Thursday, June 5, 2008

နအဖ ဖွဲ့စည်းပုံကို ပြည်တွင်းအဖွဲ့များ လက်မခံ (Mizzima)

ချင်းမိုင်။ ။ နအဖ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်တွင်းရှိ သံဃာ၊ ကျောင်းသားနှင့် တိုင်းရင်းသားအဖွဲ့ ၁၅ ဖွဲ့က အသိအမှတ်မပြု လက်မခံကြောင်း ယနေ့ ထုတ်ပြန် ကြေညာလိုက်ကြသည်။

နအဖ ဖွဲ့စည်းပုံကို အသိအမှတ် မပြုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ၃ ဖွဲ့ပေါင်းနှင့် တိုင်းရင်းသားပါတီ ၁၂ ပါတီက ယနေ့တွင် ပူးတွဲ ကြေညာကြခြင်း ဖြစ်သည်။

ဗကသ ပြောရေးဆိုခွင့်ရှိသူ ကိုလင်းထက်နိုင်က “ဖွဲ့စည်းပုံ ရေးဆွဲနေတဲ့ လူတွေကို ကြည့်လိုက်ရင် အကုန်လုံးလိုလို ကြောက်ပြီးတော့ စစ်တပ်အတွက် ရေးဆွဲပေးနေတဲ့ လူတွေ ဖြစ်တယ်။ ပြည်သူလူထုအတွက် ဦးဆောက်ဦးရွက် လုပ်ပြီးတော့ ရေးဆွဲပေးတာ မဟုတ်ဘူး။ ပြည်သူအတွက် သူတို့မှာ သိပ်ခံစားချက် မရှိဘူး။ သူတို့ စားရေးသောက်ရေး အတွက်ပဲ ရေးဆွဲထားတာပါ” ဟု ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုထွန်းမြင့်အောင်ကလည်း “ပြည်သူလူထု ကိုယ်စားပြုတဲ့ အစိုးရတရပ် ပေါ်ပေါက်ပြီးတော့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်တဲ့ ဖွဲ့စည်းပုံတရပ်ကို ဖြစ်တည်သွားနိုင်ဖို့အတွက် ကျနော်တို့က လူထုအားကိုယူ၊ လူထုလှုပ်ရှားမှု ပုံသဏ္ဍာန်တွေဟာ ကျနော်တို့ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို တကယ်လက်တွေ့ကျကျ ဖော်ဆောင်ပေးနိုင်မယ့် နည်းလမ်း ပေါင်းစုံကို ရှာဖွေပြီးတော့ လုပ်သွားမှာပါ” ဟု ပြောသည်။

၃ ဖွဲ့ပေါင်း ပူးတွဲ ကြေညာချက်တွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံချိန်စံနှုန်းများနှင့် ဆန့်ကျင်ခြင်း၊ တိုင်းရင်းသား လူမျိုးစုံ ပြည်သူတရပ်လုံး၏ အကျိုးစီးပွားနှင့် ဘဝလုံခြုံရေးကို ကာကွယ် ဖော်ဆောင်ခြင်း၊ အာမခံချက် ပေးထားခြင်းများ မတွေ့ရှိသဖြင့် စစ်အစိုးရ အာဏာ တည်မြဲရေး အတွက် ဖွဲ့စည်းပုံသာ ဖြစ်သည်ဟု ရေးသားထားသည်။

ထို့အပြင် ဥပဒေ အတည်ပြုရေးတွင် လွတ်လပ်ပြီး သန့်ရှင်း တရားမျှတသော ဆန္ဒခံယူပွဲဖြင့် ပြည့်သူ့ဆန္ဒကို ရယူမှု မရှိခြင်း၊ ပြည်သူကို မသမာသော နည်းပေါင်းစုံဖြင့် တိုက်ရိုက်၊ သွယ်ဝိုက် သော်လည်းကောင်း အကြပ်ကိုင် ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ပြည်သူ့ဆန္ဒကို အဓမ္မ အတည်ပြုခဲ့သည်များမှာ အသိအမှတ်ပြု လက်ခံနိုင်ဖွယ်ရာ မရှိဟု ဆိုထားသည်။

သံဃာ့တပ်ပေါင်းစုမှ အရှင်ဦးပညာဝံသက “ပါဠိလိုပြောရင် ပရဟိတကို ရှေ့တန်းထားပြီး ဖော်ဆောင်တဲ့ အစိုးရမျိုးကို ဦးဇင်းတို့က ဖော်ဆောင် သွားမယ်။ တိုင်းသူပြည်သား ဒါယိကာ၊ ဒါယိကာမတွေ အားလုံးဟာ စစ်အစိုးရရဲ့ အမိန့်အာဏာ မှန်သမျှကို ဖီဆန်နိုင်တဲ့ သတ္တိတွေ ရှိလာအောင် အလျင်းသင့်သလို ဟောပြောပွဲ၊ တရားပွဲတွေမှာ ဟောပြောစည်းရုံးသွားမယ်။ နောက် ပတ္တနိက္ကုဇ္ဇန ကံဆောင်တာကိုလည်း အရှိန်အဟုန် တိုးမြှင့်ပြီး ဆက်လက် ဆောင်ရွက်သွားမယ်” ဟု မဇ္ဈိမကို မိန့်ကြားသည်။

စစ်အစိုးရ၏ ဖွဲ့စည်းပုံသည် မသမာမှု နည်းမျိုးစုံသုံးပြီး ပြည်သူ့ဆန္ဒကို အနိုင်ကျင့်ဗိုလ်ကျ အဓမ္မ အတည်ပြုခြင်း ဖြစ်သဖြင့် ပြည်သူများအနေနှင့် လေးစား လိုက်နာစရာ မလိုကြောင်း အဖွဲ့အစည်းများက တိုက်တွန်းသည်။

ထို့အပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစား တန်ဖိုးထားတတ်သော လက်တွေ့ မူဝါဒအားဖြင့်လည်းကောင်း၊ မြန်မာပြည်သူများ၏ အဖိနှိပ်ခံ အချယ်လှယ်ခံ ဘဝကို လူသားချင်း စာထောက်ထားသော ရပ်တည်ချက်များဖြင့် လည်းကောင်း နအဖ စစ်ဖွဲ့စည်းပုံအား အသိအမှတ် မပြုရန်လည်း တိုက်တွန်းထားသေးသည်။

အလားတူပင် ၁၉၉ဝ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ဖျက်သိမ်းခံပါတီ အများစုပါဝင်သော တိုင်းရင်းသား အင်အားစုများ၏ တရားဝင် ထုတ်ပြန်သော သဘောထားတွင် စစ်အစိုးရ၏ ဆန္ဒခံယူပွဲ ရလဒ်ကို အယုံအကြည် မရှိကြောင်း ပြည်တွင်းမှ တိုင်းရင်းသား ၁၂ ပါတီကလည်း ယနေ့တွင် ထုတ်ပြန် ကြေညာသည်။

နအဖ ကြိုးဆွဲ ရုပ်သေးများဖြစ်သော ဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများ၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင် ဆိုသူများက မသိရိုးသား နားမလည်သော ပြည်သူများအား ခြိမ်းခြောက် အကြပ်ကိုင်၊ ဖြားယောင်းသွေးဆောင် သိမ်းသွင်းခြင်း၊ မဲရုံတာဝန်ရှိသူများက ထောက်ခံမဲများကို မသမာသောနည်းဖြင့် အတင်းအဓမ္မ ရယူခြင်းများ ကျူးလွန်ခဲ့ကြောင်း ကြားမြင်တွေ့ရသည် ဖြစ်၍ ယခု ဆန္ဒခံယူပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိကြောင်း ရှုမြင်ပါသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် တရားမျှတမှု မရှိသော လူထုဆန္ဒ ခံယူပွဲ ရလဒ်၏ တရားမျှတမှု ကင်းမဲ့သည်ကို ခိုင်လုံ မှန်ကန်သော သက်သေ အထောက်အထားများ ဖော်ထုတ်ကြရန် တိုက်တွန်းလိုက်သည်။

ကြေညာချက်ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (MNDF)၊ ဇိုမီးအမျိုးသား ကွန်ဂရက် (ZNC)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (CNLD)၊ ကရင်အမျိုးသား ဒီမိုကရေစီကွန်ဂရက် (KNCD)၊ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ ကွန်ဂရက် (KNCD)၊ ကယားပြည်နယ် လူမျိုးပေါင်းစုံ ဒီမိုကရေစီအဖွဲ့ချုပ် (KSANLD)၊ ကယန်းအမျိုးသား ညီညွတ်ရေးနှင့် ဒီမိုကရေစီအဖွဲ့ (DOKNU)၊ မရာပြည်သူ့ပါတီ (MPP)၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီ (SSKDP) နှင့် ရခိုင်ပြည်သူ့ ဒီမိုကရေစီ တပ်ပေါင်းစု (APDF) တို့က ပူးတွဲ ထုတ်ပြန်ခြင်း ဖြစ်သည်။

တိုင်းရင်းသား ၁၂ ပါတီအနက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီ (SSKDP) မှလွဲ၍ ကျန်ပါတီများ အားလုံးသည် ဖျက်သိမ်း ခံထားရသော ပါတီများ ဖြစ်သည်။

No comments: