Tuesday, June 3, 2008

အကန့်အသတ်များက ကယ်ဆယ်ရေးတွင် အဟန့်အတားဖြစ်နေဟု စားနပ်ရိက္ခာအဖွဲ့ပြော (Mizzima)

နယူးဒေလီ။ ။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ ဝေးလံသော ဒေသများသို့ အကူအညီ ပစ္စည်းများ သယ်ပို့ပေးရေး အတွက် သူတို့၏ ရဟတ်ယာဉ် တစီးကို အသုံးပြုခွင့်ရရန် မြန်မာအစိုးရထံမှ ခွင့်ပြုချက် မရသေးဟု ကမ္ဘာ့အဖွဲ့အစည်း တရပ်ဖြစ်သော ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ (WFP) က ပြောကြားလိုက်ပါသည်။

“ကျနော်တို့ ရဟတ်ယာဉ်တစီး အခု ရန်ကုန်မှာ ပစ္စည်းတွေ သယ်ဘို့ အဆင်သင့် ဖြစ်နေပါပြီ၊ ဒါပေမဲ့ ခုအချိန်အထိ သုံးလို့ မရသေးဘူးဗျာ” ဟု ဘန်ကောက် (WFP) ရုံး ပြောရေးဆိုခွင့်ရှိသူ ပေါလ်ရစ်စလေ Paul Risley က ပြောကြား သွားပါသည်။ “ဘာဘဲဖြစ်ဖြစ် ဒီရဟတ်ယာဉ်က သုံးဘို့ အဆင်သင့် ဖြစ်နေပါပြီ” ဟု သူက ဆက်လက် ပြောဆိုလိုက်ပါသည်။

သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် မြစ်ဝကျွန်းပေါ် ဒေသရှိ ဝေးလံသော ကျေးရွာ အများအပြားသို့ ပစ္စည်းများ သယ်ပို့ပေးရန် ရဟတ်ယဉ်များ အသုံးပြုခွင့် ရရေးမှာ အလွန်အရေးကြီးသည်ဟု ရစ်စလေက ပြောဆိုပါသည်။

“ထိုင်းနိုင်ငံမှာလည်း နောက်ထပ် ကျနော်တို့ ရဟတ်ယာဉ် ၉ စီး အဆင်သင့် ရှိနေပါတယ်။ ရက်ပိုင်းအတွင်း ဘန်ကောက်ကနေ မြန်မာပြည်ကို ယူလာဘို့ အသင့် ဖြစ်နေမှာပါ” ဟု ရစ်စလေက ပြောဆိုပါသည်။

WFP သည် ယခုအထိ ခန့်မှန်းခြေ ဆိုင်ကလုံး လေဘေးဒုက္ခသည် ၅၇၅ဝဝဝ ဦးထံသို့ ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်နိုင်ခဲ့ပြီး ဖြစ်သည်။ သို့သော် အစိုးရ၏ ကန့်သတ်ချက်များကြောင့် နိုင်ငံတကာ အကူအညီပေးရေး လုပ်သားများ၏ ကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေးရသည်ဟု ဆိုလိုက်ပါသည်။ ယခု လောလောဆယ် အဆိုပါ ကယ်ဆယ်ရေး လုပ်သားများမှာ မြစ်ဝကျွန်းပေါ်ဒေသတွင် နေနေရသည်ဟု ဆိုသည်။

“ကျနော်တို့ ဝန်ထမ်းတွေကို မြစ်ဝကျွန်းပေါ် ဒေသမှာ နေပြီး အလုပ် လုပ်နေစေချင်ပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ ခွင့်ပြုချက်က မရသေးဘူး။ ဒါ ကျနော်တို့ မြစ်ဝကျွန်းပေါ်မှာ လုပ်နေတဲ့ အလုပ်တွေအတွက် တကယ့် စိန်ခေါ်မှုတရပ်ပါဘဲ” ဟု ရစ်စလေ က ပြောဆိုသွားပါသည်။

ဤအတောအတွင်း မြန်မာအစိုးရထံမှ ခွင့်ပြုချက် မရရှိသဖြင့် လွန်ခဲ့သော ၂ ပတ်လုံးလုံး ပင်လယ်ပြင်တွင် ကယ်ဆယ်ရေးပစ္စည်း အမြောက်အမြား၊ ရဟတ်ယာဉ် အများအပြား တင်ဆောင်ကာ စောင့်ဆိုင်းနေခဲ့သည့် မိမိတို့၏ ရေတပ် သင်္ဘော ၄ စီးကို ပြန်လည်ထွက်ခွါရန် အမိန့်ပေးတော့မည် ဖြစ်သည်ဟု အမေရိကန် ကာကွယ်ရေးဌာန အရာရှိများက ပြောဆိုသွားပါသည်။

“စစ်အစိုးရက ကျနော်တို့ကို ကူညီခွင့်ပေးမှာ မဟုတ်ဘူးဆိုတာ ဒီအချိန်မှာ အတော်ကို ရှင်းလင်းနေပါပြီ။ ကျနော်တို့ ခုအချိန်အထိတော့ ဘာမှ မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမဲ့ ကျနော်တို့ သင်္ဘောတွေ အဲဒီနေရာမှာ ပတ်ချာလည် လှည့်ပြီး စောင့်နေရတာ အတော်ကို ကြာနေပါပြီ” ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ် Robert M. Gates က စင်္ကာပူနိုင်ငံတွင် ကျင်းပသည့် အာရှလုံခြုံရေး ကွန်ဖရင့်တွင် တနင်္ဂနွေနေ့က ပြောဆိုသွားပါသည်။

ယခင်အပတ်ကလည်း အလားတူ ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်ကာ မြန်မာ့ရေပိုင်နက် အပြင်တွင် စောင့်ဆိုင်းနေခဲ့သည့် ပြင်သစ် ရေတပ်သင်္ဘော 'Mistral' ကလည်း စစ်အစိုးရထံမှ ခွင့်ပြုချက် မရသဖြင့် ထိုင်းနိုင်ငံသို့ ပြန်သွားကာ မုန်တိုင်း ဒုက္ခသည်များအတွက် ကယ်ဆယ်ရေး ပစ္စည်းများကို ချထားပေးခဲ့သည်။

မြန်မာနိုင်ငံအတွင်းရှိ ဆိုင်ကလုံးဒဏ် ခံခဲ့ရသော ဒေသများသို့ သွားရောက် ကြည့်ရှုခဲ့သည့် WFP အမှုဆောင် ညွှန်ကြားရေးမှူး ဂျိုးဆက်ရှီးရန်း (Josette Sheeran) က မြစ်ဝကျွန်းပေါ်သို့ ကယ်ဆယ်ရေး လုပ်သားများ ချထားရေးကို နှောင့်နှေး ကြန့်ကြာစေသည့် ကြိုးနီစနစ်များ လျှော့ချပေးပါရန် စစ်အစိုးရကို တိုက်တွန်းသွားသည်။

ကယ်ဆယ်ရေး လုပ်သားများ စေလွှတ်ရေးအတွက် အစိုးရက ချမှတ်ထားသော လုပ်ထုံးလုပ်နည်းများသည် အနှောင့်အယှက် ဖြစ်မြဲဖြစ်နေပြီး ကယ်ဆယ်ရေး လုပ်ငန်း၏ ထိရောက်မှုကို ထိခိုက်စေသည် ဟု မြန်မာနိုင်ငံ ခရီးစဉ်မှအပြန် တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်၌ သူမက ပြောဆိုသွားပါသည်။

လူပေါင်း ၆၆၃ဝဝဝ ဦးကို ပထမအသုတ် ဆန်ရိက္ခာများ ပေးအပ်နိုင်ရန် ရည်မှန်း လုပ်ဆောင်ခဲ့ရာ ယခုအထိ လူပေါင်း ၅၇၅ဝဝဝ ဦးကို အဆိုပါဆန်များ ပေးအပ်နိုင်ခဲ့ပြီး ဖြစ်သည်ဟု (WFP) က ပြောပါသည်။ ဒါပေမဲ့ လူအတော်များများ အဲဒီ ရိက္ခာကို မရသေးဘူးဟုလည်း ဆက်လက် ပြောဆိုသွားပါသည်။ ယခုအခါ အဆိုပါ ဒုက္ခသည်များကို ဒုတိယအသုတ် ဆန်များဝေရန် အချိန်ရောက်နေပြီဟု ဆိုသည်။

မြို့များပေါ်ရှိ ဆိုင်ကလုံး လေဘေး ဒုက္ခသည်များထံ အဆိုပါ ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိပြီး ဖြစ်သော်လည်း သယ်ယူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး အခက်အခဲကြောင့် ကျေးရွာ အများအပြားထံ ကယ်ဆယ်ရေး ပစ္စည်းများ မရောက်သေးဘဲ ကျန်နေသေးသည်ဟု ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့နယ်မှ ပြန်လာခဲ့သူ ရန်ကုန်မြို့မှ အကူအညီပေးရေး လုပ်သားတဦးက ပြောသွားပါသည်။

No comments: