Tuesday, June 3, 2008

ထိုင်းနိုင်ငံသို့ ဆန်တင်သွင်းသည့်အတွက် ကော့သောင်းတွင် ဆန်ပြတ်လပ်မှုဖြစ်ပွား (NMG)

ထိုင်း- မြန်မာနယ်စပ် ကော့သောင်းမြို့တွင်း တရားဝင်တင်သွင်းသည့် ဆန်များကို ထိုင်းနိုင်ငံသို့ တင်ပို့သည့် အ တွက် ဒေသခံများ ဆန်ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံများ က ပြောသည်။

ရန်ကုန်ဆိပ်ကမ်းမှလာသည့် မြစ်ကြီးနား၊ ဟားခါး အမည်ရှိသင်္ဘောတို့ဖြင့် တရားဝင်သယ်ဆောင်လာသည့် ဆန် ကို ကော့သောင်းမြို့သို့ မတင်သွင်းပဲ တဖက်ကမ်း ထိုင်းနိုင်ငံသို့ စက်လှေများဖြင့် တိုက်ရိုက်တင်ပို့နေသည်ဟု ဒေသခံ တစ်ဦးကပြောသည်။

“ဆန်တွေ ကြက်သွန်တွေ ကျနော်တို့မြို့အတွက်ပါလာပေမယ့် ကြက်သွန်တွေပဲမြင်ရပြီး ဆန်ကို ရေ လယ်မှာတင် ဟိုဘက်ပို့လိုက်တယ်။ လူတွေက အချောမစားနိုင်ရင် အကြမ်း၊ အကြမ်းမစား နိုင်ရင် ဒီ ထက်နောက်ကျတဲ့ အကြမ်း၊ ဒီထက် အကြမ်းမစားနိုင်ရင် ကျနော်တို့နောက်ဆုံး မုန့်ဟင်းခါး ဖတ် ၀ယ်စားရမှာပေါ့။ မရှိတော့ဘူး နောက်တစ်ပတ်ဆယ်ရက်ကို ဆန်ကမရှိတော့ဘူး။ လူတစ်ယောက်ကို တစ်ရက်နှစ်ပြည်ပဲရောင်းပေးတယ်။”

ကော့သောင်းမြို့တွင် ဆန်တအိတ်လျှင် ယခင် ကျပ်သုံးသောင်းကျော်မှ ကျပ်ငါးသောင်းခွဲထိ ဈေးတက်သွား၍ ဧပြီလမှစပြီး ယခုချိန်ထိ ဒေသခံများ ဆန်တန်းစီစနစ်ဖြင့် ၀ယ်ယူနေရသည်။

ဒေသခံအာဏာပိုင်များမှ ထိုင်းနိုင်ငံတွင်းသို့ဆန်တင်သွင်းခြင်းကို ဟန့်တားခြင်း မပြုသဖြင့် ဆန်ဈေး မြင့်တက် သွားသည့်အတွက် ဒေသခံ ပြည်သူများ မကျေမနပ်ဖြစ်နေကြသည်ဟု ဒေသခံက ပြောသည်။

“နာဂစ်မုန်တိုင်း ဒုက္ခသည်တွက် ပို့ပေးတာ ကျနော်တို့ဘာမှမဖြစ်ဘူး။ ဖြစ်နိုင်ရင် ကျနော်တို့တောင် ပို့ပေးချင်တယ်။ ကျနော်တို့ မစားရလဲဘာမှမဖြစ်ဘူး။ ကျနော်တို့ဘာသာ မုန့်ဟင်းခါး စားလို့ရ တယ်။ မာမီးခေါက်ဆွဲခြောက်စားလို့ရတယ်။ ခုဟာကဆန်ဈေးက အရမ်းကြီးတယ်ဗျာ။ ဆန်တွေလဲ မမြင်ရဘူး။ နောက်လဆို ကျနော်တို့ မိသားစုတွေလည်း ဘယ်လို ရင်ဆိုင်ရမှန်း မသိဘူး။ ကျနော် တို့တင်မဟုတ်ဘူးနော် တစ်မြို့လုံးဖြစ်နေတဲ့ကိစ္စ။”

လွန်ခဲ့သည် ၃ ရက်ခန့်တွင် ရေကြောင်းလမ်းဘက်မှ ဆန်တရက်လျှင် အိတ် ၂၀၀၀ ကျော် ပုံမှန် ၀င်သော်လည်း ယခုရက်ပိုင်းတွင် ရာသီဥတု အခြေနေအခက်ခဲကြောင့် တင်သွင်းမှု ရပ်နားထားသည် ဟု ဆန်ကုန်သည် များက ပြောသည်။

No comments: