Wednesday, June 4, 2008

HIV ရပ်တန့််ဆေးရရှိသည့် ဝေဒနာရှင် (၃) သန်းခန့် ရှိပြီ (NEJ)

ဝင်ငွေနည်းပါးသော တိုင်းပြည်များနှင့် အလယ်အလတ် ၀င်ငွေရရှိသည့် တိုင်းပြည်များတွင် HIV ပြန့်ပွားမှု ထိန်းချုပ်သည့်ကုသမှု (ART) ကို စုစုပေါင်း လူနာ (၃) သန်းခန့် ကုသမှုခံယူနိုင်ပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ အေဂျင်စီများ ပူးတွဲထုတ်ဝေသည့် အစီရင်ခံစာတွင် ဖော်ပြသည်။

အဆိုပါအေဂျင်စီများမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂ HIV/AIDS ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် (UNAIDS) နှင့် ကုလသမဂ္ဂ ကလေးသူငယ်များ အရေးပေါ် ရန်ပုံငွေအဖွဲ့ (UNICEF) တို့ဖြစ်သည်။

၂၀၀၇ ခု နှစ်ကုန်ပိုင်းတွင် ART ကုသမှု ခံယူသည့် နောက်တိုးလူနာ (၁) သန်းနီးပါး ရှိလာပြီး ကုသမှု ခံယူသူ စုစုပေါင်း (၃) သန်းနီးပါးအထိ ရှိလာသည်။

ဝေဒနာရှင် (၃) သန်းကို ကုသလာနိုင်ခြင်းမှာ ၂၀၀၅ ခုတွင် ၀င်ငွေနည်းပါးသော တိုင်းပြည် များနှင့် အလယ်အလတ်ဝင်ငွေရရှိသော တိုင်းပြည်များမှ HIV ဝေဒနာရှင်ပေါင်း (၃) သန်းကို ဆေးကုသပေးရန် ရည်မှန်းထားသည့် အစီအစဉ်အတိုင်း အကောင်အထည် ဖော်နိုင်ခြင်း
ဖြစ်သည်။

ဆေးဝါးဈေးနှုန်း လျှော့ချမှုကြောင့် ဆေးဝါးဝယ်ယူသူ ပိုမိုများပြားခြင်း၊ ART ကုသပေးမှုစနစ် ကောင်းမွန်လာ၍ နိုင်ငံအလိုက် ပိုမိုလက်ခံ ကျင့်သုံးလာခြင်း၊ HIV ဝေဒနာရှင်များက ART ကုသမှုကို ပိုမိုတောင်းဆိုလာခြင်း စသည့်အချက်များကြောင့် ART ကုသမှု ခံယူသည့် အရေ အတွက် များပြားလာခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ART ကုသမှုလိုအပ်နေသည့် ခန့်မှန်းဦးရေ (၉.၇) သန်းအနက် (၃၁) ရာခိုင်နှုန်းသည် ၂၀၀၇ ခု နှစ်ကုန်ပိုင်းတွင် ကုသမှု ခံယူနိုင်ခဲ့ပြီး (၆.၇) သန်းမှာ အသက်ကယ် ဆေးဝါးများ ရရှိရန် လိုနေ သေးသည်။

နိုင်ငံအတော်များများတွင် ကန့်သတ်ချုပ်ချယ်မှုများ ရှိနေသော်လည်း အောင်မြင်မှုများ ရရှိနေ ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ HIV ကာကွယ်ရေး၊ ကုသမှုပြုရေးနှင့် အထောက်ကူပြုရေးဆီသို့ အမှန်တကယ်ခြေလှမ်း လှမ်းနေပြီဖြစ်ကြောင်း၊ HIV ကာကွယ်ရေးနှင့် ကုသမှု အားစိုက်ထုတ် ရန်အတွက် နိုင်ငံတကာအသိုင်းအ၀န်းက လက်တွဲကူညီ လုပ်ဆောင်သင့်ကြောင်း UNAIDS အမှုဆောင် ဒါရိုက်တာ ပီတာ ပီရော့က ပြောသည်။ ။

No comments: