Tuesday, June 3, 2008

ကွမ်းခြံကုန်းရှိ ကျေးရွာအများစုမှ ကလေးများ ကျောင်းဖွင့်သော်လည်း မတက်ရောက်နိုင်သေး (Mizzima)

ချင်းမိုင်-နယူးဒေလီ။ ။ မြန်မာနိုင်ငံရှိ ကျောင်းများ ယနေ့တွင် စတင် ဖွင့်လှစ်နေသော်လည်း ရန်ကုန်တိုင်းအတွင်း ကွမ်းခြံကုန်းမြို့နယ်ရှိ ကျေးရွာ အများစုတွင် ကလေးများ ကျောင်းတက်ရောက်နိုင်ခြင်း မရှိသေးပါ။

ကွမ်းခြံကုန်းမြို့နယ်နှင့် ၆ မိုင်လောက် ဝေးသည့် အင်းကွတ်၊ ကျိုက်ပတ်၊ ဘီလင်း၊ စမ်းကောက် စသည့် ကျေးရွာများရှိ လူအများစုသည် စားသောက်ရန်ပင် အလှူရှင်များကိုသာ အားကိုးနေရသည့်အတွက် ကလေးငယ်များ ကျောင်းမတက်နိုင်သေးခြင်း ဖြစ်သည်။

“ကျောင်းအပ်ဖို့ ငွေပေးနိုင်မယ်ဆိုရင်တောင် ကျောင်းသွားဖို့ အဝတ်အစား မရှိဘူး။ ကျောင်းမှာ စားဖို့ ဘာမှမရှိဘူး” ဟု လေဘေး ဒုက္ခသည်များကို ကူညီနေသည့် အလှူရှင်များကို လိုက်လံ ပို့ဆောင်ပေးနေသူ ကွမ်းခြံကုန်း ဒေသခံတဦးက ပြောသည်။

ကွမ်းခြံကုန်းမြို့နယ်ရှိ ဒုက္ခသည်များ ယာယီနေထိုင်သည့် အထက ၁၊ အလက ၂ နှင့် ဆရာတော် ဦးဘောဇ ဘုန်းကြီးကျောင်းမှ ဒုက္ခသည်များကို အာဏာပိုင်များက မည်သည့် အကူအညီ၊ အထောက်အပံ့မှ မပေးသည့်အပြင် ပြီးခဲ့သည့်လ ၂၂ ရက်မှ စတင်ပြီး ၃ ရက်အချိန်ပေးကာ နေရပ် ဒေသများသို့ ရွှေ့ပြောင်းခိုင်းနေသည်။ ရပ်ရွာဒေသသို့ မပြန်နိုင်သည့် သူများကို ယာယီတဲများတွင် နေခိုင်းသည်။

အခြေခံပညာကျောင်းများ ပြန်ဖွင့်နေရာတွင် ရန်ကုန်တိုင်းအတွင်းရှိ အချို့ကျောင်းများတွင် ကျောင်းအပ်ကြေး အပြင် ကျောင်းပြင်ဆင်ရန်ဟု ဆိုကာ အလှူငွေ ကျပ် ၂ သောင်း တောင်းခံနေသည်။

ဗိုလ်တထောင် အထက ၅ ကျောင်းတွင် ကျောင်းသွားအပ်ခဲ့သည့် မိဘတဦးက အထက်တန်း ကျောင်းသားတဦးလျှင် ကျပ် ၄၅ဝဝဝ ပေးရကာ ကျောင်းပြင်ဆင်ရေးအတွက် ထပ်မံ ပေးဆောင်ရမည်ဟု ဆိုသည်။

“ကျောင်းက အမိုးတွေ ပြင်ဖို့ဆိုပြီးတော့ ကျောင်းသားတယောက်ကို ၂ သောင်း တောင်းနေတယ်၊ နောက်တော့ ပေးရမယ်ပြောတယ်။ အခုတော့ မကောက်သေးဘူး။ တကယ်တမ်းတော့ အမိုးတွေက အဲဒီလောက်ကြီး ပျက်တာ မဟုတ်ဘူး။ ကျမ သား ၉ တန်း အပ်တာ ၄၅ဝဝဝ ကျော် ကုန်သွားတယ်။ စာအုပ်ဖိုး၊ ကျောင်းလခတွေ အပါအဝင် မနှစ်ကတော့ ဒီလောက်မကုန်ဘူး” ဟု သူက ပြောသည်။

ထို့အပြင် ရန်ကုန်တိုင်း သန်လျင်မြို့တွင်လည်း ကျောင်းများ စတင်ဖွင့်နေပြီ ဖြစ်ရာ ၅ တန်း ကျောင်းသားတဦး ကျောင်းအပ်ကြေးငွေမှာ ၃၅ဝဝ ကျပ် ထည့်ပြီးသော်လည် စာအုပ်ဖိုးအဖြစ် ထပ်မံ ပေးဆောင်ရမည်ဟု ဟု သံလျင် မြို့ခံတဦးက ပြောသည်။

သို့သော် ကျောင်းအပ်ကြေးငွေ မပေးရသည့် ကျောင်းလည်း ရှိနေသည်။

ရန်ကုန်မြို့ပေါ်ရှိ ပုဇွန်တောင် အထက ၄ ကျောင်းတွင်မူ ကျောင်းအပ်ရာ၌ လျှောက်လွာကြေး ၅ဝဝ ကျပ်သာ ပေးဆောင်ရသည်ဟု ပုဇွန်တောင် ကျောင်းတွင် ကျောင်းအပ်ခဲ့သူ မိဘတဦးက ပြောသည်။

“တပြားမှ မပေးရဘူး။ ရခိုင်ဘက်က အသစ် အသစ်တွေကအစ မပေးရဘူး။ ဘယ်သူ့ကိုမှ မပေးဘူး။ ပုဇွန်တောင် အထက ၄ ကျောင်းအပ်တာ ဖေါင်တစောင် ၅ဝဝ ပဲ ပေးရမှာ။ နယ်ကလာတဲ့ လူတွေကအစပေါ့နော်။ အစတော့ ပေးရမယ် အောက်မေ့လို့ လုပ်တာ မပေးရဘူး။ ဒါပေမဲ့ တခြား နာမည်ကြီးကျောင်းတွေကတော့ မသိဘူး။ နာမည်ကြီး ဗိုလ်တထောင်ကျောင်းဆိုရင် ကျောင်းသားသစ်ဆို ၁ သိန်းအထိ ပေးရတယ်လေ” ဟု သူက ပြောသည်။

မုန်တိုင်းသင့်ဒဏ်ခံနေရသည့် ကော့မှူးမြို့နယ်ရှိ မျက်စံနီကျေးရွာတွင် ကျောင်းများ ပြင်ဆင်မှုမရှိသေးသဖြင့် ကျောင်းသားများ အပ်နှံပြီးသော်လည်း ကျောင်းများ ဖွင့်လှစ်ခြင်း မရှိသေးကြောင်း ကျေးရွာ ဒေသခံတဦးက ပြောသည်။

“ဒီရွာမှာတော့ မဖွင့်သေးဘူး။ ဒလဘက်မှာတော့ ဒီနေ့ ဖွင့်မယ်လို့ ပြောတယ်။ မျက်စံနီ ကျေးရွာမှာတော့ မဖွင့်သေးဘူး။ ကျနော်တို့ ကျောင်းဝင်ကြေးတော့ ဘာမှ မပေးရသေးဘူး။ နောက်မှ ပြန်တောင်းလာမလားတော့ မသိသေးဘူး။ ကျောင်းဝင်းကြေးကို ၈ လပိုင်းမှ ပေးပါလို့ ပြောနေတယ်။ ဘယ်လောက် ကျမလဲတော့မသိဘူး” ဟု ပြောသည်။

မြောင်းမြမြို့တွင်လည်း ကျောင်းများ ဖွင့်နေသော်လည်း ယခင်နစ်လိုသာ ကျောင်းဝင်ကြေး ပေးဆောင်ရကာ အလှူငွေများ ကောက်ခံမည်ဟု ကျောင်းအပ်ခဲ့စဉ်က ပြောပြခဲ့သည်ကို ကျောင်းသားမိဘ တဦးက ပြောသည်။

“မြောင်းမြမှာ ဒီနေ့ စဖွင့်ပြီ။ ကျောင်းအပ်ခတော့ ခါတိုင်းလိုပဲ။ အလယ်တန်းက ၃ဝဝဝ လောက်ပဲ ကျတယ်။ အမိုးပျက်တဲ့ ကျောင်းတွေလည်း ပြင်ပြီးသွားပြီ။ အလှူငွေတွေ ဘာတွေတော့ အခု မကောက်သေးဘူး။ နောက် ဘယ်တော့ ကောက်မလဲ မသိဘူး” ဟု မြောင်းမြမြို့ ဒေသခံက ပြောသည်။

စစ်အစိုးရက ပြီးခဲ့သည့် မေလ ၂၆ ရက်တွင် ကျောင်းများ ဖွင့်ရန် အဆင်သင့် မဖြစ်သေးသဖြင့် ဧရာဝတီတိုင်း လေဘေးဒဏ်သင့် ငပုတော၊ ကျိုက်လတ်၊ ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်းနှင့် ဒေးဒရဲမြို့နယ်များ အတွင်းက အခြေခံပညာ ကျောင်းဖွင့်ရက်များကို ရွှေ့ဆိုင်း လိုက်သည်။

ပညာရေးဝန်ကြီးဌာနမှ ၂ဝဝ၇ ခုနှစ် မေလ ၂၈ ရက်တွင် ကျောင်းအပ် လက်ခံချိန်တွင် အလှူငွေ မကောက်ခံရန်နှင့် ကောက်ခံပါက တိုင်းကြား နိုင်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ဝန်ကြီးဌာနက အလှူငွေမကောက်ရဘူးဆိုတာ မနှစ်ကတည်းက ကြေညာထားတော့ ကျောင်းအုပ်တွေ၊ ဆရာ၊ ဆရာမတွေက မကောက်ကြဘူး။ အလှူငွေကောက်လို့ တိုင်တယ်ဆိုတာတော့ မကြားမိသေးဘူး။ နောက်ပြီး ကျောင်းမအပ်နိုင်တာလည်း မရှိသေးဘူး။ ဘာကြောင့်လဲဆိုတော့ ဒီ ပုဇွန်တောင်မှာက ကျောင်းအပ်ရင် ဘာမှ မကုန်သေးဘူးဆိုတော့လေ” ဟု ပုဇွန်တောင်မှ ကျောင်းသားမိဘတဦးက ပြောသည်။

No comments: