရင်းသား ၁၂ ပါတီအနက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီ (SSKDP) မှလွဲ၍ ကျန်ပါတီများ အားလုံးသည် ဖျက်သိမ်း ခံထားရသော ပါတီများ ဖြစ်သည်။

ဆက်လက်ဖတ်ရှုပါရန်...

မြန်မာတပ်သား ၃ ဦး ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ပစ်ခတ်ခံရ (Mizzima)

ချင်းမိုင်။ ။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် သေနတ်သမားတဦး၏ ပစ်ခတ်မှုကြောင့် မြန်မာစစ်တပ်မှ အရာခံဗိုလ် ၂ ဦးနှင့် တပ်ကြပ်တဦး ယမန်နေ့က ဒဏ်ရာများ ရရှိသွားသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ကော့သောင်းခရိုင် ခမောက်ကြီးကျေးရွာမှ ရနောင်းခရိုင် ကနဘူရီသို့ ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်က ဈေးဝယ်ရန်အသွား ပါချန်မြစ်ကို ဖြတ်ကူးစဉ် အပစ်ခံရခြင်း ဖြစ်သည်။

"သူတို့က ဒီဘက်မှာ ဆိုင်ကယ်နဲ့ အခြားပစ္စည်းတွေ လာဝယ်မလို့ ပြောတယ်။ မြစ်ကိုကူးတုန်း ဒီဘက်နား ရောက်တော့ အပစ်ခံရတာပဲ။ ၃ ယောက်လုံး ထိတယ်။ သေတော့ မသေဘူး" ဟု ဒေသခံတဦးက ပြောသည်။

ဘုတ်ပြင်းတပ်ရင်း ခလရ ၂၂၄ မှ အဆိုပါ တပ်သား ၃ ဦးသည် ၉ လုံးကျည် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။ တရားခံကို မသိရသေးဘဲ ရနောင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းနေဆဲဖြစ်ကြောင်း အခင်း ဖြစ်ပွားသည့် နေရာမှ ဒေသခံများက မဇ္ဈိမကို ပြောသည်။

သူတို့ကို မြန်မာပြည်ဘက်ခြမ်း၊ ခမောက်ကြီးရွာရှိ ၆ မိုင် ကုတင် ၁၀၀ ဆန့် စစ်ဆေးရုံသို့ ပို့ဆောင်ထားသည်။ တဦးမှာ ညာဘက်နံစောင်း၊ တဦးက ရင်ပတ်တွင် ဒဏ်ရာများ ရသွားကြကြောင်း ဒေသခံများအဆိုအရ သိရသည်။ သူတို့၏ ဒဏ်ရာ အခြေအနေ အသေးစိတ်ကိုမူ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပြီးခဲ့သည့် မေလအတွင်းက ထိုင်းနိုင်ငံသားပိုင် ဆင်တကောင်သည် မြန်မာပိုင်နက် အတွင်းသို့ ရောက်သွားရာ ခလရ ၂၂၄ မှ ဆင်ကို ထိန်းသိမ်းထားခဲ့ရာ ပိုင်ရှင်က ပြန်တောင်းရာတွင် မြန်မာတပ်က အဖိုးအခများ တောင်း၍ ငွေညှစ်ခဲ့ဖူးသည်ဟု ဆိုသည်။

၎င်းကိစ္စကို မကျေနပ်သူ ပိုင်ရှင်တို့က ယခုကဲ့သို့ ပြုလုပ်ခြင်း ဖြစ်နိုင်သည်ဟု အမှုကို စုံစမ်းနေသော ထိုင်းရဲများက ကောက်ချက်ချထားကြောင်း အခင်းဖြစ်ရာ ဒေသမှ သတင်းများက ဆိုသည်။

ယင်းအမှုကို ရနောင်းခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ယူ စုံစမ်းစစ်ဆေးနေပြီး မြန်မာဘက်က တစုံတရာ တုံ့ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါရန်...

Wednesday, June 4, 2008

မုန်တိုင်းနောက်ဆက်တွဲ မြန်မာပြည် တစ်လတာမှတ်တမ်း၊ Reuters သတင်းဌာနက ပြုစုသည် (Moemaka)

မေ ၂၊ မေ ၃
ဆိုင်ကလုန်းမုန်းတိုင်း နာဂစ်သည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရန်ကုန်မြို့တော်ဟောင်းတို့ကို တိုက်ခတ်ခဲ့သည်။ ၁တစ်နာရီ မိုင် ၁၂၀ နှုန်း တိုက်ခဲ့ပြီး ဒီရေလှိုင်း ၁၂ ပေအထိ မြင့်တက်ခဲ့သည်။

မေ ၅
သေဆုံးသူ ၄၀၀၀ ခန့်ရှိကြောင်း မြန်မာ့ရုပ်သံက ကြေညာသည်။ အမေရိကန်သမတ ကတော် လော်ရာဘုရှ်က စစ်အစိုးရ၏ အရေးယူတုန့်ပြန်မှု နှေးကွေးသည်ဟု ဝေဖန်သည်။ အမေရိကန်၏အကူအညီကို လက်ခံရန် တိုက်တွန်းသည်။

မေ ၆

ပထမဆုံး ပြည်ပအကူအညီရောက်ရှိသည်။ ထိုင်းနိုင်ငံမှ အစားအစာ၊ ဆေးဝါးတင် လေယာဉ်ဖြစ်သည်။

မေ ၇
ပြင်သစ်အစိုးရက ကုလသမဂ္ဂအား ဒုက္ခသည်များထံ အကူအညီရောက်ရှိရေးအတွက် စစ်အစိုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းမနေဘဲ ၀င်ရောက်ကူညီရန် တိုက်တွန်းသည်။ အခြားနိုင်ငံများက စစ်အစိုးရအပေါ် ဒေါသထွက်နေကြသော်လည်း အဆိုပါတိုက်တွန်းအကြံပြုချက်ကို လက်မခံ ပယ်ချသည်။

မေ ၉
ပြည်ပအကူအညီ လက်ခံမည်၊ သို့သော် ပြည်ပမှ ကယ်ဆယ်ရေးဝန်ထမ်းများကို လက်မခံဟု အစိုးရက ဆိုသည်။ ကုလသမဂ္ဂက ကူညီရေး ရန်ပုံငွေ ၁၈၇ ဘီလျံလိုမည်ဟု ဆိုသည်။

မေ ၁၀
စစ်အစိုးရစိတ်တိုင်းကျ အုပ်ချုပ်ပုံအခြေခံဥပဒေအတွက် ဆန္ဒခံယူပွဲကို စီစဉ်ထားသည့်အတိုင်း ကျင်းပသည်။ ဒီမိုကရေစီလမ်းပြမြေပုံ ၇ ချက်၏ အဆင့်တစ်ဆင့် ဖြစ်သည်။

မေ ၁၂
အမေရိကန်စစ်လေယာဉ်တစ်စီး ရန်ကုန်သို့ ဆင်းသည်။ ပထမဆုံးအကြိမ်ဖြစ်သည်။ နောက်နေ့များတွင် အစိုးရက အမေရိကန်၏ကူညီကယ်ဆယ်ရေး ပစ္စည်းများ ဖြန့်ဝေမည့်အစီအစဉ်ကို ငြင်းသည်။

မေ ၁၅
ကုလသမဂ္ဂ ခန့်မှန်းထားသည့် မုန်တိုင်းဒဏ် ခံရသူ အရေအတွက် တိုးလာသည်။ ၁၅ သိန်း နှင့် ၁၆ သိန်းကြားရှိမည်ဟု ဆိုသည်။

မေ ၁၆
သေဆုံးသူ ၇၇၇၃၈၊ ပျောက်ဆုံးသူ ၅၅၉၁၇ ရှိကြောင်း မြန်မာ့ရုပ်သံက ကြေညာသည်။

မေ ၂၀
အစိုးရက သေဆုံး ပျောက်ဆုံးသူပေါင်း ၁၃၄၀၀၀ အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် ၃ ရက် သတ်မှတ်သည်။ ကမ္ဘာ့ဘဏ်က မြန်မာပြည်ကို ငွေကြေးကိစ္စ ငြင်းလိုက်သည်။ ၁၉၉၈ မှစပြီး အကြွေးမဆပ်သောကြောင့်ဟု ဆိုသည်။

မေ ၂၁
အစိုးရက ဒုက္ခသည် ကူညီရေးအတွက် ၁၁ ဘီလျံမက ရလိုကြောင်း အလှူရှင်များ ညီလာခံတွင် တင်ပြသည်။

မေ ၂၂
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် (မစ္စတာ) ဘန်ကီမွန်း မြန်မာပြည်သို့ သွားသည်။ စစ်အုပ်စု ခေါင်းဆောင်ကြီး (ဗိုလ်ချုပ်မှူးကြီး)သန်းရွှေက သူ့အား ကတိပေးသည်၊ ပြည်ပမှ အကူအညီပေးရေး ၀န်ထမ်းများအား ပြည်ဝင်ခွင့်ပြုမည့်ကတိဖြစ်သည်။

မေ ၂၄
အုပ်ချုပ်ပုံအခြေခံဥပဒေအတွက် ဆန္ဒခံယူပွဲကို ရန်ကုန်၊ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတွင် ပြုလုပ်သည်။ ထောက်ခံမဲ ၉၂.၅ ရာခိုင်နှုန်း ရရှိကြောင်းကြေညာချက်ကို စစ်အာဏာပိုင်တို့က အပြေးအလွှား ကြေညာသည်။ မဲပေးခွင့်ရှိသူ ၉၈.၁ ရာနှုန်း မဲပေးခဲ့သည်ဟု ကြေညာသည်။

မေ ၂၅
အလှူရှင်များ ညီလာခံတွင် နိုင်ငံ ၅၀ ကျော်က ဒေါ်လာ သန်း ၅၀ ကူညီမည်ဟု ကတိပေးသည်။

မေ ၂၇
စစ်အစိုးရက (ဒေါ်)အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်ကို ၁ နှစ်သက်တမ်း ထပ်မံတိုးသည်။

မေ ၃၀
အစိုးရကစီစဉ်သည့် ဒုက္ခသည်စခန်းများမှ မိသားစုများကို ဖယ်ထုတ်သည်။ အမြဲတမ်း နေထိုင်သူများ ဖြစ်သွားမည်ကို စိုးရိမ်သည်ဟု ဆိုသည်။

ဆက်လက်ဖတ်ရှုပါရန်...

ပွဲပြီးသော်လည်း မီးမသေနိုင်ပါ

နာဂစ်မုန်တိုင်းကြောင့် မြန်မာပြည်သူ တစ်ရပ်လုံး ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ကြားက မေလ(၁၀)ရက်နေ့နဲ့ မေလ(၂၄)ရက် နေ့တွေမှာ အတင်းအကျပ် ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ နအဖက စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈)ကို ထောက်ခံမဲ (၉၂.၄၈) ရာခိုင်နှုန်းနဲ့ အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း မေလ(၂၉)ရက်နေ့ ရက်စွဲနဲ့ ဗိုလ်ချူပ်မှူးကြီး သန်းရွေကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုပါရန်

ဆက်လက်ဖတ်ရှုပါရန်...

၉၀ ပြည့် ရွေးကောက်ပွဲရလဒ် ပျက်ပြယ်ပြီဆိုတာ အဲန်အယ်လ်ဒီ ပယ်ချ (VOA)

စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံမူကြမ်းကို ပြီးခဲ့တဲ့ လူထု ဆန္ဒခံယူပွဲက တဆင့် ထောက်ခံမှု ရရှိခဲ့တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရလဒ်ကို ပယ်ဖျက် လိုက်သလို ဖြစ်သွားပြီလို့ စစ်အစိုးရ သတင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
၉၀ ခုနှစ်ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ် အနိုင်ရခဲ့တဲ့ ရလဒ်ဟာ ပျက်ပြယ် သွားတဲ့ အကြောင်း ဒီကနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတာပါ။
သတင်းစာထဲမှာ ဒေါ်အောင်ဆန်းစုကြည် နံမည်နဲ့ NLD နံမည်တွေကို ဖော်ပြထားခြင်း မရှိပေမယ့် အတိုက်အခံတွေ အနေနဲ့ အုပ်ချုပ်ပိုင်ခွင့် အာဏာရဖို့ စစ်အစိုးရ ပြောထားတဲ့ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိသူ စုစုပေါင်းရဲ့ ၉၈ ရာခိုင်နှုန်း မဲပေးခဲ့တဲ့ အထဲက ၉၂ ရာခိုင်နှုန်းက ဖွဲ့စည်းပုံ မူကြမ်းကို ထောက်ခံခဲ့တယ်လို့ စစ်အစိုးရက ပြောပေမယ့် NLD ကတော့ ဒီရလဒ်ကို ပယ်ချထားပါတယ်။

ဆက်လက်ဖတ်ရှုပါရန်...

ထိုင်းနယ်စပ် မြန်မာဒုက္ခသည်များ ဆန်ပြတ်လပ်မှု ကြုံတွေ့ဖွယ်ရှိ (VOA)

လိုအပ်တဲ့ရန်ပုံငွေသာ အလျင်အမြန်မရဘူးဆိုရင် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေက ဒုက္ခသည်စုစုပေါင်း ၁၄၀,၀၀၀ ကျော်တို့ကို ထောက်ပံ့နေတဲ့ ဆန်အချိုးအစားကို ၅၀% အောက်ထိ လျှော့ချပစ်ရတော့မယ်လို့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့နေတဲ့ အဓိကအဖွဲ့အစည်းတခုက ပြောလိုက်ပါတယ်။ အဲဒီအချိုးအစားဟာ လူတယောက် အသက်ရှင်သန်ဖို့ရာ လိုအပ်တဲ့ အနိမ့်ဆုံး စံသတ်
မှတ်ချက်အောက်ကို လျော့နည်းပါတယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရောက် ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။


၂၀၀၈ ခုနှစ်အတွင်းမှာ ကမ္ဘာတ၀ှမ်း စားကုန်ဈေးနှုန်းတွေ တက်ခဲ့တာကြောင့် ဒုက္ခ သည်တွေကိုထောက်ပံ့ဖို့ လျာထားတဲ့ မူလရန်ပုံငွေပမာဏဟာ မလောက်မငဖြစ်ခဲ့ရတယ်လို့ဆိုပြီး အရေးပေါ်ရန်ပုံငွေတွေ အမြန်ဆုံးထောက်ပံ့ကြဖို့ မေတ္တာရပ်ခံပန်ကြား လိုက်တဲ့အဖွဲ့ကတော့ TBBC လို့ခေါ်တဲ့ Thai-Burma Border Consortium ဆိုတဲ့အဖွဲ့ပါ။ ဒီအဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်းကိုးခုမှာ ခိုလှုံနေထိုင်နေကြရတဲ့ မြန်မာနိုင်ငံက ထွက်ပြေးလာသူ ဒုက္ခသည်ပေါင်း ၁၄၀,၀၀၀ ကျော်ကို ၂၄ နှစ်ကျော်ကြာ ကူညီထောက်ပံ့လာခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။
ကမ္ဘာရဲ့ အာရုံစိုက်မှုဟာ အခုချိန်မှာ နာဂစ်ဆိုင်ကလုံးဒဏ်သင့်လူထုပေါ်မှာ ရောက်နေပေမယ့် ဒီဒုက္ခသည်တွေကိုလည်း မေ့ထားလို့မရပါဘူးတဲ့။ တကယ်လို့သာ ဒီဒုက္ခသည်တွေကို TBBC က စားရေရိက္ခာ အလုံအလောက် မထောက်ပံ့နိုင်ရင် သူတို့တွေ စခန်းအပြင်ထွက်ပြီး အလုပ်ရှာတာတွေ ဖြစ်လာမှာမို့ ဖမ်းဆီးခံရမှာ၊ မတရားပြုကျင့်ခံရမှာ၊ အသုံးချခံရမှာတွေအပြင် မြန်မာနိုင်ငံဆီ ပြန်ပို့ခံရမယ့် အန္တရာယ်တွေနဲ့ ကြုံရနိုင်ပါတယ်လို့ သတိပေးထားပါတယ်။ ဒီထဲမှာမှ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ အန္တရာယ်အကြုံရနိုင်ဆုံးလူတွေ ဖြစ်နေပါတယ်တဲ့။
အကူအညီပေးဖို့အတွက် အလှူရှင်တွေအားလုံးကို အကြောင်းကြား မေတ္တာရပ်ခံထားပါတယ်လို့ TBBC ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဂျက်ခ် ဒန်းဖို့ဒ် (Jack Dunford) ကပြောပါတယ်။
“အမေရိကန်အစိုးရ၊ ကနေဒါ၊ စပိန်နိုင်ငံတို့နဲ့ ပြောဆိုဆွေးနွေးတဲ့ ရလဒ်တွေကို ကျနော်တို့ စောင့်နေဆဲဖြစ်ပေမယ့် တုံ့ပြန်မှုကတော့ ခုချိန်ထိ နှေးကွေးနေဆဲပါ။ ဒါ့အပြင် ဆန်ထောက်ပံ့ဖို့ ဒါမှမဟုတ် ဆန်ဖိုးကို မျှဝေကျခံပေးဖို့အတွက် ထိုင်းအစိုးရကိုလည်း ကျနော်တို့ မေတ္တာရပ်ခံထားပါတယ်။” လို့ ဂျက်ခ် ဒန်းဖို့ဒ်က ပြောခဲ့ပါတယ်။
လက်ရှိမှာ မုန်တိုင်းဒုက္ခသည်တွေပေါ် ကမ္ဘာက အာရုံစိုက်နေတာကို မလွှဲပြောင်းချင်ပါဘူး၊ သူတို့အတွက် လိုအပ်ချက်က အရမ်းကြီးမားပါတယ်လို့ဆိုပေမယ့် …
“တချိန်ထဲမှာပဲ ထိုင်းနယ်စပ်မှာ တည်ငြိမ်မှုရှိဖို့အတွက် ဒုက္ခသည်စခန်းတွေ မပျက်မစီးရှိနေဖို့က အရေးကြီးတယ်လို့ ကျနော်တို့ထင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်မယ်ဆိုတာ ဘယ်သူမှမသိပါဘူး။ အခြေအနေက ပိုဆိုးလာမယ်ဆိုရင် မြန်မာနိုင်ငံကလူတွေ ထိုင်းနယ်စပ်ထွက်ပြေးလာ တာကို ကျနော်တို့မြင်ရဦးမှာမို့ ဒီအချိန်ကာလအတွင်း တည်ငြိမ်မှုရှိဖို့ အရေးကြီးပါတယ်။” လို့ ဂျက်ခ် ဒန်းဖို့ဒ်က သုံးသပ်ပြပါတယ်။
အခုချိန်ထိတော့ မုန်တိုင်းဒဏ်သင့်တဲ့လူတွေ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေဆီ ထွက်ပြေးလာ တယ်ဆိုတဲ့သတင်းတွေကို တိတိကျကျ မရသေးပါဘူး။ ဒါပေမယ့် ဒုက္ခသည်စခန်းတွေထဲက လူအများအပြားဟာ မြစ်ဝကျွန်းပေါ်ဒေသမှာ ဆွေမျိုးသားချင်းတွေ ရှိကြတာမို့ မြစ်ဝကျွန်းပေါ်ဒေသ အခြေအနေက မတည်မငြိမ်ဖြစ်လာမယ်ဆိုရင်တော့ ပြောမရပါဘူးလို့ ဂျက်ခ် ဒန်းဖို့ဒ်က ပြောပါတယ်။ ဒါပေမယ့် အဲဒီလို လူတွေထွက်လာခဲ့မယ်ဆိုရင် သူတို့ကို ဒုက္ခသည်စခန်းတွေမှာ လက်ခံမယ်၊ လက်မခံ ဘူးဆိုတာကတော့ သီးခြားကိစ္စတခုဖြစ်ပါတယ်လို့လည်း သူကပြောပါတယ်။
လိုအပ်တဲ့ရန်ပုံငွေ အချိန်မီရမယ်၊ မရဘူးဆိုတဲ့အပေါ် ဘယ်လောက်ထိ အကောင်းမြင်ပါသလဲဆိုတော့ ဂျက်ခ် ဒန်းဖို့ဒ်က …
“ကျနော်အိပ်ရာကနိုးလာတဲ့ တချို့မနက်ခင်းတွေမှာ အရမ်းကို စိတ်ဓာတ်ကျ အဆိုးမြင်လွန်းပြီး တချို့မနက်ခင်းတွေမှာကျတော့လည်း ပိုပြီးအကောင်းမြင်တာတွေ ရှိပါတယ်။ အားလုံးက တုံ့ပြန်လုပ်ဆောင်မယ်ဆိုရင်တော့ ကျနော်တို့ ဖြေရှင်းနိုင်မှာပါ။ ဒါကို ကျနော်သေချာပေါက်ပြောနိုင်ပါတယ်။” လို့ ဖြေခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဗြိတိန်အခြေစိုက် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုဌာန (DFID) ဆီကနေ ရန်ပုံငွေ ဒေါ်လာ ၅၀,၀၀၀ နောက်ထပ်ရခဲ့တဲ့အတွက် နည်းနည်း အားတက်ခဲ့ရပါတယ်လို့လည်း သူကပြောပါတယ်။ ဒါ့အပြင် ဆန်ဈေးဟာလည်း တတန်ကို ထိုင်းငွေ ၂၅ ဘတ်ကနေ ၂၁ ဘတ်ထိ နည်းနည်းကျသွားတဲ့အတွက်လည်း လက်ရှိမှာ လိုငွေပြနေတာ အတန်ငယ်လျော့ကျသွားပါတယ်လို့ TBBC ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဂျက်ခ် ဒန်းဖို့ဒ်က ပြောပြခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံတွင်းမှာ အတင်းအဓမ္မ အလုပ်ခိုင်းစေခံရတာ၊ မတော် မတရားပြုကျင့်ခံရတာ၊ နှိပ်စက်ညှဉ်းပန်းခံရတာ၊ သူတို့ကျေးရွာတွေကို စစ်တပ်က မီးရှို့ဖျက်ဆီးခံရတာ စသည်ဖြင့် ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံကို ကြုံတွေ့ခဲ့ကြရသူတွေဖြစ်တယ်လို့ TBBC ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဆက်လက်ဖတ်ရှုပါရန်...

ကယ်ဆယ်ရေးလုပ်ရန် သင်တန်းပေးဖို့ စီစဉ်နေဆဲ (Yoma3)

နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားသည့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ရန် စစ်အစိုးရဌာနများရှိ အရာရှိများကို သင်တန်းပေးရန် စီစဉ်နေသည်ဟု ယနေ့ထုတ် စစ်အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

နိုင်ငံတကာမှ လေဘေးသင့်ဒုက္ခသည်များထံ လိုအပ်သည့်အကူအညီများ လုံလောက်စွာ မရောက်ရှိသေးသဖြင့် နောက်ဆက်တွဲ အဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်ဟု သတိပေးနေစဉ် စစ်အစိုးရသတင်းစာကမူ ယခုကဲ့သို့ ရေးသားထားခြင်းဖြစ်သည်။

ကုလသမဂ္ဂ၊ အာစီယံနှင့် မြန်မာစစ်အစိုးရတို့ သုံးပွင့်ဆိုင်ပူးပေါင်းကာ ဆိုက်ကလုန်းမုန်တိုင်း ကြောင့် ပျက်စီးသွားသော ဒေသများတွင် ပြန်လည်တည်ဆောက်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ယနေ့ထုတ် စစ်အစိုးရသတင်းစာတွင် ဖော်ပြ ထားသည်။

အဆိုပါ သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် စစ်အစိုးရနိုင်ငံခြားရေး ဒုဝန်ကြီး ဦးကျော်သူက မြန်မာနိုင်ငံကို ကိုယ်စားပြု၍ ဥက္ကဌအဖြစ် ပါဝင်ဆောင်ရွက်မည်ဟု ဆိုသည်။

ယမန်နေ့က ဒုနိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူ၊ (၁၈) နိုင်ငံအစိုးရဝန်ကြီးဌာနများ၏ ကိုယ်စား လှယ်များ၊ အာစီယံကိုယ်စားလှယ်များ၊ UNDP ဌာနေကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူနိုင်ငံသံအမတ်ကြီး မစ္စတာ ရောဘတ်ချောင်တို့ ပါဝင်ကာ ရန်ကုန်မြို့တွင် အစည်းအဝေး တရပ် ကျင်းပခဲ့သည်။

လွန်ခဲ့သည့်လက အဆိုပါသုံးပွင့်ဆိုင်လုပ်ငန်းအုပ်စုကို နိုင်ငံတကာ အရေးပေါ်ညီလာခံမှ ချမှတ် ခဲ့သော မြန်မာနိုင်ငံ ဆိုက်ကလုန်းဒဏ် ခံနေရသည့်ဒေသများသို့ နိုင်ငံတကာကယ်ဆယ်ရေး ပစ္စည်းများ စီးဆင်းမှုစောင့်ကြည့်ရန်၊ အပြည့်အဝ ရရှိစေရေးနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ်အရ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံပေါင်း (၅၁) နိုင်ငံမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်း (၂၄) ဖွဲ့မှ ကိုယ်စားလှယ် များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည့် အဆိုပါ နိုင်ငံတကာကွန်ဖရင့်မှ ဆိုက်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရသော မြန်မာနိုင်ငံတွင် ဒုက္ခသည်များ အတွက် အကူအညီများနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ တည်ဆောက်ရန်အတွက် နိုင်ငံတကာမှ ငွေကြေးအကူအညီများကို ပိုမိုရှာဖွေရန် ချမှတ်ခဲ့သည်။

နာဂစ်ဆိုက်ကလုံးမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁၀.၆၇ ဘီလီယံခန့်ရှိပြီး လူဦးရေ (၅.၅) သန်းခန့် အစာရေစာငတ်မွတ်မှုနှင့် အိုးမဲ့အိမ်မဲ့ ဒုက္ခများ ခံစားရလျှက်ရှိသည်ဟု စစ်အစိုးရမီဒီယာက ဆိုသည်။

မြန်မာနိုင်ငံအရပ်ရပ်မှ လေဘေးသင့်ဒုက္ခသည်များအတွက် အကူအညီများပေးပို့မှုမှာလည်း ရေရှည်ဆောင်ရွက်နိုင်ရေးမှာ မဖြစ်နိုင်ကြောင်း အကူအညီပေးနေသူ ပြည်တွင်းအလှူရှင်များ က ပြောဆိုနေသည့်နည်းတူ ယနေ့အချိန်အထိ ဒုက္ခသည်ကူညီစောင့်ရှောက်နိုင်ရေးလုပ်ငန်း များကိုလည်း စစ်အစိုးရက လမ်းဖွင့်ထားသည်ဆိုသော်လည်း နှောင့်ယှက်ဟန့်တားမှုများ နေရာအနှံ့ ဖြစ်ပေါ်နေသည်။

ဆိုက်ကလုန်းလေဘေးသင့်ပြည်သူများအတွက် လတ်တလောတွင် အစားအစာထောက်ပံ့ရေး ရံပုံငွေမှာ လိုငွေပြနေပြီး အလှူငွေများ ထပ်မံမရရှိပါက လာမည့်ဇူလိုင်လတွင် အစားအစာ ပြတ်လပ်သွားမည်ဟု ကမ္ဘာ့စားနပ်ရိဏ္ခာအစီအစဉ်(WFP)က သတိပေးပြောကြားထားသည်။

ဆက်လက်ဖတ်ရှုပါရန်...

မုန်တိုင်းတလပြည့်ဆုတောင်းပွဲ (HRDP)က ပြုလုပ်ကျင်းပ (Yoma3)

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP) အဖွဲ့က မုန်တိုင်းဒဏ်ခံရပြီး တလ ပြည့်မြောက်သည့် ယမန်နေ့တွင် ဧရာဝတီတိုင်း၊ ဘိုကလေးနှင့် ပုသိမ်မြို့တို့တွင် ဆုတောင်းပွဲ တရပ် ကျင်းပ၍ သေဆုံးသွားသူများအတွက် အမျှပေးဝေကာ အလှူဒါနပြုလုပ်ခဲ့သည်။

နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက် လူသိန်းချီသေဆုံးခဲ့သည့် တလပြည့်မြောက်သည့်နေ့တွင် အဆိုပါအဖွဲ့က သေဆုံးသွားသူများအတွက် ဘုန်းကြီးကျောင်းများတွင် အလှူဒါနပြုလုပ်ကာ အမျှတမ်းဝေခဲ့ကြခြင်းဖြစ်သည်။

“မုန်တိုင်းအတွင်းမှာသေဆုံးသွားတဲ့ ကျနော်တို့အမျိုးသားတွေအတွက် ဘိုကလေးမှာတဝက်၊ ပုသိမ်မှာတဝက် သံဃာတော်တွေကို ဆွမ်းကပ်တယ်၊ သင်္ဃန်းအစုံတရာစီ ကပ်လှူတယ်၊ ကုသိုလ်ကောင်းမှုပြုပြီးတော့ ဘာသာရေးထုံးစံအရ အမျှဝေကြတယ်”ဟု (HRDP)အဖွဲ့ဝင် ဦးမြင့်အေးက ပြောသည်

ပုသိမ်မြို့၊ မြောင်းမြဆရာတော်ဘုရားကြီးကျောင်းနှင့် ဘိုကလေးမြို့၊ မဟာဝိသုဒ္ဒါရာမ ရတနာပုံ စာသင်တိုက်ကြီးများတွင် (HRDP)အဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများက မုန်တိုင်းဒဏ်ခံခဲ့ရသည့် သံဃာတော်များအတွက် သင်္ဃန်းများကပ်လှူကာ လူပရိတ်သတ်များအား ကျွေးမွေးခဲ့ကြသည် ဟု ၎င်းက ဆက်လက်ပြောဆိုသည်

ဆွမ်းနှင့်သင်္ဃန်းများ ကပ်လှူပြီးနောက်ပိုင်းတွင် ကျောင်းတိုက်အသီးအသီးမှ ဆရာတော်များနှင့် တိုင်ပင်ထားသည့်အတိုင်း ဘိုကလေးနှင့် ပုသိမ်မြို့တို့၌ နေ့လည် (၁၂) နာရီတိတိတွင် သေဆုံး သွားသူများအတွက် အမျှတမ်းဝေခြင်းကို တပြိုင်နက် ပြုလုပ်ခဲ့ကြသည်။

စစ်အစိုးရအနေဖြင့် နိုင်ငံတကာအကူအညီများကို လက်ခံ၍ မုန်တိုင်းကျရောက်ခဲ့သည့် ဒေသ များသို့ ကယ်ဆယ်ရေးလုပ်သားများနှင့် အလှူရှင်များကို လွတ်လပ်စွာ သွားလာခွင့်ပြုသည်ဟု သတင်းများတွင်ဖော်ပြထားသော်လည်း လက်တွေ့တွင် အခက်အခဲများစွာနှင့်ရင်ဆိုင်နေရ ကြောင်း အဆိုပါဒေသသို့သွားရောက်ခဲ့သည့် (HRDP)အဖွဲ့ဝင်တဦးက ပြောသည်။

မေလ (၂) ရက်နေ့တွင်ကျရောက်ခဲ့သည့် နာဂစ်ဆိုက်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ဧရာဝတီ တိုင်းနှင့် ရန်ကုန်တိုင်းတို့မှာ အကြီးအကျယ် ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး လူသိန်းချီကာ သေဆုံး ၍ သန်းနှင့်ချီသော ပြည်သူများမှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရသည်။

ယခုအချိန်အထိ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများအား လုံလောက်သည့် ကယ်ဆယ်ရေး လုပ်ငန်းများ၊ အစားအစာနှင့် သောက်ရေများ ဖြန့်ဝေရန် များစွာလိုအပ်နေသေးကြောင်း ကုလနှင့် နိုင်ငံတကာမှ ကူညီသူများက ပြောဆိုနေစဉ် စစ်အစိုးရအာဏာပိုင်များက ကယ်ဆယ် ရေးလုပ်ငန်းများ ပြီးဆုံးသွားပြီဟု ဆိုသည်။

သေဆုံးသွားသူများအတွက် ဒါနအလှူပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ ဦးမြင့်အေးက “ကျနော်တို့ ကတော့ ထုံးတမ်းစဉ်လာအရ အမျှဝေတော့ သူတို့ ရောက်ရာဘုံဘဝက သာဓုခေါ်နိုင်ကြပါစေ၊ ကောင်းရာဘုံဘဝကို ရောက်ပါစေလို့ ဆုတောင်းတာ၊ ကျနော်တို့ဆန္ဒက အဲဒီမှာ သွားရိုက်ခတ် မယ်လို့ထင်ပါတယ်”ဟု ပြောဆိုသည်။

ဆက်လက်ဖတ်ရှုပါရန်...

လေဘေးရန်ပုံငွေ ဗီဒီယိုကားများ ရိုက်ကူးမည် (The Irrawaddy)

ကွမ်းခြံကုန်း ကားလမ်းပေါ်တွင် သရုပ်ဆောင် လင်းဇာနည်ဇော် လေဘေးဒုက္ခသည်များကို သွားရောက် ကူညီနေပုံ (ဓာတ်ပုံ - ဧရာဝတီ)


နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့်ခံခဲ့ရသည့် လေဘေးဒုက္ခသည်များအားကူညီရန် နာမည်ကျော် ရုပ်ရှင် ဒါရိုက်တာ ၆ ဦးက ရန်ပုံငွေဗီဒီယိုကားများ ရိုက်ကူးမည်ဟု ရုပ်ရှင်အသိုင်းအ၀န်းမှတဆင့် သိရသည်။

အဆိုပါ ရန်ပုံငွေ ဇာတ်လမ်းများကို နာမည်ကျော်ဒါရိုက်တာများဖြစ်ကြသည့် မိုက်တီး၊ မီးပွား၊ မောင်သီ၊ ကျော်ဇောလင်း၊ ညီညီအောင် (ညွန့်မြန်မာ) နှင့် ကိုဇော် (အရုဏ်ဦး) တို့က ယနေ့မှစ၍ မေမြို့တွင် ရိုက်ကူးမည် ဖြစ်သည်။

ဟာသသရုပ်ဆောင် ကိုညောင်ညောင်က “သရုပ်ဆောင်တွေက မင်းသား၊ မင်သမီး အကုန်နီးပါး ပါတယ်။ လူမှုရေးကိစ္စ သရုပ်ဆောင်ရတဲ့အတွက်၊ သရုပ်ဆောင် အများစုအနေနဲ့ အခုလိုစုပေါင်းပြီး ငွေရှာပေးရတာ၊ ကိုယ်လုပ်နိုင်သလောက်လေး ထိထိရောက်ရောက် ဖြစ်သွားတယ်ဆိုရင်ပဲ ၀မ်းသာပါတယ်” ဟု ဧရာဝတီကို ပြောသည်။

လွန်ခဲ့သည့်လဆန်းပိုင်းမှစ၍ လေဘေးဒုက္ခသည်များအား အနုပညာရှင်များစုပေါင်းကာ သွားရောက်တွေ့ဆုံခြင်း၊ အားပေး စကား ပြောခြင်းနှင့် အကူပစ္စည်း သွားရောက်ပေးအပ်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်ခဲ့ကြရာ သရုပ်ဆောင် ညောင်ညောင် လည်း ပါဝင်ခဲ့သည်။

အဆိုပါ ရန်ပုံငွေဗီဒီယိုဇာတ်လမ်းများကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ငွေကြေးစိုက်ထုတ်ကာ ရိုက်ကူးထားမည်ဖြစ်ပြီး ဗီဒီယိုရိုက်သည့်ကာလကို အကြမ်းဖျင်း ၁၀ ရက် သတ်မှတ်ထားသည်ဟု ရုပ်ရှင်လောကသားတဦးက ပြောသည်။

၎င်းဗီဒီယိုဇာတ်ကားများမှ ရရှိလာမည့် အကျိုးအမြတ်ကို ကူညီရာ၌ လေဘေးဒုက္ခသည်များအား ငွေကြေးကူညီသည်ထက် လတ်တလော လိုအပ်နေသည့် စိုက်ပျိုးရေးကိရိယာများကို ဖြည့်ဆည်းရန် စီစဉ်နေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

“သရုပ်ဆောင်ကြေးက ကျနော်တို့ ဇာတ်ပို့ ဇာတ်ရံတွေကို အနည်းအကျဉ်းညီတူညီမျှ ထုတ်ပေးတယ်၊ မင်းသား မင်းသမီးက မယူကြပါဘူး။ စီးပွားဖြစ်ရိုက်တာ မဟုတ်ဘူး” ဟု ကိုညောင်ညောင်က ဆက်ပြောသည်။

သရုပ်ဆောင် Example ထွန်းထွန်းက “ကျနော်က ဒါရိုက်တာ မောင်သီရိုက်မယ့် ‘ကောလာဟလ’ ဇာတ်ကားမှာပါ။ လေဘေးဒဏ်ခံခဲ့ရသူတွေ တကယ်ဒုက္ခရောက်နေကြတယ်။ တတ်အားသရွေ့ ကူညီကြပါလို့ ပြောချင်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဒါရိုက်တာ မောင်သီ ရိုက်ကူးမည့် ‘ကောလာဟလ’ ဗီဒီယိုဇာတ်လမ်းတွင် သရုပ်ဆောင် ခန့်စည်သူနှင့် စိုးမြတ်သူဇာတို့ ပါဝင်သရုပ်ဆောင်ကြကြောင်းလည်း သိရသည်။

ဆက်လက်ဖတ်ရှုပါရန်...

မုန်တိုင်းကြောင့် ဆုံးပါးသွားသူများအတွက် တလပြည့်ဆုတောင်းပွဲ ပြုလုပ် (The Irrawaddy)

နာဂစ်မုန်တိုင်းကြောင့် အသက်ဆုံးရှုံးသွားသူများအတွက် ယနေ့နံနက်ပိုင်းက ဆုတောင်းပွဲတရပ်ကို ရန်ကုန်မြို့ ကြည့်မြင် တိုင်မြို့နယ်ရှိ သာဓုကျောင်းတိုက်တွင်ပြုလုပ်ရာ သံဃာအပါး ၈၀၀ ကျော်နှင့် လူပရိသတ် ၅၀၀ ကျော် တက်ရောက်သည်ဟု ဆုတောင်းပွဲကိုစီစဉ်သည့် ဆရာတော် ဦးပညာသီဟက ဧရာဝတီကို မိန့်ကြားသည်။

အဆိုပါဆုတောင်းပွဲကို ကြည့်မြင်တိုင် သာဓုကျောင်းတိုက် ရွှေည၀ါဆရာတော် ဦးပညာသီဟနှင့် ဓမ္မဒူတ အရှင်ဆေကိန္ဒ တို့က ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်သည်။

“နာဂစ် မုန်တိုင်းထိလို့ ဆုံးပါးသွားသူ၊ မကျွတ်မလွတ်သူတွေအတွက် အမျှပေးဝေတဲ့အစီအစဉ်ကို အထူးဦးစားပေး ကျင်းပ တာပါ။ ဘာအနှောင့်အယှက်မှမရှိဘူး … အားလုံး အောင်အောင်မြင်မြင်နဲ့ ပြီးသွားတယ်” ဟု ဆရာတော် ဦးပညာသီဟက ပြောသည်။

ဆရာတော် ဦးပညာသီဟသည် အဆိုပါဆုတောင်းပွဲနှင့်ပတ်သက်ပြီး လွန်ခဲ့သည့်တပတ်ကစ၍ ကြည့်မြင်တိုင်ရှိ နေရာအနှံ့ အပြားတွင် အသံချဲ့စက်ဖြင့် ဒကာ၊ ဒကာမများကို လိုက်လံအသိပေးဖိတ်ကြားထားခဲ့သည်ဟုလည်း ဆရာတော် ဦးပညာ သီဟ က ပြောသည်။

သာဓုကျောင်းတိုက် ရွှေည၀ါ စာသင်တိုက်၏ သတ္တမအကြိမ်မြောက် ဓမ္မာစရိယနှင့် အဘိဓမ္မာ ဆရာဖြစ်သင်တန်း ဆင်းပွဲပြု လုပ်ချိန်နှင့် နာဂစ်မုန်တိုင်းတိုက်ခတ်သည့် တလပြည့်ချိန်တို့ တိုက်ဆိုင်နေသဖြင့် အခမ်းအနား ၂ ရပ်ကို တပေါင်းတည်း ကျင်းပခဲ့ခြင်း ဖြစ်သည်။

“ဘုန်းကြီးက ညတိုင်း သံဃာအပါး ၆၅၀ ကျော်နဲ့ အတူတကွ ဘုရားဝတ်ပြုပြီးတိုင်း အမျှဝေတယ်။ နာဂစ်ဖြစ်ပြီးတဲ့ အချိန် ကစပြီး မနေ့ညအထိပေါ့။ ဒါကတော့ ထေရ၀ါဒလမ်းစဉ်အတိုင်း လုပ်တာပါ” ဟု ဦးပညာသီဟက ပြောသည်။

လွန်ခဲ့သည့်လ ၃ ရက်နေ့ နံနက်အစောပိုင်းတွင် ဧရာဝတီမြစ်ကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းတို့ကို နာ ဂစ် အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ရာ လူပေါင်း ရှစ်သောင်းကျော်သေဆုံးပြီး ငါးသောင်းကျော် ပျောက်ဆုံး လျက်ရှိကြောင်း စစ်အစိုးရက ကြေညာထားသည်။

သာဓုကျောင်းတိုက်ရှိ သံဃာတော်များသည် မုန်တိုင်းတိုက်ခတ်ပြီးချိန်မှစ၍ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ ကြသည်။

ဦးပညာသီဟက “အနီးတ၀ိုက်ကိုလှူဒါန်းတာ နေ့တိုင်းလုပ်တယ်၊ လှိုင်သာယာ၊ ကြည့်မြင်တိုင်တဘက်ကမ်းနဲ့ ကျောက်တန်း … နေ့စဉ် လူ ၇၀၀၊ ၈၀၀ စာလောက်ကို ထမင်းတထုပ်၊ ဟင်းတထုပ်စီ ဝေတယ်။ အ၀တ်ထုပ်တွေ လည်း အခါအားလျှော်စွာ ယူသွားပေးတယ်” ဟု မိန့်ကြားသည်။

“ဘုန်းကြီးတို့ ဒီလိုဆောင်ရွက်နေတာသိတော့ ဒကာ၊ ဒကာမတွေကလည်း စွမ်းအားရှိသလောက် ၀ိုင်းလှူတယ်။ အဲဒါတွေကို ဘုန်းကြီးတို့က တဆင့်လှူပေးတာပေါ့။ အလှူငွေကိုလည်း ဒန်အိုး၊ ဒန်ခွက်တွေ၊ မိုးကာလိပ်၊ ဆေးဝါး ပစ္စည်း … လိုအပ်တာ တွေဝယ်ပြီး ခိုင်လုံတဲ့အထောက်အထားရှိတဲ့ ကျေးရွာက ကျောင်းထိုင် ဘုန်းကြီးတွေက တဆင့် လှူတယ်” ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။
လေဘေးဒုက္ခရောက်နေသူများအား သာဓုကျောင်းတိုက်မှတဆင့် အကူအညီပေးလိုပါက ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်၊ ရွှေည၀ါဆရာတော် ဟူ၍ ဆက်သွယ်နိုင်သည်။

ဆက်လက်ဖတ်ရှုပါရန်...

လပွတ္တာတွင် လေဘေးဒုက္ခသည်များ အတည်တကျ မရှိသေး၊ အလောင်းများ ထောင်ချီရှိနေဆဲ (NEJ)


နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသည်မှာ (၁) လ ကြာခဲ့ပြီဖြစ်သော်လည်း ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှ လေဘေးဒုက္ခသည်များသည် နေစရာ အတည်တကျ မရှိသေးသကဲ့သို့ မြို့နယ်အတွင်း ၌လည်း လူသေအလောင်းများ ထောင်နှင့်ချီ ရှိနေသေးကြောင်း ဒေသခံများက ပြောသည်။

လပွတ္တာမြို့နယ်မှ လေဘေးသင့် ဒုက္ခသည်များအား မြောင်းမြမြို့တွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိခဲ့သော်လည်း ယခုလ (၁) ရက်တွင် လပွတ္တာသို့ ပြန်ပို့လိုက်ကြောင်း မြောင်းမြမြို့ခံ မျက်မြင်တဦးက ပြောသည်။

“မော်တော် (၄) စီးနဲ့ ပို့တာဗျ။ ဒုက္ခသည်တွေကို တက်တက်ဆိုပြီး ပြောနေတာ” ဟု ၎င်းက ပြောသည်။

အဆိုပါ မော်တော်များဖြင့် သယ်ဆောင်သွားသော ဒုက္ခသည်များမှာ (၆၀၀) ခန့်ရှိပြီး ယခုအခါ လပွတ္တာမြို့ပေါ် လေးထပ်ဘုန်းတော်ကြီးကျောင်းတွင် ခေတ္တနေထိုင်နေကြသည်။

လေးထပ်ဘုန်းကြီးကျောင်းမှတဆင့် မိမိနေရပ်သို့ ပြန်ခိုင်းကာ ပြန်လိုသူများကို စရိတ်ပေးကမ်း မည်ဖြစ်ကြောင်း၊ မပြန်လိုပါက ထားသည့်နေရာတွင် နေရမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောသဖြင့် ဒုက္ခသည်များမှာ မည်သို့ ရွေးချယ်ဆုံးဖြတ်ရမည်မသိ ဖြစ်နေကြကြောင်း လပွတ္တာ မြို့ခံတဦးက ပြောသည်။

စစ်အစိုးရက ဒုက္ခသည်များကို ကယ်ဆယ်ရေးစခန်းများမှ လျှော့ချကာ ယခုအခါ နာဂစ်အပြီး (၁) လအကြာတွင် ဒုက္ခသည် အရေအတွက် မည်မျှလျော့နည်းသွားပြီဖြစ်ကြောင်း နိုင်ငံတကာသို့ လိမ်လည်ရန် ဥာဏ်ဆင်ခြင်းဖြစ်ကြောင်း ဒေသခံများက ဝေဖန်ပြောဆိုကြသည်။

လပွတ္တာမြို့နယ်အတွင်း ကျေးရွာအုပ်စု (၆၀) ခန့်ရှိပြီး ကျေးရွာပေါင်း (၅၀၀) ခန့်အနက် ရွာပေါင်း (၄၉၀) မှာ ရွာလုံးကျွတ်နီးပါး သေကျေ၊ ပျက်စီး၊ ပျောက်ဆုံးသွားကြောင်း၊ မုန်တိုင်းကြောင့် လပွတ္တာမြို့နယ်အတွင်း သေဆုံးသူပေါင်း (၁၉၆,၇၂၀) ဦးရှိကြောင်း ၎င်းမြို့နယ်တွင် အချက် အလက်များ စုဆောင်းနေသည့် ကြက်ခြေနီအဖွဲ့ဝင်တဦးက ပြောသည်။

သို့သော် အဆိုပါစာရင်း၌ ပျောက်ဆုံးနေသော လူဦးရေနှင့် မိသားစုလိုက် သေဆုံး၊ ပျောက်ဆုံး သူများ မပါဝင်သေးကြောင်း၊ ၎င်းမြို့နယ်တွင် အိမ်ထောင်စုမဲ့ ပျံကျအလုပ်သမားများလည်း ရှိသည့်အတွက် တမြို့နယ်လုံး သေဆုံးသူစုစုပေါင်း (၂) သိန်းကျော်ရှိမည်ဟု ခန့်မှန်းကြောင်း ၎င်းက ပြောသည်။

လပွတ္တာမြို့နယ်အတွင်း လူသေအလောင်းများ ထောင်နှင့်ချီ ရှိနေသေးသည်ဟုလည်း မိမိဒေသ ပြင်စလူသို့ နာဂစ်မုန်တိုင်းအပြီး မေ (၃၁) က သွားရောက်ခဲ့သည့် မုန်တိုင်းဘေးမှ လွတ်မြောက် ခဲ့သူ ကိုဟန်စိုးက ပြောသည်။

၎င်းက “လပွတ္တာနဲ့ ပြင်စလူကို သွားတဲ့ရေလမ်းမှာ ရေ၀ဲတွေရှိတယ်။ အဲဒီ ရေ၀ဲတ၀ဲမှာ လှည့်လည် နေတဲ့ အလောင်းတွေက (၅၀၀) ကျော်လောက်ရှိတယ်။ အဲဒီလိုမျိုး ၀ဲတွေ အများကြီးပဲ ” ဟု ပြောသည်။

ပြင်စလူမြို့နယ်ခွဲ၌ အိမ်ခြေ (၁,၀၀၀) ကျော် ရှိသည့်အတွက် လပွတ္တာမြို့နယ်၏ မြို့နယ်ခွဲအဖြစ် ပြီးခဲ့သည့် (၂) နှစ်ခန့်က သတ်မှတ်ခံထားရကာ သောက်ရေ၊ သုံးရေအား ရေကန်ကြီးများမှ သောက်သုံးရကြောင်း၊ ယခုအခါ သောက်သုံးရေကန်များထဲတွင် လူသေလောင်းများနှင့် ကျွဲ၊ နွား တိရိစ္ဆာန်အလောင်းများ ရှိနေဆဲဖြစ်သည့်အတွက် ၎င်းဒေသ၌ ပြန်လည်နေထိုင်ရန် အခက်အခဲများ ဖြစ်နေကြောင်း ပြင်စလူမှ ဒေသခံများက ပြောသည်။

“မနေ့က ကျမအစ်ကို သွားကြည့်တာပါ၊ ရေကန်တွေမှာ အလောင်း (၅) လောင်း တွေ့ခဲ့တယ်တဲ့၊ အဲဒီမှာ ပြန်နေဖို့က ရေပြဿနာ အဓိကပါ” ဟု လပွတ္တာ လေဘေးကယ်ဆယ်ရေးစခန်းက မထွေး ထွေးမော်က ပြောသည်။

လပွတ္တာမြို့ပေါ်တွင် ရပ်ကွက်ပေါင်း (၁၀) ခု ရှိပြီး နေအိမ်များ အားလုံးပျက်စီးကြကာ ယခု
(၁) လပြည့်သည်အထိ အိမ်အနည်းငယ်သာ ပြုပြင်ရသေးကြောင်း မြို့ခံတဦးက ပြောသည်။

စစ်အစိုးရက လူသေ၊ ကျွဲ၊ နွား စသည့် တိရိစ္ဆာန်များ၏ အလောင်းများကို မျက်ကွယ်ပြုကာ ကယ် ဆယ်ရေး လုပ်ငန်းများ ပြီးစီးကာ ပြန်လည်ထူထောင်ရေးများကို စတင်နေပါပြီဟု ၎င်းတို့ပိုင် မီဒီ ယာများတွင် ကြေညာနေသည်။ ။

ဆက်လက်ဖတ်ရှုပါရန်...

ကျောင်းများ ပြုပြင်နိုင်ခြင်းမရှိဘဲ ကျောင်းဖွင့် (NEJ)

ကွန်းခြံကုန်းမြို့နယ် စံပြသာယာ အခြေခံမူလတန်းကျောင်း


နအဖအာဏာပိုင်များ၏ အမိန့်အရ လေဘေးသင့်ခံရပြီး စာသင်ကျောင်းများ ပြိုပျက်ခဲ့သည့် ကွမ်းခြံကုန်းနှင့် ဒေးဒရဲ မြို့နယ်တို့တွင် ဇွန်လ (၂) ရက်၌ ကျောင်းများ ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကွမ်းခြံကုန်းမြို့နယ် သုံးခွကျေးရွာမှ ကျောင်းသားမိဘတဦးက “ရွာကျောင်းက အမိုးတွေ တော်တော် ပျက်စီးသွားတယ်။ ပြန်လည်း မပြင်ရသေးဘူး။ အဲဒါ အာဏာပိုင်တွေက ဖွင့်ပါ ပြောတော့ ကျောင်းဖွင့်တယ်။ ကျောင်းဆောင်တွေ အားလုံး သုံးမရတော့ မနက်၊ ညနေ (၂) ပိုင်းခွဲပြီး သင်မယ်ပြောတယ်” ဟု ပြောသည်။

အဆိုပါ မြို့နယ်များမှ စာသင်ကျောင်းများသည် အခြား ဧရာဝတီတိုင်းရှိ လေဘေးသင့် ဒေသ များရှိ စာသင်ကျောင်းများကဲ့သို့ ပျက်စီးခဲ့ကြောင်း၊ အများစုမှာ လုံးဝပြိုလဲသွားပြီး အချို့မှာ အမိုးလန်သွားသဖြင့် အမိုးအကာ ပျက်စီးသွားကာ တိုင်များသာ ကျန်ရစ်ကြောင်း သိရသည်။

ယခုကဲ့သို့ စာသင်ကျောင်းများ ပျက်စီးနေသော်လည်း အာဏာပိုင်များ၏ ကျောင်းဖွင့်ရမည် ဆိုသည့် အမိန့်အရ အချို့ရွာများတွင် ရွက်ဖျင်တဲအတွင်း မြေကြီးပေါ်၌ စာသင်ကြရပြီး အချို့ ရွာများတွင်မူ ကျောင်းသားကျောင်းသူများကို အမိုးအကာရှိသည့် အဆောက်အဦများ၌ အစု လိုက်ခွဲပြီး သင်ပေးကြရကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ် ထန်းပင်ကုန်းကျေးရွာမှ မိဘတဦးက “ကျောင်းကလည်း ပျက်စီးနေတော့ နိုင်ငံတကာက ရွက်ဖျင်တဲကြီးကို ထိုးလိုက်တယ်။ နောက် ရန်ကုန်က မှာယူလာတဲ့ စာသင်ခုံတွေ ဖြည့်ပြီး အပြသဘော လုပ်ပြတာမျိုးတော့ရှိတယ်” ဟု ပြောသည်။

စစ်အစိုးရအာဏာပိုင်များက အတင်းအကျပ် စာသင်ကျောင်းများကို ပြန်ဖွင့်ခိုင်းနေသော်လည်း
စာသင်ကျောင်းများမှာ ပြန်လည်ပြင်ဆင် ပြီးစီးခြင်းမရှိသေးဘဲ လေဘေးဒဏ်ခံရသည့် ကျောင်း ဆရာဆရာမများ၊ ကျောင်းသားမိဘများ၏ နေထိုင်မှုဘ၀များမှာလည်း အဆင်ပြေခြင်း မရှိ သေးပေ။

လေဘေးဒဏ် အပြင်းအထန် ခံခဲ့ရသည့် ဘိုကလေး၊ လပွတ္တာ၊ မော်လမြိုင်ကျွန်းနှင့် မြို့နယ် အချို့တွင် ကျောင်းဖွင့်ရက်ကို တလ နောက်ဆုတ်ထားကြောင်း သိရသည်။ ။

ဆက်လက်ဖတ်ရှုပါရန်...

ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ လေဘေးဒုက္ခသည် ရှင်းလင်းရေးလုပ် (NEJ)

ဒုက္ခသည်များ မရှိတော့သည့် ကွမ်းခြံကုန်းမှ ဒုက္ခသည်စခန်း

လေဘေးဒုက္ခသည်များနှင့် ပတ်သက်၍ ကယ်ဆယ်ရေးအဆင့်ပြီးသည့်နောက် ပြန်လည် ထူထောင်ရေး လုပ်နေပြီဖြစ်ကြောင်း ပြသရန် လုံထိန်းရဲတပ်ဖွဲ့ကို အင်အားအလုံးအရင်းသုံး လုပ်ဆောင်နေကြောင်း ကွမ်းခြံကုန်းမြို့ခံများက ပြောသည်။

ကွမ်းခြံကုန်းမြို့ မြေစာရင်းဌာန ၀န်ထမ်းတဦးက “နဂိုက အားကစားဝင်းကြီးထဲမှာ နိုင်ငံတကာက ပေးတဲ့ ရွက်ဖျင်တဲတွေ ထိုးပြီး ဒုက္ခသည်တွေကို ထားတာ ရှိတယ်။ ခုတော့ အားလုံးကို နေရပ် ပြန်ခိုင်းလိုက်ပြီ။ နောက် အစိုးရ စာသင်ကျောင်းတချို့မှာ ခိုလှုံနေသူတွေကိုလည်း ပြန်ခိုင်း လိုက်ပြီ” ဟု ပြောသည်။

နေရပ် ပြန်သွားရသည့် ဒုက္ခသည်များသည် ၎င်းတို့ရွာ၌ စားဝတ်နေရေး အဆင်မပြေ၍ ရန်ကုန် ဘက်မှ အလှူရှင်များ အလုံးအရင်းဖြင့်လာသည့် ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ ကားလမ်းပေါ်သို့ တက်လာကြသူများဖြစ်သည်။ အဆိုပါ ဒုက္ခသည်လူဦးရေမှာ နေ့စဉ် သောင်းနှင့်ချီ ရှိကြောင်း၊ အလှူရှင်များက ၎င်းတို့ကို သနားသည့်အတွက် ဆန်နှင့် အခြားပစ္စည်းများ လှူဒါန်းကြောင်း သိရသည်။

“ခုတော့ အဲဒါကို တားဆီးဖို့အတွက် အာဏာပိုင်တွေဟာ ကားလမ်းတလျှောက် လုံထိန်းတပ်ရင်း တွေကို နေ့ရောညပါ ချထားတယ်။ ကားလမ်းပေါ် တက်လာတဲ့ အရပ်သားတွေကို စောင့်ကြည့်ပြီး မထင်ရင် မထင်သလို ရိုက်တာတွေ လုပ်ပြီး ပြန်မောင်းချတယ်” ဟု အဆိုပါ မြေစာရင်းဌာန
ဝန်ထမ်းက ပြောသည်။

ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့သူ တဦးကလည်း ကားလမ်းတလျှောက် လုံထိန်း တပ်ဖွဲ့များကို ချထားသည်မှာ ယုံနိုင်ဖွယ်ရာ မရှိကြောင်း၊ ကော့မှူးကွမ်းခြံကုန်းအကြား ဓာတ်မီး တိုင် တတိုင်စာ၌ လုံထိန်းတပ်ဖွဲ့ဝင် (၂) ဦးစီ နေရာချထားပြီး ကွမ်းခြံကုန်း- ဒေးဒရဲလမ်းပိုင်း တွင်မူ ဓာတ်မီးတိုင် တတိုင်စာ၌ (၅) ယောက်တဖွဲ့ ချထားကြောင်း ပြောသည်။

၎င်းက “ (၄) ဖွဲ့ (၅) ဖွဲ့ အကွာလောက်မှာ အဓိကရုဏ်းနှိမ်နင်းရေး ဒိုင်းတွေ တင်ထားတဲ့ တရုတ်ပြည်လုပ် လုံထိန်းကားတွေ ရပ်တန့်ထားတယ်။ တချို့အဖွဲ့တွေက တဲဆောက်ပြီး နေကြသလို တချို့အဖွဲ့ကတော့ ပလတ်စတစ်စ မိုးပြီး နေနေကြတယ်။ စုစုပေါင်း လမ်းတ လျှောက် အင်အား (၁) ထောင်ကျော် ရှိနိုင်တယ်” ဟု ပြောသည်။

ယမန်နေ့ ညဘက်တွင် ဒေးဒရဲမှ ရန်ကုန်သို့ ပြန်လာသူ တဦးက ကားလမ်းတလျှောက်၌
ရဲစစ်ဆေးရေးဂိတ် (၅) ဂိတ် ချထားပြီး လုံထိန်းတပ်ဖွဲ့များသည် ညအချိန်၌ ကား (၃-၄) စီး
တစု စုဖွဲ့၍ လမ်းဘေးတွင် အလှည့်ကျ ကင်းစောင့်ပြီး နိုင်ငံခြားသားများ ၀င်ရောက်ခြင်း ရှိမရှိ စစ်ဆေးနေကြသည်ကို တွေ့ရကြောင်း ပြောသည်။

ထို့အပြင် လေဘေးဒုက္ခသည်များအား ကယ်ဆယ်ကူညီရေး ပစ္စည်းများပေးရန် ရောက်လာသည့် ကားများကိုလည်း လမ်းဘေးတွင် လှူဒါန်းပါက ပြည်တွင်းပြည်ပ ခရီးသွားများက တွေ့မြင်သွားပြီး နိုင်ငံဂုဏ်သိက္ခာ ကျဆင်းကြောင်း၊ ထိုကြောင့် သက်ဆိုင်ရာကတဆင့်သာ လှူဒါန်းကြရန် နှိုးဆော် စာများ ဖြန့်ဝေနေကြောင်း၊ လမ်းတလျှောက်၌လည်း လမ်းဘေးတွင် ကားရပ်ပြီး မလှူရန်၊ ကား ပေါ်က ပစ္စည်းပစ်မချရန်ဆိုသည့် သတိပေးစာ ဆိုင်းဘုတ်အနီများ ထောင်ထားကြောင်း ၎င်းက ပြောသည်။

ပြန်လည်ထူထောင်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်နေကြောင်း နအဖက ကြေညာခဲ့ချိန်မှစ၍ ယခုကဲ့သို့ အရေးယူ ဆောင်ရွက်နေခြင်းဖြစ်ပြီး ဒုက္ခသည်များကို ၎င်းတို့ ခိုလှုံရာ စခန်းများမှ အတင်းအကျပ် မောင်းထုတ်ခြင်း၊ ကားလမ်းနံဘေးသို့ ဒုက္ခသည်များ တက်မလာနိုင်ရန် လုံထိန်း တပ်ဖွဲ့ဝင်များ သုံး၍ ဟန့်တားခြင်းနှင့် အလှူသွားပေးသည့် ကားများကိုလည်း ဖမ်းဆီးဒဏ်ရိုက် ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါရန်...

စစ်အစိုးရကို ငွေကြေးပံ့ပိုးသည့် ရှက်ဖွယ်ကုမ္ပဏီများအဖြစ်၊ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးများ ကြေညာခံရ (NEJ)

ကမ္ဘာ့ထိပ်တန်း ကော်ပိုရေးရှင်းကြီးများ အပါအ၀င် နိုင်ငံတကာရှိ ကုမ္ပဏီပေါင်း (၁၅၄) ခုကို မြန်မာစစ်အစိုးရအား တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်၍ ငွေကြေးကူညီ ထောက်ပံ့ပေးနေသည့် မသန့်ရှင်းသော ရှက်ဖွယ်ကုမ္ပဏီများအဖြစ် ဗြိတိန်အခြေအစိုက် ဘားမားကန်ပိန်းယူကေအဖွဲ့က ယနေ့ကြေညာသည်။

မသန့်ရှင်းသော ကုမ္ပဏီများစာရင်း၌ ဘီဘီစီ ကမ္ဘာတလွှား၊ တိုယိုတာ၊ ရှယ်ဗရွန်၊ ကွမ်တက်စ်၊ တိုတယ်၊ ဒေ၀ူးနှင့် တရုတ်အမျိုးသား ကမ်းလွန်ရေနံကော်ပိုရေးရှင်း စသည့်ကုမ္ပဏီကြီးများ
ပါဝင်သည်။ အဆိုပါစာရင်း၌ မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သည့် ကုမ္ပဏီ (၃၃) ခုနှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီ (၃၀) တို့ ပါဝင် ကြောင်း ထိုအဖွဲ့ကြေညာချက်အရ သိရသည်။

ယခုခေတ် ကုမ္ပဏီများအနေဖြင့် ကျင့်ဝတ်သိက္ခာရှိရှိ ပြုမူလုပ်ကိုင်နေသည်ဟု ပြောဆိုနေကြ ကြောင်း၊ ယင်းသို့ပြောဆိုနေမှုသည် လူကြားကောင်းအောင် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ယခုစာရင်းက ဖော်ထုတ်ပြသလိုက်သည်ဟု ဘားမားကန်ပိန်းယူကေအရာရှိ Johnny Chatterton က ပြောသည်။

၎င်းက “ကျင့်ဝတ်သိက္ခာကို အလေးထား ဆောင်ရွက်မယ်ဆိုရင် (၅) နှစ်အရွယ် မိန်းကလေးတွေ
ကို အဓမ္မပြုကျင့်တဲ့၊ ငြိမ်းချမ်းစွာဆန္ဒပြတဲ့သူတွေကို ပစ်ခတ်တဲ့၊ မုန်တိုင်းဘေးဒုက္ခသည်တွေကို သေအောင် ပစ်ထားတဲ့ စစ်အာဏာရှင်ကို ငွေကြေးထောက်ပံ့ကြမှာ မဟုတ်ဘူး” ဟု ပြောသည်။

မြန်မာစစ်အစိုးရသည် နိုင်ငံ၏ ဘတ်ဂျက် ထက်ဝက်ကို စစ်တပ်အတွက်သုံးပြီး (၁.၄) ရာခိုင်နှုန်း ကိုသာ ကျန်းမာရေးနှင့် ပညာရေးအတွက် သုံးကြောင်း၊ ထိုပမာဏသည် ဆင်းရဲသည့် အာရှ နိုင်ငံများတွင် သုံးစွဲသည်ထက် တ၀က်အောက် လျော့နည်းနေကြောင်း၊ မြန်မာနိုင်ငံသည် စစ်အသုံးစရိတ်ကို ကျန်းမာရေးနှင့် ပညာရေးအသုံးစရိတ် နှစ်ခုပေါင်းထက် ပိုသုံးသည့် တခု တည်းသော အာရှနိုင်ငံဖြစ်ကြောင်း ဘားမားကန်ပိန်းယူကေက ထောက်ပြသည်။

မသန့်ရှင်းသည့် ကုမ္ပဏီများစာရင်းကို အဆိုပါအဖွဲ့က ပထမဆုံး စတင်ထုတ်ပြန်ခဲ့သော လွန်ခဲ့ သည့် (၆) နှစ်မှ ယခုအချိန်အထိ ပီဒဗလျူ၊ ရိုးစ်ရွိုက်၊ ဒီအိတ်ခ်ျအယ်လ် အပါအ၀င် ကုမ္ပဏီ
(၁၀၀) ကျော်တို့သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုများ မလုပ်တော့ဘဲ ထွက်ခွာခဲ့သည်။ ။

မသန့်ရှင်းသည့် ကုမ္ပဏီများ http://www.burmacampaign.org.uk/dirty_list/dirty_list_print.html

ဆက်လက်ဖတ်ရှုပါရန်...

HIV ရပ်တန့််ဆေးရရှိသည့် ဝေဒနာရှင် (၃) သန်းခန့် ရှိပြီ (NEJ)

ဝင်ငွေနည်းပါးသော တိုင်းပြည်များနှင့် အလယ်အလတ် ၀င်ငွေရရှိသည့် တိုင်းပြည်များတွင် HIV ပြန့်ပွားမှု ထိန်းချုပ်သည့်ကုသမှု (ART) ကို စုစုပေါင်း လူနာ (၃) သန်းခန့် ကုသမှုခံယူနိုင်ပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ အေဂျင်စီများ ပူးတွဲထုတ်ဝေသည့် အစီရင်ခံစာတွင် ဖော်ပြသည်။

အဆိုပါအေဂျင်စီများမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂ HIV/AIDS ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် (UNAIDS) နှင့် ကုလသမဂ္ဂ ကလေးသူငယ်များ အရေးပေါ် ရန်ပုံငွေအဖွဲ့ (UNICEF) တို့ဖြစ်သည်။

၂၀၀၇ ခု နှစ်ကုန်ပိုင်းတွင် ART ကုသမှု ခံယူသည့် နောက်တိုးလူနာ (၁) သန်းနီးပါး ရှိလာပြီး ကုသမှု ခံယူသူ စုစုပေါင်း (၃) သန်းနီးပါးအထိ ရှိလာသည်။

ဝေဒနာရှင် (၃) သန်းကို ကုသလာနိုင်ခြင်းမှာ ၂၀၀၅ ခုတွင် ၀င်ငွေနည်းပါးသော တိုင်းပြည် များနှင့် အလယ်အလတ်ဝင်ငွေရရှိသော တိုင်းပြည်များမှ HIV ဝေဒနာရှင်ပေါင်း (၃) သန်းကို ဆေးကုသပေးရန် ရည်မှန်းထားသည့် အစီအစဉ်အတိုင်း အကောင်အထည် ဖော်နိုင်ခြင်း
ဖြစ်သည်။

ဆေးဝါးဈေးနှုန်း လျှော့ချမှုကြောင့် ဆေးဝါးဝယ်ယူသူ ပိုမိုများပြားခြင်း၊ ART ကုသပေးမှုစနစ် ကောင်းမွန်လာ၍ နိုင်ငံအလိုက် ပိုမိုလက်ခံ ကျင့်သုံးလာခြင်း၊ HIV ဝေဒနာရှင်များက ART ကုသမှုကို ပိုမိုတောင်းဆိုလာခြင်း စသည့်အချက်များကြောင့် ART ကုသမှု ခံယူသည့် အရေ အတွက် များပြားလာခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ART ကုသမှုလိုအပ်နေသည့် ခန့်မှန်းဦးရေ (၉.၇) သန်းအနက် (၃၁) ရာခိုင်နှုန်းသည် ၂၀၀၇ ခု နှစ်ကုန်ပိုင်းတွင် ကုသမှု ခံယူနိုင်ခဲ့ပြီး (၆.၇) သန်းမှာ အသက်ကယ် ဆေးဝါးများ ရရှိရန် လိုနေ သေးသည်။

နိုင်ငံအတော်များများတွင် ကန့်သတ်ချုပ်ချယ်မှုများ ရှိနေသော်လည်း အောင်မြင်မှုများ ရရှိနေ ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ HIV ကာကွယ်ရေး၊ ကုသမှုပြုရေးနှင့် အထောက်ကူပြုရေးဆီသို့ အမှန်တကယ်ခြေလှမ်း လှမ်းနေပြီဖြစ်ကြောင်း၊ HIV ကာကွယ်ရေးနှင့် ကုသမှု အားစိုက်ထုတ် ရန်အတွက် နိုင်ငံတကာအသိုင်းအ၀န်းက လက်တွဲကူညီ လုပ်ဆောင်သင့်ကြောင်း UNAIDS အမှုဆောင် ဒါရိုက်တာ ပီတာ ပီရော့က ပြောသည်။ ။

ဆက်လက်ဖတ်ရှုပါရန်...

ဒုက္ခသည်များကို အာဏာပိုင်များ ဆက်လက်၍ နှင်ထုတ်နေ (Mizzima)

နယူးဒေလီ။ ။ ရန်ကုန်နှင့် ဧရာဝတီတိုင်းရှိ ဒုက္ခသည် အများအပြားကို နေရပ်ဒေသများသို့ ပြန်ရန် ဒေသအာဏာပိုင်များက ဆက်လက်၍ အတင်းအဓမ္မ နှင်ထုတ်နေသည်။

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်ရှိ ၂၆ ရပ်ကွက်ရှိ ယောက်ဖော်စံငြိမ် ဆွမ်းလောင်းဓမ္မာရုံရှိ ဒုက္ခသည်များကို လုံလောက်သည့် အကူအညီများ ပေးခဲ့ပြီးပြီဟု ဆိုကာ နေရပ်ဌာနေသို့ ပြန်ကြရန် မြို့နယ် မယကမှ မည်သည့် ထောက်ပံ့ကူညီမှုမှ မပေးဘဲ ပြောင်းခိုင်းခဲ့သည်။

ဓမ္မာရုံတွင် ယခင်က ဒုက္ခသည် ရာချီရှိသည့်အနက် ယခုအခါ လူဦးရေ ၂ဝ ခန့်သာ ကျန်ရှိပြီး မနက်ဖြန် နောက်ဆုံးထားကာ ပြောင်းရွှေ့ပေးရမည် ဖြစ်သည်။

ဂေါပကလူကြီးတဦးက “မင်းတို့ကို အစိုးရက လုံလောက်တဲ့ အကူအညီတွေ၊ အထောက်အပံ့တွေ ပေးပြီးပြီ၊ ကိုယ့်နေရပ်ရွာကို ပြန်ကြတော့၊ ဒီလ ၄ ရက်နေ့ နောက်ဆုံးထား ရွှေ့ပါ၊ အခုမပြောင်းကြရင် သက်ဆိုင်ရာ အာဏာပိုင်တွေကိုယ်တိုင် လာရွှေ့ခိုင်းလိမ့်မယ်တဲ့” ဟု ပြန်ပြောပြသည်။

ဓမ္မာရုံတွင် ခိုလှုံခဲ့သည့် ကာလအတွင်း ကုလသမဂ္ဂ ကလေးသူငယ်များ အရေးပေါ် ရံပုံငွေအဖွဲ့ (ယူနီဆက်) နှင့် အစိုးရ မဟုတ်သည့် အဖွဲ့များမှ အစားအသောက်နှင့် ဆေးဝါးများ အကူအညီရရှိကာ အာဏာပိုင်များဘက်မှ မည်သည့် အကူအညီမျှ မပေးခဲ့ဘဲ ယခုလို ပြောဆို၍ ပြောင်းခိုင်းခြင်း ဖြစ်သည်။

ဒေးဒရဲသို့ ပြန်ရတော့မည့် ဒုက္ခသည်တဦးက “ကျမမှာ ပြန်စရာ အိမ်မရှိဘူး။ မြေလည်း အပိုင်မရှိဘူး။ မြေတောင် ငှါးစရာ ပိုက်ဆံလည်း မရှိဘူး။ ဘာမှ မကျန်တော့တဲ့အတွက် ဘယ်လို နေထိုင်ရမယ် ဆိုတာ မစဉ်းစားနိုင်တာ့ဘူး” ဟု ပြောသည်။

အလားတူပင် ဧရာဝတီတိုင်း ဘိုကလေးမြို့ရှိ အထက ၁ ၊ ၂ နှင့် အလက ၁ ၊ ၂ ကျောင်းများတွင် ယာယီနေထိုင်ကြသည့် လေဘေး ဒုက္ခသည်များကို အာဏာပိုင်များက ကျောင်းများ ပြန်လည် ဖွင့်တော့မည် ဖြစ်သဖြင့် ပြန်လည်ပြုပြင်ရန် ဟုဆိုကာ ဒုက္ခသည်များကို ငွေကျပ် ၂ သောင်းနှင့် ဆန် ၅ ပြည်ပေးကာ နေရပ်သို့ အတင်းအဓမ္မ ပြန်ခိုင်းသည်။

အထက ၁ ကျောင်းမှ အမေအိုကြီးက “ရွာကို အတင်းပြန်ခိုင်းတယ်။ မပြန်ရဲတော့ဘူး။ လေမုန်တိုင်းကို ကြောက်တယ်။ လူတွေလည်း အားလုံးနီးပါး သေကုန်ပြီ။ အိမ်ယာလည်း မရှိတော့ဘူးတဲ့” ဟု ဆိုကာ ဆွေမျိုးနီးစပ်ရှိသည့် ဘိုကလေးမြို့သစ်တွင် ဆက်လက် နေထိုင်သည့် အမေအိုနှင့် အပျိုကြီး ၂ ဦးကို ကူညီခဲ့သည့် ဒေသခံတဦးက ပြောသည်။

ဘိုကလေးမြို့နယ်တွင် ဒုက္ခသည်များ ယခင်က နေထိုင်ကြသည့် ကျောင်း ၄ ကျောင်းတွင် ဒုက္ခသည်များကို မည်သည့်အကူအညီမှ မပေးဘဲ နှင်ထုတ်ခဲ့ပြီး၊ အမှတ် ၄ ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတွင်သာ လူဦးရေပေါင်း ၇ဝဝ ကျော် ကျန်ရှိနေသည်ဟု ဒေသခံတဦးက ဆိုသည်။

သူက “အရင်က ဘိုကလေးမှာ ဒုက္ခသည် သောင်းချီနေအောင် ရှိတာ။ အခုတော့ ဖြေးဖြေးချင်း နည်းသွားပြီ။ စခန်းတွေမှာ မရှိတော့ဘူး။ နေရပ် ပြန်တဲ့လူလည်း ပြန်၊ တခြား နေလို့ရမယ့် နေရာတွေမှာ လိုက်ခိုတဲ့လူက ခိုပေါ့။ ပြန်ကုန်ပြီ” ဟု ပြောသည်။

ဒုက္ခသည်များအတွက် အကူအညီများ လုံလောက်မှု ရှိနေပြီဟု ဆိုသော်လည်း ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်ရှိ ကရင်ကျေးရွာများသို့ သွားရောက်သည့် မရမ်း လမ်းတလျှောက်တွင် ရာနဲ့ချီရှိသည့် ဒုက္ခသည်များသည် စေတနာရှင်၊ အလှူရှင်များ အလာကို လမ်းမပေါ်ထွက်ကာ စောင့်မျှော်နေဆဲ ဖြစ်သည်။

ဆက်လက်ဖတ်ရှုပါရန်...