Tuesday, May 13, 2008

မြန်မာဂျာနယ်များ ဆိုင်ကလုန်းသတင်း ကန့်သတ်မှုများ ကြုံနေရ

မဇ္ဈိမမှ ကူးယူဖော်ပြသည်။

နယူးဒေလီ။ ။ ကြောက်မက်ဘွယ် ဆိုင်ကလုံး မုန်တိုင်းကြီး ဝင်ရောက် တိုက်ခတ်သွားသည်ကို သတင်းရေးသား တင်ပြရာတွင် မြန်မာ စာနယ်ဇင်းသမားများအား မြန်မာ အာဏာပိုင်များက ကန့်သတ်မှုများ ပြုလုပ်နေသည်။ သို့သော် မြန်မာစာနယ်ဇင်းသမားများမှာ နိုင်ငံခြားသားများထက် ပြည်တွင်းတွင် ပိုမို လွတ်လပ်စွာ သွားလာ သတင်းယူခွင့် ရှိသည်။

မြန်မာ စာနယ်ဇင်းဆရာများသည် မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရသော ဒေသများသို့ လွတ်လပ်စွာ သွားလာခွင့် ရှိသော်လည်း မုန်တိုင်းဒဏ်မှ အသက်မသေ လွတ်မြောက်ခဲ့သူများ အကူအညီ လုံလောက်စွာ ရရှိခြင်းမရှိ ဆိုသော သတင်းများနှင့် အလောင်းများ၏ အသေးစိတ် အနီးကပ် ဓာတ်ပုံများကိုမူ ဖေါ်ပြခွင့်မပြုဟု သိရသည်။

"ဂျာနယ်တွေမှာ ရန်ကုန်နဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်က ဆိုက်ကလုံးမုန်တိုင်း ဝင်ပြီး ဖျက်ဆီးသွားတဲ့ ပုံတွေကို ဖော်ပြနေတယ်ဗျ။ ဒါပေမဲ့ မြစ်ဝကျွန်းပေါ်မှာ ဆိုင်ကလုံးဒဏ်ခံ ဒုက္ခသည်တွေ အကူအညီ လုံလုံလောက်လောက် မရဘူးဆိုတဲ့ သတင်းတွေ၊ အလောင်းတွေရဲ့ အနီးကပ် ဓာတ်ပုံတွေကိုတော့ ကျနော်တို့ဂျာနယ်တွေထဲမှာ ဖော်ပြလို့ မရဘူး" ဟု အမည်မဖော်လိုသူ အပတ်စဉ်ထုတ် ဂျာနယ်တစောင်၏ အယ်ဒီတာတဦးက ပြောသည်။

မြန်မာ ဂျာနယ်လစ်များကို အာဏာပိုင်များက အနီးကပ် စောင့်ကြည့်နေသဖြင့် အသက်မသေ ကျန်ရစ်သူများကို လူတွေ့ မေးမြန်းမှုများ ပြုလုပ်ရန်နှင့် မုန်တိုင်းမြင်ကွင်း ဓာတ်ပုံများ ရိုက်ကူး ရယူရန် အခက်အခဲများ ရှိနေသည်ဟု ဆိုသည်။ သူတို့အနေနှင့် အစိုးရ၏ မီဒီယာများတွင် ဖော်ပြနေသည့် တရားဝင် အသေအပျောက် စာရင်းကိုသာ ဖော်ပြခွင့် ရှိသည်ဟု ဆိုသည်။

"ခင်ဗျားမှာ ကင်မရာ ပါလာမယ်ဆိုရင် အာဏာပိုင်တွေက လာမေးတော့တာပဲ။ သူတို့ ထွက်သွားမှ ကျနော်တို့လည်း ဓာတ်ပုံ ရိုက်လို့ရတယ်" ဟုရန်ကုန်မြို့နှင့် မဝေးလှသည့် ကွမ်းခြံကုန်းနှင့် ကော့မှူးမြို့များသို့ သွားရောက်ပြီး တနင်္ဂနွေနေ့က ပြန်လာခဲ့သည့် အယ်ဒီတာတဦးက ပြောသည်။

"ရန်ကုန်မှာ မုန်တိုင်း ဝင်ဖျက်ဆီးသွားတဲ့ သာမန်ပုံတချို့ပဲ တွေ့ရသေးတယ်။ အပြင်ကလူတွေ ပြောနေတဲ့ မြစ်ဝကျွန်းပေါ်က အလောင်းတွေ ပုံတွေနဲ့ တကယ့် အခြေအနေ တွေကိုတော့ မမြင်ရသေးဘူး" ဟု အပတ်စဉ်ဂျာနယ်ဖတ် လူငယ် ပရိသတ်တဦးက ပြောသည်။

ဆိုင်ကလုံး မုန်တိုင်း တိုက်ခတ်သွားရာ၌ အထိအနာဆုံး ဒေသမှာ မြစ်ဝကျွန်းပေါ် အနောက်တောင်ဒေသ ဖြစ်ပြီး လူပေါင်း သောင်းနှင့်ချီသေ၍ အများအပြား ပျောက်ဆုံး နေသည်။

"ဂျာနယ်တွေမှာ အခုလောက်ပဲ သာမန် ဖော်ပြထားတဲ့ သတင်းတွေ ဖတ်ရတာ ကျေနပ်မှု မရှိပါဘူး" ဟု အဆိုပါ လူငယ် စာဖတ်ပရိသတ်က ပြောသည်။

သို့သော် လွန်ခဲ့သော ၅ နှစ်ကနှင့် စာလျှင် မြန်မာနိုင်ငံတွင် စာနယ်ဇင်း လွတ်လပ်ခွင့် ပိုမိုရရှိလာသည်ဟု အချို့သော ကျွမ်းကျင်သူများနှင့် လေ့လာသုံးသပ်သူများက ပြောဆိုသည်။ ထိုအချိန်က ဂျာနယ်လစ်များအနေနှင့် ယခုကဲ့သို့သော သဘာဝ ကပ်ဘေး အန္တရာယ်များနှင့် ရာဇဝတ် မှုခင်းများအကြောင်း လုံးဝ ဖော်ပြခွင့် မရခဲ့ကြပါ။

"အခုဂျာနယ်တွေမှာ ဆိုင်ကလုံးအကြောင်း သူတို့ ရေးချင်သလောက် ရေးလို့ ရနေတာပဲ။ အရင်က လုံးဝ ရေးခွင့် မရခဲ့တာနဲ့စာရင် အခုဟာက မဆိုးပါဘူး" ဟု အမည်မဖော်လိုသူ ဒေသခံ မဂ္ဂဇင်းတခု၏ အယ်ဒီတာတဦးက ပြောသည်။ "ဒါပေမဲ့ မြစ်ဝကျွန်းပေါ်ဒေသက ဒုက္ခသည်တွေရဲ့ အခြေအနေမှန် ကိုတော့ ရေးလို့ မရဘူး။ အဲဒီဒေသက ပုံတွေ အသေးစိတ်ကို ဖော်ပြလို့တော့ မရဘူး" ဟု သူက ဆက်ပြောသည်။

မုန်တိုင်း ချဉ်းကပ်လာနေသည်ကို ပြည်သူလူထုသို့ ပြည့်စုံ သေချာစွာ သတိပေးခြင်း မပြုလုပ်ခဲ့သည့်အတွက် ပြည်သူလူထုက အစိုးရကို အလွန်စိတ်ဆိုး ဒေါသထွက် ကြသည်ဟုလည်း ဆိုသည်။

"ဆိုင်ကလုံး ဖျက်လို့ ရွာတွေကတော့ ပျက်မှာပေါ့ဗျာ။ ဒါပေမဲ့ လူတွေတော့ အခုလို မသေသင့်ပါဘူး။ ဆိုင်ကလုံး မဝင်ခင် အစိုးရက လူတွေကို ဘေးလွတ်ရာ တခြားမြို့ရွာ တွေဆီ ရွှေ့ပေးထားနိုင်ရင် သူတို့ အသက်တွေကို ကယ်နိုင်မှာ" ဟု သူကပြောသည်။

No comments: