Wednesday, June 4, 2008

မုန်တိုင်းကြောင့် ဆုံးပါးသွားသူများအတွက် တလပြည့်ဆုတောင်းပွဲ ပြုလုပ် (The Irrawaddy)

နာဂစ်မုန်တိုင်းကြောင့် အသက်ဆုံးရှုံးသွားသူများအတွက် ယနေ့နံနက်ပိုင်းက ဆုတောင်းပွဲတရပ်ကို ရန်ကုန်မြို့ ကြည့်မြင် တိုင်မြို့နယ်ရှိ သာဓုကျောင်းတိုက်တွင်ပြုလုပ်ရာ သံဃာအပါး ၈၀၀ ကျော်နှင့် လူပရိသတ် ၅၀၀ ကျော် တက်ရောက်သည်ဟု ဆုတောင်းပွဲကိုစီစဉ်သည့် ဆရာတော် ဦးပညာသီဟက ဧရာဝတီကို မိန့်ကြားသည်။

အဆိုပါဆုတောင်းပွဲကို ကြည့်မြင်တိုင် သာဓုကျောင်းတိုက် ရွှေည၀ါဆရာတော် ဦးပညာသီဟနှင့် ဓမ္မဒူတ အရှင်ဆေကိန္ဒ တို့က ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်သည်။

“နာဂစ် မုန်တိုင်းထိလို့ ဆုံးပါးသွားသူ၊ မကျွတ်မလွတ်သူတွေအတွက် အမျှပေးဝေတဲ့အစီအစဉ်ကို အထူးဦးစားပေး ကျင်းပ တာပါ။ ဘာအနှောင့်အယှက်မှမရှိဘူး … အားလုံး အောင်အောင်မြင်မြင်နဲ့ ပြီးသွားတယ်” ဟု ဆရာတော် ဦးပညာသီဟက ပြောသည်။

ဆရာတော် ဦးပညာသီဟသည် အဆိုပါဆုတောင်းပွဲနှင့်ပတ်သက်ပြီး လွန်ခဲ့သည့်တပတ်ကစ၍ ကြည့်မြင်တိုင်ရှိ နေရာအနှံ့ အပြားတွင် အသံချဲ့စက်ဖြင့် ဒကာ၊ ဒကာမများကို လိုက်လံအသိပေးဖိတ်ကြားထားခဲ့သည်ဟုလည်း ဆရာတော် ဦးပညာ သီဟ က ပြောသည်။

သာဓုကျောင်းတိုက် ရွှေည၀ါ စာသင်တိုက်၏ သတ္တမအကြိမ်မြောက် ဓမ္မာစရိယနှင့် အဘိဓမ္မာ ဆရာဖြစ်သင်တန်း ဆင်းပွဲပြု လုပ်ချိန်နှင့် နာဂစ်မုန်တိုင်းတိုက်ခတ်သည့် တလပြည့်ချိန်တို့ တိုက်ဆိုင်နေသဖြင့် အခမ်းအနား ၂ ရပ်ကို တပေါင်းတည်း ကျင်းပခဲ့ခြင်း ဖြစ်သည်။

“ဘုန်းကြီးက ညတိုင်း သံဃာအပါး ၆၅၀ ကျော်နဲ့ အတူတကွ ဘုရားဝတ်ပြုပြီးတိုင်း အမျှဝေတယ်။ နာဂစ်ဖြစ်ပြီးတဲ့ အချိန် ကစပြီး မနေ့ညအထိပေါ့။ ဒါကတော့ ထေရ၀ါဒလမ်းစဉ်အတိုင်း လုပ်တာပါ” ဟု ဦးပညာသီဟက ပြောသည်။

လွန်ခဲ့သည့်လ ၃ ရက်နေ့ နံနက်အစောပိုင်းတွင် ဧရာဝတီမြစ်ကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းတို့ကို နာ ဂစ် အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ရာ လူပေါင်း ရှစ်သောင်းကျော်သေဆုံးပြီး ငါးသောင်းကျော် ပျောက်ဆုံး လျက်ရှိကြောင်း စစ်အစိုးရက ကြေညာထားသည်။

သာဓုကျောင်းတိုက်ရှိ သံဃာတော်များသည် မုန်တိုင်းတိုက်ခတ်ပြီးချိန်မှစ၍ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ ကြသည်။

ဦးပညာသီဟက “အနီးတ၀ိုက်ကိုလှူဒါန်းတာ နေ့တိုင်းလုပ်တယ်၊ လှိုင်သာယာ၊ ကြည့်မြင်တိုင်တဘက်ကမ်းနဲ့ ကျောက်တန်း … နေ့စဉ် လူ ၇၀၀၊ ၈၀၀ စာလောက်ကို ထမင်းတထုပ်၊ ဟင်းတထုပ်စီ ဝေတယ်။ အ၀တ်ထုပ်တွေ လည်း အခါအားလျှော်စွာ ယူသွားပေးတယ်” ဟု မိန့်ကြားသည်။

“ဘုန်းကြီးတို့ ဒီလိုဆောင်ရွက်နေတာသိတော့ ဒကာ၊ ဒကာမတွေကလည်း စွမ်းအားရှိသလောက် ၀ိုင်းလှူတယ်။ အဲဒါတွေကို ဘုန်းကြီးတို့က တဆင့်လှူပေးတာပေါ့။ အလှူငွေကိုလည်း ဒန်အိုး၊ ဒန်ခွက်တွေ၊ မိုးကာလိပ်၊ ဆေးဝါး ပစ္စည်း … လိုအပ်တာ တွေဝယ်ပြီး ခိုင်လုံတဲ့အထောက်အထားရှိတဲ့ ကျေးရွာက ကျောင်းထိုင် ဘုန်းကြီးတွေက တဆင့် လှူတယ်” ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။
လေဘေးဒုက္ခရောက်နေသူများအား သာဓုကျောင်းတိုက်မှတဆင့် အကူအညီပေးလိုပါက ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်၊ ရွှေည၀ါဆရာတော် ဟူ၍ ဆက်သွယ်နိုင်သည်။

No comments: