Wednesday, June 4, 2008

လေဘေးရန်ပုံငွေ ဗီဒီယိုကားများ ရိုက်ကူးမည် (The Irrawaddy)

ကွမ်းခြံကုန်း ကားလမ်းပေါ်တွင် သရုပ်ဆောင် လင်းဇာနည်ဇော် လေဘေးဒုက္ခသည်များကို သွားရောက် ကူညီနေပုံ (ဓာတ်ပုံ - ဧရာဝတီ)


နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့်ခံခဲ့ရသည့် လေဘေးဒုက္ခသည်များအားကူညီရန် နာမည်ကျော် ရုပ်ရှင် ဒါရိုက်တာ ၆ ဦးက ရန်ပုံငွေဗီဒီယိုကားများ ရိုက်ကူးမည်ဟု ရုပ်ရှင်အသိုင်းအ၀န်းမှတဆင့် သိရသည်။

အဆိုပါ ရန်ပုံငွေ ဇာတ်လမ်းများကို နာမည်ကျော်ဒါရိုက်တာများဖြစ်ကြသည့် မိုက်တီး၊ မီးပွား၊ မောင်သီ၊ ကျော်ဇောလင်း၊ ညီညီအောင် (ညွန့်မြန်မာ) နှင့် ကိုဇော် (အရုဏ်ဦး) တို့က ယနေ့မှစ၍ မေမြို့တွင် ရိုက်ကူးမည် ဖြစ်သည်။

ဟာသသရုပ်ဆောင် ကိုညောင်ညောင်က “သရုပ်ဆောင်တွေက မင်းသား၊ မင်သမီး အကုန်နီးပါး ပါတယ်။ လူမှုရေးကိစ္စ သရုပ်ဆောင်ရတဲ့အတွက်၊ သရုပ်ဆောင် အများစုအနေနဲ့ အခုလိုစုပေါင်းပြီး ငွေရှာပေးရတာ၊ ကိုယ်လုပ်နိုင်သလောက်လေး ထိထိရောက်ရောက် ဖြစ်သွားတယ်ဆိုရင်ပဲ ၀မ်းသာပါတယ်” ဟု ဧရာဝတီကို ပြောသည်။

လွန်ခဲ့သည့်လဆန်းပိုင်းမှစ၍ လေဘေးဒုက္ခသည်များအား အနုပညာရှင်များစုပေါင်းကာ သွားရောက်တွေ့ဆုံခြင်း၊ အားပေး စကား ပြောခြင်းနှင့် အကူပစ္စည်း သွားရောက်ပေးအပ်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်ခဲ့ကြရာ သရုပ်ဆောင် ညောင်ညောင် လည်း ပါဝင်ခဲ့သည်။

အဆိုပါ ရန်ပုံငွေဗီဒီယိုဇာတ်လမ်းများကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ငွေကြေးစိုက်ထုတ်ကာ ရိုက်ကူးထားမည်ဖြစ်ပြီး ဗီဒီယိုရိုက်သည့်ကာလကို အကြမ်းဖျင်း ၁၀ ရက် သတ်မှတ်ထားသည်ဟု ရုပ်ရှင်လောကသားတဦးက ပြောသည်။

၎င်းဗီဒီယိုဇာတ်ကားများမှ ရရှိလာမည့် အကျိုးအမြတ်ကို ကူညီရာ၌ လေဘေးဒုက္ခသည်များအား ငွေကြေးကူညီသည်ထက် လတ်တလော လိုအပ်နေသည့် စိုက်ပျိုးရေးကိရိယာများကို ဖြည့်ဆည်းရန် စီစဉ်နေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

“သရုပ်ဆောင်ကြေးက ကျနော်တို့ ဇာတ်ပို့ ဇာတ်ရံတွေကို အနည်းအကျဉ်းညီတူညီမျှ ထုတ်ပေးတယ်၊ မင်းသား မင်းသမီးက မယူကြပါဘူး။ စီးပွားဖြစ်ရိုက်တာ မဟုတ်ဘူး” ဟု ကိုညောင်ညောင်က ဆက်ပြောသည်။

သရုပ်ဆောင် Example ထွန်းထွန်းက “ကျနော်က ဒါရိုက်တာ မောင်သီရိုက်မယ့် ‘ကောလာဟလ’ ဇာတ်ကားမှာပါ။ လေဘေးဒဏ်ခံခဲ့ရသူတွေ တကယ်ဒုက္ခရောက်နေကြတယ်။ တတ်အားသရွေ့ ကူညီကြပါလို့ ပြောချင်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဒါရိုက်တာ မောင်သီ ရိုက်ကူးမည့် ‘ကောလာဟလ’ ဗီဒီယိုဇာတ်လမ်းတွင် သရုပ်ဆောင် ခန့်စည်သူနှင့် စိုးမြတ်သူဇာတို့ ပါဝင်သရုပ်ဆောင်ကြကြောင်းလည်း သိရသည်။

No comments: