Wednesday, April 30, 2008

မစိုးရိမ်ဆရာတော် ဦးကောဝိဒါဘိဝံသ ပျံလွန်တော်မူ


မစိုးရိမ်တိုက်ဟောင်း ဆရာတော် ဘဒ္ဒန္တဦးကောဝိဒါ
ဘိဝံသ သက်တော် (၈၁) နှစ်၊ သိက္ခာတော် (၆၂) ၀ါ
သည် ယမန်နေ့ နေ့လယ် ဒေသစံတော်ချိန် (၁) နာရီ (၇) မိနစ်တွင် အမေရိကန် ပြည်ထောင်စု နယူး ယောက်မြို့ ဘရွတ်ကလင်းအရပ်ရှိ ဆေးရုံတခု၌ နှလုံးရောဂါဖြင့် ဘ၀နတ်ထံ ပျံလွန်တော်မူသွားကြောင်း သိရသည်။

“ဆရာတော်ဘုရားကြီး Cony Island ဆေးရုံမှာ ပျံလွန် တော်မူသွားတာပါ။ ဒီမနက်ပဲ ဆေးရုံတက်ရတယ်။
နှလုံးရောဂါ ခံစားနေရတာတော့ ကြာပြီပေါ့” ဟု သာ သနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဆရာတော် ဦးဝိလာသက မိန့်ကြား သည်။

ဆရာတော်ဘုရားကြီးသည် သာသနာတော်ဘက်က အမြဲတမ်းရပ်တည်ကာ အမျိုးဘာသာ သာသနာအတွက် ပျံလွန်တော်မူသည်အထိ ဆောင်ရွက်သွားသူ ဖြစ်သဖြင့် သာသာနာတော်အတွက်ရော တိုင်းပြည် အတွက်ပါ ဆုံးရှုံးမှုဖြစ်သည်ဟု သံဃာတော်တို့က မိန့်ကြားသည်။

သာသနာ့ဥသျှောင်အဖွဲ့ ဒု- အတွင်းရေးမှူး ဆရာတော် ဒေါက်တာနာယက က “ဆရာတော်ကြီး ဆုံးရှုံးသွားတာက ဦးပဉ္စင်းတို့အတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးတခုလို့ ဦးပဉ္စင်းတို့ မှတ်ယူပါ တယ်။ ဒါပေမယ့် ဆရာတော်ကြီးချခဲ့တဲ့ လမ်းစဉ်တွေ ဆရာတော်ကြီး ချမှတ်ခဲ့တဲ့ မူဝါဒတွေနဲ့ ဆက်လက်ပြီးတော့ လုပ်သွားမှာပဲလို့ ပြောလိုပါတယ်” ဟု မိန့်ကြားသည်။

သာသနာ့ဥသျှောင်အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဣန္ဒာစာရက “ဆရာတော် ပျံလွန်တော်မမူခင် တရက်အလိုမှာ သာသနာ့ဥသျှောင် ဌာနချုပ် ဖွင့်ပွဲမှာ ဆရာတော် မိန့်ကြားသွားတဲ့အထဲမှာ မှတ် သားဖို့ကောင်းတာက စစ်သားတွေက သူ ထောင်ကျတုန်းက ပြောတယ်ပေါ့လေ။ သူ့ကို သတ်မယ် ဘာမယ် ခြိမ်းခြောက်တဲ့အခါကျတော့ မင်းတို့က ငါတို့ကို သတ်ရဲတယ်တဲ့။ မင်းတို့က သေရမှာ ကြောက်တယ်။ ငါတို့က သေရမှာ မကြောက်ဘူးတဲ့။ သတ်ရမှာ ကြောက်တယ်လို့ ပြောခဲ့ပါတယ်” ဟု မိန့်ကြားသည်။

ရွှေဝါရောင်တော်လှန်ရေး၌ မြန်မာနိုင်ငံမှ သံဃာတော်များသည် တိုင်းသူပြည်သားများ ဆင်းရဲ သဖြင့် မြတ်စွာဘုရားလက်ထက်က ဝေသာလီပြည်၌ ပရိတ်ရွတ်ကြသလို ပရိတ်ရွတ်ကြခြင်း ဖြစ် ကြောင်း သာသနာကို ထိပါးသည့် ကိစ္စမှန်သမျှ ကာကွယ်စောင့်ရှောက်ကြရန်နှင့် သံဃာများ အားလုံး ညီညွတ်ကြရန် မိန့်ကြားခဲ့ကြောင်းသိရသည်။

ဆရာတော်ဘုရားသည် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ပိဋကနယူပဒေသကျောင်း မစိုးရိမ် ကျောင်းတိုက်ကြီး၏ မဟာနာယက စာချဆရာတော်၊ ယဉ်ပုံပရိယတ္တိစာသင်တိုက်၏ မဟာနာယ
က၊ ရှမ်းပြည်နယ် မန်းပြိန်းကျောင်းတိုက်၏ ပဓာနမဟာနာယက၊ တိပိဋက အဘိဓာန်ကျမ်းပြုအဖွဲ့
ဝင်အဖြစ် သာသနာ့တာဝန်များ ထမ်းဆောင်ခဲ့သည်။

၁၉၉၀ ပြည့်နှစ် သံဃာတော်များ၏ ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲနှင့်ပတ်သက်၍ ဆရာတော်ကို စစ် အစိုးရက ဖမ်းဆီးကာ (၂၂) လကြာ အကျဉ်းချထားခဲ့သည်။ ဆရာတော်ဘုရားသည် ၂၀၀၁ ခုတွင် အမေရိကန်ပြည်ထောင်စုသို့ ကြွချီခဲ့ပြီး သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ဆရာတော်သည် နယူးယောက်မြို့၌ မစိုးရိမ် သာသနာ့ဇောတိကကျောင်းကို တည်ထောင်ပေးခဲ့ပြီး ယမန်နှစ် စက်တင်ဘာအရေးအခင်းအပြီး၌ ဗုဒ္ဓသာသနာတော်ကို ကာကွယ်စောင့်ရှောက်ရန် အတွက် သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်ကို ကမကထပြု ဖွဲ့စည်းပေးခဲ့သည်။ ။

မစိုးရိမ်ဆရာတော်ကြီး၏ သြ၀ါဒတရား
http://www.youtube.com/watch?v=lX2BSwShDyI

No comments: