Wednesday, June 4, 2008

ကျောင်းများ ပြုပြင်နိုင်ခြင်းမရှိဘဲ ကျောင်းဖွင့် (NEJ)

ကွန်းခြံကုန်းမြို့နယ် စံပြသာယာ အခြေခံမူလတန်းကျောင်း


နအဖအာဏာပိုင်များ၏ အမိန့်အရ လေဘေးသင့်ခံရပြီး စာသင်ကျောင်းများ ပြိုပျက်ခဲ့သည့် ကွမ်းခြံကုန်းနှင့် ဒေးဒရဲ မြို့နယ်တို့တွင် ဇွန်လ (၂) ရက်၌ ကျောင်းများ ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကွမ်းခြံကုန်းမြို့နယ် သုံးခွကျေးရွာမှ ကျောင်းသားမိဘတဦးက “ရွာကျောင်းက အမိုးတွေ တော်တော် ပျက်စီးသွားတယ်။ ပြန်လည်း မပြင်ရသေးဘူး။ အဲဒါ အာဏာပိုင်တွေက ဖွင့်ပါ ပြောတော့ ကျောင်းဖွင့်တယ်။ ကျောင်းဆောင်တွေ အားလုံး သုံးမရတော့ မနက်၊ ညနေ (၂) ပိုင်းခွဲပြီး သင်မယ်ပြောတယ်” ဟု ပြောသည်။

အဆိုပါ မြို့နယ်များမှ စာသင်ကျောင်းများသည် အခြား ဧရာဝတီတိုင်းရှိ လေဘေးသင့် ဒေသ များရှိ စာသင်ကျောင်းများကဲ့သို့ ပျက်စီးခဲ့ကြောင်း၊ အများစုမှာ လုံးဝပြိုလဲသွားပြီး အချို့မှာ အမိုးလန်သွားသဖြင့် အမိုးအကာ ပျက်စီးသွားကာ တိုင်များသာ ကျန်ရစ်ကြောင်း သိရသည်။

ယခုကဲ့သို့ စာသင်ကျောင်းများ ပျက်စီးနေသော်လည်း အာဏာပိုင်များ၏ ကျောင်းဖွင့်ရမည် ဆိုသည့် အမိန့်အရ အချို့ရွာများတွင် ရွက်ဖျင်တဲအတွင်း မြေကြီးပေါ်၌ စာသင်ကြရပြီး အချို့ ရွာများတွင်မူ ကျောင်းသားကျောင်းသူများကို အမိုးအကာရှိသည့် အဆောက်အဦများ၌ အစု လိုက်ခွဲပြီး သင်ပေးကြရကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ် ထန်းပင်ကုန်းကျေးရွာမှ မိဘတဦးက “ကျောင်းကလည်း ပျက်စီးနေတော့ နိုင်ငံတကာက ရွက်ဖျင်တဲကြီးကို ထိုးလိုက်တယ်။ နောက် ရန်ကုန်က မှာယူလာတဲ့ စာသင်ခုံတွေ ဖြည့်ပြီး အပြသဘော လုပ်ပြတာမျိုးတော့ရှိတယ်” ဟု ပြောသည်။

စစ်အစိုးရအာဏာပိုင်များက အတင်းအကျပ် စာသင်ကျောင်းများကို ပြန်ဖွင့်ခိုင်းနေသော်လည်း
စာသင်ကျောင်းများမှာ ပြန်လည်ပြင်ဆင် ပြီးစီးခြင်းမရှိသေးဘဲ လေဘေးဒဏ်ခံရသည့် ကျောင်း ဆရာဆရာမများ၊ ကျောင်းသားမိဘများ၏ နေထိုင်မှုဘ၀များမှာလည်း အဆင်ပြေခြင်း မရှိ သေးပေ။

လေဘေးဒဏ် အပြင်းအထန် ခံခဲ့ရသည့် ဘိုကလေး၊ လပွတ္တာ၊ မော်လမြိုင်ကျွန်းနှင့် မြို့နယ် အချို့တွင် ကျောင်းဖွင့်ရက်ကို တလ နောက်ဆုတ်ထားကြောင်း သိရသည်။ ။

No comments: