Friday, June 6, 2008

မုန်တိုင်းအပျက်အစီး အကဲဖြတ်ရန် ကျွမ်းကျင်သူ (၂၀၀) အာဆီယံစေလွှတ် (NEJ)

နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံ၏ ပျက်စီးဆုံးရှုံးးမှုပမာဏကို စာရင်းပြုစုရန် ကျွမ်းကျင်သူ (၂၀၀) ပါဝင်သည့် အာဆီယံ အရေးပေါ်အမြန် အကဲဖြတ်ရေးအဖွဲ့ (ERAT) ကို ဧရာဝတီ
မြစ်ဝကျွန်းပေါ်ဒေသသို့ ယနေ့ စတင်စေလွှတ်လိုက်ပြီဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ရုံးက သတင်းထုတ်ပြန်သည်။

အာဆီယံ၊ ကုလသမဂ္ဂနှင့် မြန်မာစစ်အစိုးရတို့ ပါဝင်သည့် သုံးပွင့်ဆိုင်အဖွဲ့က ယနေ့ ရန်ကုန်မြို့၌ ပြုလုပ်သည့် အစည်းအဝေးအပြီး စေလွှတ်ခြင်းဖြစ်ပြီး ထိုအဖွဲ့သည် ဆိုင်ကလုန်းဒဏ်ခံရသည့်
မြစ်ဝကျွန်းပေါ်ဒေသသို့ သွားရောက်၍ အပျက်အစီးများနှင့် လေဘေးဒုက္ခသည်များအတွက် အရေးပေါ် လိုအပ်ချက်များကို ပြည့်ပြည့်စုံစုံ လေ့လာအကဲဖြတ်၍ အစီရင်ခံစာပြုစုမည်ဟု အာဆီယံအဖွဲ့က ပြောသည်။

မုန်တိုင်းဒဏ်ခံရသည့် အဓိကမြို့နယ် (၂) ခုဖြစ်သည့် လပွတ္တာနှင့် ဖျာပုံမြို့နယ်များသို့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်၏ ရဟတ်ယာဉ်ဖြင့် အဖွဲ့ (၂) ဖွဲ့ ကြိုတင်သွားရောက်၍ လုပ်ငန်းစတင် လုပ်ကိုင်မည်ဖြစ်ဟု အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝန်၏ ပြောကြားချက်ကို အာဆီယံ အင်တာနက်စာမျက်နှာတွင် ဖော်ပြသည်။

၎င်းက “ဒီပူးတွဲအကဲဖြတ်အဖွဲ့အပေါ်မှာ ကျနော်တို့ မျှော်လင့်ချက်တွေ အများကြီးထားပါတယ်။ သူတို့ ထုတ်ပြန်မယ့် အစီရင်ခံစာအပေါ် အခြေခံပြီး နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံရသူတွေရဲ့ လိုအပ်ချက်တွေကို ဖော်ထုတ်နိုင်လိမ့်မယ်၊ ပြီးတော့ အလိုအပ်ဆုံး ဒေသတွေမှာ ကျနော်တို့ရဲ့ ခွန်အားစိုက် လုပ်ကိုင်နေမှုကို အရှိန်မြှင့်ပြီး ဆောင်ရွက်နိုင်ပါလိမ့်မယ်” ဟု ပြောသည်။

အာဆီယံအကဲဖြတ်အဖွဲ့ကို ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) တို့က ထောက်ပံ့ ပေးခြင်းဖြစ်ပြီး အကဲဖြတ်အဖွဲ့၌ ကမ္ဘာ့ဘဏ်မှ ကျွမ်းကျင်သူ (၁၈) ဦးနှင့် အေဒီဘီမှ (၈) ဦး တို့လည်း ပါဝင်သည်။ မုန်တိုင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ရရှိရေး ပူးပေါင်း ဆောင်ရွက်ရန် နအဖ၀န်ကြီးဌာန (၁၈) ခုမှ အရာရှိ (၅၄) ဦးတို့ကို အာဆီယံအကဲဖြတ်အဖွဲ့က သင်တန်းပေးထားပြီးဖြစ်သည်။

အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံ မုန်တိုင်းဒဏ်ခံရပြီး သီတင်း (၂) ပတ်ကျော် အကြာ၌ မုန်တိုင်း ဘေးအကူ အညီပေးရေးနှင့် ပတ်သက်သည့် အရေးပေါ်အစည်းအဝေး စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့ပြီး ယခု (၁) လကျော် အကြာ၌ မုန်တိုင်းနှင့် ပတ်သက်သည့် အစီရင်ခံစာ ထုတ်ပြန်ရန် အချက်အလက် စတင်ကောက်ယူခြင်းဖြစ်သည်။

မုန်တိုင်းကြောင့် သေဆုံးသူပေါင်း (၇၇,၇၃၈) ဦး နှင့် ပျောက်ဆုံးသူပေါင်း (၅၅,၉၁၇) ဦးရှိကြောင်း မေ (၁၆) ရက်တွင် မြန်မာစစ်အစိုးရက နောက်ဆုံးရ စာရင်းထုတ်ပြန်ပြီး နောက်ထပ်ကြေညာခြင်း မရှိချေ။ ကုလသမဂ္ဂက သေဆုံးသူနှင့် ပျောက်ဆုံးသူ (၁၃၃,၀၀၀) ရှိပြီး မုန်တိုင်းဒဏ်ခံရသူပေါင်း (၂.၄) သန်းရှိသည်ဟု ခန့်မှန်းထားသည်။

ကယ်ဆယ်ရေးလုပ်သားများနှင့် အစိုးရမဟုတ်သောအဖွဲ့များက သေကျေပျက်စီးမှုပမာဏသည် စစ်အစိုးရ ထုတ်ပြန်သည်ထက် ပိုများမည်ဟု ခန့်မှန်းပြောဆိုကြသော်လည်း တိကျရေရာသည့် စာရင်းထုတ်ပြန်နိုင်ခြင်း မရှိသေးချေ။

အာဆီယံအကဲဖြတ်အဖွဲ့သည် ဆိုင်ကလုန်းဒဏ်ခံရသည့် ဒေသတခုလုံးကို ခြုံငုံစာရင်းကောက် ယူ၍ တိုက်ရိုက် ရရှိသည့် သတင်းအချက်အလက်များ စုဆောင်းကာ ဇွန် (၂၄) ရက် လုပ်ငန်းအဖွဲ့ အစည်းအဝေး၌ ပဏာမ အစီရင်ခံစာ တင်သွင်းမည်ဖြစ်ပြီး ဇူလိုင်လလယ်၌ အဆုံးသတ် အစီရင် ခံစာ ထုတ်ပြန်မည်ဟုသိရသည်။

No comments: