Thursday, June 5, 2008

ဗြိတိန်က မုန်တိုင်းဒုက္ခသည်များအတွက် ဒေါ်လာ (၂၁) သန်း

မြန်မာနိုင်ငံမှ မုန်တိုင်းဒုက္ခသည်များအတွက် ဗြိတိန်နိုင်ငံက ဒေါ်လာ (၂၀.၆) သန်းနှင့် ညီမျှသည့် ပေါင်စတာလင် (၁၀.၅) သန်းကို နောက်ထပ် ကူညီမည်ဟု ယမန်နေ့က ကတိပြုလိုက်ပြီး ဗြိတိန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကူညီသည့်ငွေ စုစုပေါင်းမှာ ပေါင် (၂၇) သန်းကျော်ရှိပြီ်ဖြစ်သည်။

နာဂစ်မုန်တိုင်း ဖြစ်ပေါ်ပြီးနောက် လူပေါင်းမြောက်မြားစွာသည် အကူအညီ အထူးလိုအပ် လျက်ရှိပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟု နိုင်ငံတကာဖွံ့ဖြိုးမှုဆိုင်ရာ ၀န်ကြီးဌာန
ဝန်ကြီး ဒေါက်ဂလပ်စ် အလက်ဇန်းဒါးက ဗြိတိန်အောက်လွှတ်တော်သို့ ပေးပို့သည့် အစီရင်ခံစာ တစောင်တွင် သတိပေးထားသည်။

“ပထမအကြိမ် ကျနော်တို့ ပေါင် (၁၇) သန်း ကူညီထားတာကို ထပ်ပေါင်းတဲ့အနေနဲ့ နောက်ထပ် ပေါင် (၁၀.၅) သန်း ကူညီမယ်လို့ ဒီနေ့ ကြေညာလိုက်ပါတယ်။ အခု ထပ်ဆောင်းလိုက်တဲ့ ကူညီ ငွေကို ကြက်ခြေနီ၊ အန်ဂျီအိုအဖွဲ့တွေနဲ့ ဒေသခံ အဖွဲ့အစည်းတွေကတဆင့် ကျနော်တို့ လွှဲပြောင်း ပေးမှာဖြစ်ပါတယ်” ဟု အလက်ဇန်းဒါးက ပြောပြီး နောက်ထပ်ကူညီငွေကို မြန်မာစစ်အစိုးရမှ တဆင့် တပြားတချပ်မှ လွှဲပြောင်းပေးမည်မဟုတ်ဟုလည်း ပြောသည်။

“လိုအပ်နေသူတွေ အကူအညီရရှိဖို့ ကျနော်တို့ ဦးစားပေးသွားမှာပါ” ဟုလည်း ၎င်းက ပြောသည်။

ဗြိတိန်နိုင်ငံအနေဖြင့် ကူညီထောက်ပံ့ရေးအတွက် အာရုံပြုနေသော်လည်း မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ၎င်းတို့၏ လုပ်ဆောင်ချက်ကို ထိခိုက်မည်မဟုတ်ဟု အလက်ဇန်းဒါးက ပြော သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နေအိမ်အကျယ်ချုပ် သက်တမ်း ထပ်တိုးခြင်းနှင့် ပတ်သက်ပြီး စိတ်ပျက်ဝမ်းနည်းမိကြောင်းနှင့် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီး ပြုလုပ်ခဲ့သော ဆန္ဒခံယူပွဲရလဒ်သည် ယုံကြည်အားထားလောက်ဖွယ်ရာ မရှိဟု လည်း ၎င်းက ပြောသည်။

မုန်တိုင်းတိုက်ခတ်ပြီး (၃) ပတ်ကြာသည်အထိ စစ်အစိုးရက နိုင်ငံတကာအကူအညီများကို ငြင်းဆန်ခဲ့ပြီး ကုလသဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုယ်တိုင် မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ကာ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံပြီးမှသာ နိုင်ငံတကာ ကူညီမှုများအတွက် လမ်းပွင့်လာခဲ့ခြင်းဖြစ်သည်။

ဘန်ကီမွန်းက သူ အပြည့်အ၀ အကူအညီပေးနိုင်ရေးအတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် သဘော တူညီမှု ရရှိထားပြီးပြီဟုဆိုသော်လည်း ဘန်ကီမွန်းပြန်ပြီး ရက်အတန်ကြာသောအခါ မုန်တိုင်း အထိနာဆုံးသော ဒေသများသို့ နိုင်ငံခြား ကယ်ဆယ်ရေးလုပ်သား လက်တဆုပ်စာနှင့် သွားလာ ကြရာတွင် အပြည့်အ၀ လှုပ်ရှားနိုင်မှု မရှိသေးဟု ကုလသမဂ္ဂ အေဂျင်စီများက ပြောသည်။

စစ်အစိုးရအနေဖြင့် မစ္စတာ ဘန်ကီမွန်းကို ပေးထားသည့် ကတိကို အကောင်အထည်ဖော် လုပ် ဆောင်သင့်သည်ဟု အလက်ဇန်းဒါးက ပြောသည်။

နာဂစ်မုန်တိုင်း ဒုက္ခသည် (၂.၄) သန်းအနက် (၁.၃) သန်းသာ နိုင်ငံရပ်ခြားမှ ကူညီထောက်ပံ့မှု အချို့ရကြောင်း၊ မုန်တိုင်းကြောင့် လူပေါင်း (၇၇,၀၀၀) ကျော် သေဆုံးပြီး (၅၅,၀၀၀) ပျောက်ဆုံး နေကြောင်း ကုလသမဂ္ဂက ခန့်မှန်းသည်။

No comments: