Tuesday, May 13, 2008

ကြက်ခြေနီသင်္ဘော ကယ်ဆယ်ရေး ပစ္စည်းများ သယ်ယူစဉ် နစ်မြုပ်

မဇ္ဈိမမှ ကူးယူဖော်ပြသည်။

နယူးဒေလီ။ ။ ဆိုင်ကလုံး လေဘေးဒဏ်ခံ ဒုက္ခသည်များအတွက် ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်သွားသော ကြက်ခြေနီ သင်္ဘောတစင်း မြန်မာနိုင်ငံ ဧရာဝတီ မြဝ်ဝကျွန်းပေါ် ဒေသတွင် တနင်္ဂနွေနေ့က နစ်မြုပ်ခဲ့သည်။

အစားအစာ၊ အစတ်အစားနှင့် အခြား ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်သွားသော သင်္ဘောသည် ရေအောက်တွင် နစ်မြုပ်နေသော သစ်ပင်တပင်နှင့် တိုက်မိပြီး နစ်မြုပ်သွားခြင်း ဖြစ်သည်။

သင်္ဘောပေါ်တွင် လိုက်ပါသွားသော နိုင်ငံတကာ ကြက်ခြေနီအဖွဲ့မှ ဝန်ထမ်း ၄ ဦးလုံး အသက်မသေ လွတ်မြောက်ခဲ့သည်ဟု ထိုအဖွဲ့မှ ပြောသည်။

“ဒီသင်္ဘောက မြစ်ဝကျွန်းပေါ်ဒေသကို ပို့တဲ့ ကျနော်တို့ရဲ့ ပထမဆုံး သင်္ဘောပါ။ သင်္ဘောပေါ်ပါတဲ့ ကယ်ဆယ်ရေး ပစ္စည်းအများစု ဆုံးရှုံးသွားခဲ့ပေမယ့် ကျနော်တို့ ဝန်ထမ်းတွေတော့ ဘေးအန္တရာယ် ကင်းကြပါတယ်” ဟု နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ IFRC ၏ မီဒီယာအရာရှိ အဲရစ်ပေါ်တာဖီးလ်ဒ် (Eric Porterfield) က ပြောကြားသည်။

သင်္ဘောသည် မေလ ၂ ရက်နေ့က မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ဒေသသို့ ဖြတ်သန်းတိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုံး မုန်တိုင်းဒဏ် အပြင်းထန်ဆုံး ခံခဲ့ရသည့် ဒေသတခု ဖြစ်သော ဘိုကလေးမြို့သို့ ရန်ကုန်မြို့မှ ထွက်ခွါသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

သင်္ဘောပေါ်တွင် ဆန်အိတ် ၁ဝဝ၊ သောက်ရေသန့် လီတာ ၅ဝဝဝ၊ ရေသန့်ဆေးပြား တသောင်း၊ ရေသယ်ပုံး ၂ဝဝ၊ ထမ်းစင် ၁ဝ ခု၊ အဝတ်အစားပုံး ၃ဝ၊ တခုလျှင် အိမ်ထောင်စုသုံး ပစ္စည်း ၂၂ မျိုးပါဝင်သည့် မိသားစုသေတ္တာ ၃ဝ၊ ဆပ်ပြာချောင်း ၁ဝဝဝ၊ သားရေလက်အိတ် ၈ဝဝ နှင့် ခွဲစိတ်ခန်းသုံး မျက်နှာဖုံး ၁ဝဝဝ တို့ ပါဝင်သည် ဟု (IFRC) က ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

No comments: