Thursday, June 5, 2008

မြန်မာတပ်သား ၃ ဦး ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ပစ်ခတ်ခံရ (Mizzima)

ချင်းမိုင်။ ။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် သေနတ်သမားတဦး၏ ပစ်ခတ်မှုကြောင့် မြန်မာစစ်တပ်မှ အရာခံဗိုလ် ၂ ဦးနှင့် တပ်ကြပ်တဦး ယမန်နေ့က ဒဏ်ရာများ ရရှိသွားသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ကော့သောင်းခရိုင် ခမောက်ကြီးကျေးရွာမှ ရနောင်းခရိုင် ကနဘူရီသို့ ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်က ဈေးဝယ်ရန်အသွား ပါချန်မြစ်ကို ဖြတ်ကူးစဉ် အပစ်ခံရခြင်း ဖြစ်သည်။

"သူတို့က ဒီဘက်မှာ ဆိုင်ကယ်နဲ့ အခြားပစ္စည်းတွေ လာဝယ်မလို့ ပြောတယ်။ မြစ်ကိုကူးတုန်း ဒီဘက်နား ရောက်တော့ အပစ်ခံရတာပဲ။ ၃ ယောက်လုံး ထိတယ်။ သေတော့ မသေဘူး" ဟု ဒေသခံတဦးက ပြောသည်။

ဘုတ်ပြင်းတပ်ရင်း ခလရ ၂၂၄ မှ အဆိုပါ တပ်သား ၃ ဦးသည် ၉ လုံးကျည် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။ တရားခံကို မသိရသေးဘဲ ရနောင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းနေဆဲဖြစ်ကြောင်း အခင်း ဖြစ်ပွားသည့် နေရာမှ ဒေသခံများက မဇ္ဈိမကို ပြောသည်။

သူတို့ကို မြန်မာပြည်ဘက်ခြမ်း၊ ခမောက်ကြီးရွာရှိ ၆ မိုင် ကုတင် ၁၀၀ ဆန့် စစ်ဆေးရုံသို့ ပို့ဆောင်ထားသည်။ တဦးမှာ ညာဘက်နံစောင်း၊ တဦးက ရင်ပတ်တွင် ဒဏ်ရာများ ရသွားကြကြောင်း ဒေသခံများအဆိုအရ သိရသည်။ သူတို့၏ ဒဏ်ရာ အခြေအနေ အသေးစိတ်ကိုမူ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပြီးခဲ့သည့် မေလအတွင်းက ထိုင်းနိုင်ငံသားပိုင် ဆင်တကောင်သည် မြန်မာပိုင်နက် အတွင်းသို့ ရောက်သွားရာ ခလရ ၂၂၄ မှ ဆင်ကို ထိန်းသိမ်းထားခဲ့ရာ ပိုင်ရှင်က ပြန်တောင်းရာတွင် မြန်မာတပ်က အဖိုးအခများ တောင်း၍ ငွေညှစ်ခဲ့ဖူးသည်ဟု ဆိုသည်။

၎င်းကိစ္စကို မကျေနပ်သူ ပိုင်ရှင်တို့က ယခုကဲ့သို့ ပြုလုပ်ခြင်း ဖြစ်နိုင်သည်ဟု အမှုကို စုံစမ်းနေသော ထိုင်းရဲများက ကောက်ချက်ချထားကြောင်း အခင်းဖြစ်ရာ ဒေသမှ သတင်းများက ဆိုသည်။

ယင်းအမှုကို ရနောင်းခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ယူ စုံစမ်းစစ်ဆေးနေပြီး မြန်မာဘက်က တစုံတရာ တုံ့ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

No comments: