Friday, June 6, 2008

မရေရာသေးသည့် ဖျာပုံ လယ်ယာလုပ်ငန်း (The Irrawaddy)

နာဂစ် ဒဏ်ခံခဲ့ရသည့် ဖျာပုံမြို့က ဆန်စက် တစက် (ဓာတ်ပုံ - မိုးအောင်တင်)

နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒဏ်သင့် မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်း ဖျာပုံမြို့နယ်ရှိ လေဘေးဒုက္ခသည် လယ်သမားများ သည် မျိုးစပါးနှင့် လယ်လုပ်ကိရိယာများ မရှိသောကြောင့် အခက်အခဲများဖြစ်နေသည့်အတွက် ယခုနှစ် ဆန်စပါးစိုက်ပျိုး နိုင်ရန် မသေချာကြောင်း လယ်သမားများနှင့် ဆန်စက်ပိုင်ရှင်များက ပြောသည်။

အဆိုပါ ဖျာပုံမြို့နယ်ရှိ လေဘေးဒုက္ခသည် လယ်သမားတချို့က ၎င်းတို့၏ လယ်ယာမြေများကို တတ်အားသရွေ့ ထွန်ယက် ထားသော်လည်း မျိုးစပါး မရှိသည့်အခက်အခဲကြောင့် လုပ်ငန်းဆက်လက် မလုပ်ဆောင်နိုင်ဘဲ ဖြစ် နေ ရသည်ဟု ဒေသခံ လယ်သမားများက ပြောပြသည်။

လယ်တချို့တဝက် ထွန်ထားပြီးသော ဖျာပုံမြို့က လယ်သမား တဦးက“ကျနော်တို့လုပ်ငန်းက အချိန်နဲ့လုပ်ရတာ။ အချိန် လွန်သွားရင်ဘာမှလုပ်လို့မရတော့ဘူး။ ပေးစရာရှိလည်းမြန်မြန်ပေးလိုက်ပေါ့။ အသံတွေတော့ မျိုးစုံကြားနေရတာပဲ။ ဘာမှလဲဖြစ်မလာဘူး”ဟု ဆိုသည်။

သက်ဆိုင်ရာ မ.ယ.က အာဏာပိုင် အဖွဲ့များအနေနှင့် လယ်သမားများထံမှ ပျက်စီးဆုံးရှုံးမှုစာရင်းကောက်ယူထား သော်လည်း ယနေ့အချိန်ထိကူညီထောက်ပံ့မှု တစုံတရာ မရသေးကြောင်းလည်း လယ်သမားများက ပြောသည်။

“စာရင်းတွေတော့ကောက်ထားတယ်။ ခုချိန်ထိတော့ဘာမှမရသေးဘူး။ ကျမတို့မှာက လယ်လုပ်ကိရိယာတွေ ဘာမှမရှိ တော့ဘူး။ ကိုယ့်အားကိုယ်ကိုးရဖို့များတယ်လို့ ဟိုတနေ့ကတော့ပြောသံကြားတယ်”ဟု ဖျာပုံမြို့ သမိန်ထော ကျေးရွာရှိ လယ်အလုပ်သမ တဦးက ဆိုသည်။

စက်ကိရိယာများ ထောက်ပံ့ကူညီမည်ဆိုပါက အစိုးရ စက်မှုလယ်ယာထုတ်များကို မသုံးလိုကြောင်း၊ စက်မှု လယ်ယာထုတ် ပစ္စည်းများသည် အပျက်ပြန်သောကြောင့် လုပ်ငန်းမတွင်ကျယ်ကြောင်း၊ လယ်ထွန်စက်များ ကူညီမည် ဆိုပါကလည်း စက်သုံးဆီ အခက်အခဲရှိ၍ စက်သုံးဆီပါ ထောက်ပံ့ပါမှ လုပ်ငန်းအဆင်ပြေမည်ဖြစ်ကြောင်းလည်း လယ်သမားများက ပြောဆိုသည်။

“မနှစ်က စက်မှုလယ်ယာကထုတ်တဲ့ စက် ၁၂ လုံးဝယ်ထားတာ အကုန်လုံးပျက်တယ်။ စက်ကိုပြင်ရတာနဲ့ ပျက်တဲ့ နေရာကနေထမ်းတင်ရတာနဲ့ အချိန်ရော ငွေရော လူရော ပင်ပန်းတယ်။ အခုစာရင်းတောင်းတော့ စက်မှု လယ်ယာက စက်ဆိုရင် မယူဘူးလို့တခါတည်း ရေးထည့်ပေးလိုက်တယ်”ဟု လယ်သမား တဦးက ပြောသည်။

ဖျာပုံမြို့နယ်ရှိ လယ်သမားအများစုမှာ ကူညီထောက်ပံ့မှုများ မရရှိပါက ယခုနှစ်အတွက် လယ်ယာလုပ်ငန်းများ လုပ်ကိုင် နိုင်မည် မဟုတ်ကြောင်း သိရသည်။

“လယ်မလုပ်နိုင်ရင်တော့ ဘောက်(ကျပန်း) ပဲလုပ်ရမှာပဲ။ လယ်က ရေငန်တွေဝင်ထားတာ အခုထိဘာမှမလုပ်ရသေးဘူး။ မျိုးတွေလည်းမရှိတော့ဘူး၊ နွားတွေလည်းနေမကောင်းဖြစ်နေတယ်”ဟု ဖျာပုံမြို့ သမိန်ထော သိမ်ကုန်း ရွာ လယ်သမားက ပြောသည်။
ယင်းကဲ့သို့ လယ်သမားများ အခက်အခဲ ဒုက္ခဖြစ်နေချိန်တွင် ယခင်က လယ်သမားများကို ကူညီထောက်ပံ့မှုပေး နိုင်ခဲ့သော ဆန်စက်များလည်း မုန်တိုင်းထိ၍ ပျက်စီးဆုံးရှုံးကုန်သောကြောင့် ဆန်စက်ပိုင်ရှင်များလည်း အခက် အခဲဖြစ်နေကြကြောင်း သိရသည်။

“အရင်က လယ်သမားအဆင်မပြေဖြစ်ရင် ဆန်စက်သမားကကူနိုင်ပေမယ့် ဆန်စက်တွေလည်းပျက်စီးကုန်ပြီး စပါးတွေပါ ဆုံးရှုံးခဲ့လို့ အခုအချိန်မှာ တယောက်ကိုတယောက် မကူညီနိုင်ကြဘူး”ဟု ဆန်စက်ပိုင်ရှင် တဦးက ပြောဆိုသည်။

ဖျာပုံမြို့ရှိ စပါးတင်း၂၀၀၀၀ ခန့် ဆုံးရှုံးခဲ့ရသည့် ဆန်စက်ပိုင်ရှင်တဦးကလည်း“ဒီမှာက စပါးကငွေပဲ။ စပါးပျက်တော့ ငွေပါ ပျောက်သွားတယ်။ လယ်သမားဆီကစပါးထွက်လာမှ ဆန်စက်လည်မှာ။ ခုတော့ဘယ်သူမှ ဘာမှ လုပ်လို့မရဘူး”ဟု ပြောသည်။

ပျက်စီးသွားသော ဆန်စက်များပြန်လည် တည်ထောင်ရန်အတွက် ပေးသည့် သွပ်ပြားများကိုလည်း ကြံ့ဖွံ့ထိပ်ပိုင်း တာဝန် ရှိသူတဦးက ၎င်းပိုင် ဆန်စက်အတွက် အသုံးပြုပြီး ကျန်သွပ်ပြားများကိုမူ ၎င်းနှင့် နီးစပ်သူများကို ပေးဝေသည်ဟု ဟာလာစက် (ဆန်စက်အသေး) ပိုင်ရှင် တဦးကပြောပြသည်။

“အဲဒီလူက အဖွဲ့အစည်းတော်တော်များများမှာ ရာထူးတွေယူထားပြီး အခွင့်အရေးယူနေတဲ့ လူပဲ၊ ကြံ့ခိုင်ရေးမှာ ခရိုင်အတွင်း ရေးမှူး ၊ ကြက်ခြေနီနဲ့ နာရေးမှာဥက္ကဌ ၊ ဖျာပုံဆန်စက်ပိုင်ရှင်များအသင်း ဥက္ကဌ ၊ ဖျာပုံဆန်ကုန်သည် များအသင်း ဥက္ကဌ ရာထူးတွေ အကုန်လုံးယူထားတာ။ အပေါ်ကပေးသမျှ သူ့ဆီကပဲ တဆင့်ဖြစ်နေတော့ အောက်ကို ဘာမှရောက်မလာဘူး”ဟု ဟာလာစက် ပိုင်ရှင်က ဆိုသည်။

ယင်း ဆိုင်ကလုန်းနာဂစ် ဒဏ်သင့် ဒေသ ၅ ခုတွင် ရှိသည့် လယ်မြေဧက ၃.၂သန်းအနက် ၆၀ ရာခိုင်နှုန်းထိခိုက် မှု ရှိခဲ့ပြီး ၁၆ ရာခိုင်နှုန်း အကြီးအကျယ်ပျက်စီးခဲ့သည်ဟု ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ စာရင်းများက ဖေါ်ပြသည်။
လယ်ယာမြေပျက်စီးမှု၊ မျိုးစပါး၊ ကျွဲနွား နှင့် မြေသြဇာများအပြင် လယ်ယာလုပ်သားများအလုပ် လုပ်နိုင်ရန် အမိုး အကာ နေရာထိုင်ခင်းနှင့် စားရေရိက္ခာရရှိရန် လိုအပ်ချက်များကြောင့် ယခုနှစ် စပါးစိုက် ရာသီတွင် အချိန်မီစိုက်ပျိုးနိုင်ခြင်းမရှိပါက ဆန်စပါးပြတ်လပ်မှု ပြဿနာနှင့် ရင်ဆိုင်ရဖွယ်ရှိ ကြောင်း ပညာရှင်များက သတိပေးထားသည်။

No comments: