Thursday, May 1, 2008

သင်္ဃန်းကျွန်း ဘဏ်၌ လူသတ်မှု ကျူးလွန်သူ နှစ်ဦးအား ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က ဖော်ထုတ် ဖမ်းဆီးရမိ

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်အတွင်းသို့ ပစ္စည်း ခိုးယူရန်ဝင်ရောက်ခဲ့ပြီး ဘဏ်ဝန်ထမ်းတစ်ဦးအား ဓားဖြင့်ထိုးသတ်မှု ကျူးလွန်ခဲ့သူ နှစ်ဦး ကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ပြည်သူလူထုပူး ပေါင်းကူညီမှုဖြင့် ရက်၂၀အတွင်း ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဖြစ်ပွားပုံမှာ ဧပြီ၈ရက် ည၈နာရီခန့်တွင် သင်္ဃန်းကျွန်း မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဦးခင်အေး၊ စာရင်းကိုင်အဆင့် (၃) ဦးအေးကြိုင်၊ ကြီးကြပ်ရေးမှူးဦးစိန်ရွှေမောင်တို့သည် ဘဏ်ရှေ့အုတ်ခုံတွင် ထိုင်နေကြရာမှ ဘဏ် အဆောက်အအုံ အတွင်းသို့ ပြန်လည်ဝင်ရောက်လာစဉ် ရုံးခန်းအတွင်းရောက်ရှိနေသော လူနှစ်ဦးက ၄င်းတို့အား ဝင်ရောက်လုံထွေးသတ်ပုတ်ပြီး တုတ်ဖြင့်ရိုက်ခြင်း၊ ဓားဖြင့်ထိုး ခြင်း ပြုလုပ်၍ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။ ယင်းကဲ့သို့ လုံးထွေး သတ်ပုတ်ခံရမှုကြောင့် ဦးခင်အေး၏မေးစေ့တွင်ပြတ်ရှ ဒဏ်ရာ နှစ်ချက်၊ ဦးအေးကြိုင် ကျောကုန်းတွင်ပေါက်ပြဲဒဏ်ရာနှစ်ချက်၊ ယာနားရွက်ပေါက်ပြဲဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး၊ ကြီးကြပ်ရေးမှူး ဦးစိန်ရွှေမောင်မှာ ရင်ညွန့်ထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာလက်ဖျံပြတ်ရှ ဒဏ်ရာတစ်ချက်၊ မေးစေ့တွင်ပွန်းပဲ့ ဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးသွားခဲ့သဖြင့် သင်္ဃန်း ကျွန်းရဲစခန်းမှ (ပ)၂၈၃/၂၀၀၈ပြစ်မှုပုဒ်မ၃၀၂/၃၂၆/၁၁၄ဖြင့် အမှုဖွင့်အရေးယူ ထားခဲ့သည်။ ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ် ဖမ်းဆီးနိုင်ရေး အတွက် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ရာ ၂၀၀၇ခုနှစ်အတွင်း သင်္ဃန်းကျွန်းရဲစခန်းမှ လှည့်ကင်း တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအား ဝတ္တရားနှောင့်ယှက်မှုဖြင့် ထွက်ပြေးတိမ်း ရှောင်နေသည့် သင်္ဃန်းကျွန်းမြို့နယ် (၁၆/၁)ရပ်ကွက်နေ ဇော်ကြီးနှင့် (၁၆/၃)ရပ်ကွက်နေ သန်းထွေးတို့က ပြစ်မှုကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ပြစ်မှုကျူးလွန်းသူ ဇော်ကြီး(ခ)ဇော်ဇော်ထွန်းအား မြောက်ဥက္ကလာပမြို့နယ် (ဆ) ရပ်ကွက် သုနန္ဒာ (၉)လမ်းမ/၂၇၄နေ ၄င်း၏အစ်မ တော်စပ်သူ ဒေါ်စန်းစန်းမြင့် နေအိမ်၌ ပုန်းအောင်းနေစဉ် ဧပြီ၂၅ရက် ည၁၁နာရီခွဲတွင် လည်းကောင်း၊ သန်းထွေးအား ဒဂုံမြို့သစ်တောင်ပိုင်း (၆၅)ရပ်ကွက် စက်မှုဇုန်(၁)ရှိ “ဦးဦးခေါက်ဆွဲ” စက်ရုံ၌ ပုန်းခို နေစဉ်ဧပြီ ၂၈ ရက်နံနက် ၅ နာရီခွဲတွင် လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။ ဇော်ကြီးနှင့်
သန်းထွေးတို့မှာ ယခင်က လူသတ်မှု၊ ဓားခုတ်မှုဖြင့် ပြစ်ဒဏ်ကျ ခံရဖူးသူများဖြစ်ပြီး ၂၀၀၇ ခုနှစ်အတွင်း သဃန်းကျွန်းရဲစခန်းမှ လှည့်ကင်းတာဝန် ဆောင်ရွက်နေသည့် တပ်ဖွဲ့ ဝင်များအား ဝတ္တရားနှောင့်ယှက်မှု ကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်နေသူများ ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ထွက်ပြေးတိမ်းရှောင်နေရ၍ လုပ်ကိုင်စားသောက်ရန် အခက်အခဲ ရှိလာသောကြောင့် သင်္ဃန်းကျွန်း ဘဏ်အတွင်းသို့ ငွေကြေး/ ပစ္စည်းခိုးယူရန် ဝင်ရောက် ခဲ့ရာမှ ၄င်းတို့နှစ်ဦး ဘဏ်အဆောက်အအုံအတွင်းရောက်ရှိပြီး ပစ္စည်းနှင့်ငွေများ ရှာဖွေ နေစဉ် ဘဏ်ဝန်ထမ်းများ ရောက်ရှိလာ၍ လုံးထွေးသတ်ပုတ်ခဲ့ကြခြင်းဖြစ်ကြောင်း ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သတင်းရရှိ သည်ဟု ၂၀၀၈ခုနှစ် ဧပြီလ ၃၀ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
(Source- http://www.khitlunge.org.mm/news/news_detail.aspx?info_id=7153&sub_id=1)

No comments: