Wednesday, June 4, 2008

ကယ်ဆယ်အဖွဲ့များ လာရောက်ရန် ခွင့်ပြုချက်မလို ဟု စစ်တမ်းက ပြသ (Mizzima)

ချင်းမိုင်။ ။ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ အကူအညီများနှင့် ပတ်သက်၍ ကယ်ဆယ်ရေးအဖွဲ့များ လာရောက်ရန် ခွင့်ပြုချက်ကို နအဖ စစ်အစိုးရထံမှ စောင့်ဆိုင်းနေစရာ မလိုကြောင်း မဇ္ဈိမ၏ စစ်တမ်းတရပ်တွင် သဘောထားပေးသူ အများစုက ဖြေဆိုခဲ့သည်။

သဘောထားပေးသူ ၁၁၆၀၄ ဦးမှ ၈၉ ရာခိုင်နှုန်းဖြစ်သော ၁၀၃၃၉ ဦးက နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ လေဘေး ဒုက္ခသည်များအတွက် အကူအညီများ ပေးပို့ရာတွင် စစ်အစိုးရ၏ ခွင့်ပြုချက်ကို တောင်းခံရန် မလိုပါဟု သဘောထားပေးခဲ့ကြခြင်း ဖြစ်သည်။ ကျန် ၁၁% ဖြစ်သော ၁၂၆၅ ဦးကမူ ခွင့်ပြုချက် တောင်းခံရန် လိုသည်ဟု ဆိုသည်။

စစ်တမ်းကို မဇ္ဈိမ အင်တာနက် စာမျက်နှာပေါ်တွင် မေလ ၁၇ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ လွှင့်တင်ပြီး သဘောထား တောင်းရာတွင် ကွန်ပြူတာတလုံးလျှင် ၂၄ နာရီအတွင်း စစ်တမ်းတခုကို တကြိမ်သာ မဲပေးနိုင်သည်။

နိုင်ငံတကာမှ အကူအညီပစ္စည်းများ ကယ်ဆယ်ရေး အဖွဲ့များနှင့် ပတ်သက်၍ လက်ခံရယူမှု အပိုင်းတွင် ၉၇% က ပစ္စည်းနှင့်တကွ ကယ်ဆယ်ရေး အဖွဲ့များကိုပါ လက်ခံသင့်သည်ဟု သဘောထားပေးသည်။ ကျန် ၃ % ကမူ ပစ္စည်းများသာ လက်ခံသင့်ကြောင်း သဘောထားပေးသည်။

ဆန္ဒပြုကြသူ ၉၅% က မြန်မာအစိုးရ၏ ခွင့်ပြုချက် မယူဘဲ လေကြောင်းမှ ဒုက္ခသည်များအတွက် အကူအညီများ ပေးပို့ခြင်းသည် လူပေါင်းများစွာ၏ အသက်ကို ကယ်တင်ခြင်း ဖြစ်သည်ဟု သဘောထားပေးကြပြီး ၅% က နိုင်ငံပိုင်နက်ကို ကျူးကျော်ခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာပြည်တွင်းသို့ တယ်လီဖုန်းဖြင့် ခေါ်ဆိုမှု ၅၄ ခုတွင် ရန်ကုန်၊ ဧရာဝတီတိုင်း၊ မန္တလေးနှင့် တောင်ကြီးမြို့မှ ဖုန်းဖြေဆိုသူ ၁၅ ဦးက နိုင်ငံတကာ အကူအညီများကို စိတ်ဝင်တစား မျှော်လင့်နေသည်ဟု ဖြေဆိုကြသော်လည်း ကျန် ၃၉ ဦးမှာ တစုံတရာ ဖြေဆိုရန် ငြင်းဆိုခဲ့ကြသည်။

ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှ မိမိတို့ ကိုယ်တိုင်လည်း လေဘေးဒဏ်ကြောင့် အိမ်ပျက်စီးသွားရပြီး ဒုက္ခသည်များအပေါ် စာနာထောက်ထားသူများက နိုင်ငံတကာမှ ကယ်ဆယ်ရေးအဖွဲ့များကို တတ်နိုင်သမျှ အမြန်ဆုံး လာရောက် စေလိုကြောင်း ပြောကြသည်။

“ဒီလိုအဖြစ်မျိုးက တခါမှ မဖြစ်ဖူးတော့ ကျွမ်းကျင်သူတွေရဲ့ အကူအညီတွေ အမှန်တကယ် လိုပါတယ်။ သူတို့ မြန်မြန်လာကြမှ၊ မဟုတ်ရင် တခြား ကပ်ရောဂါတွေဖြစ်လို့ သေကြရမှာတွေ ဖြစ်နေတယ်” ဟု ရန်ကုန် ဒေသခံတဦးက ပြောသွားသည်။

လက်ရှိတွင် နိုင်ငံတကာမှ ကယ်ဆယ်ရေး အဖွဲ့များကို သက်ဆိုင်ရာမှ ၀င်ရောက်ခွင့် ပြုထားသော်လည်း ရောက်လာနှုန်းမှာ နှေးကွေးနေ၍ အဆိုပါ အဖွဲ့များ အမြန်ဆုံး လာရောက်ရန် အလိုရှိနေကြခြင်း ဖြစ်သည်။

“အခု ဟိုင်းကြီးကျွန်း ၀န်းကျင်မှာဆိုရင် ကျွမ်းကျင်သူတွေ အများကြီး လိုအပ်နေပါတယ်။ ကျနော်တို့မှာ ပစ္စည်းတွေ ရှိနေတာတောင် ကျွမ်းကျင်သူတွေ မပါတော့ မလွယ်ပါဘူး။ အခု သူတို့ လုပ်နေတာတွေက အားရစရာ မရှိဘူး။ ဆင်ပါးစပ် နှမ်းပက်နေသလို ဖြစ်နေတယ်။ ဒီပုံအတိုင်း ဆက်သွားနေရင် မလွယ်ဘူး” ဟု နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) မှ ၀န်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

No comments: