Tuesday, May 13, 2008

အင်္ဂလန်နှင့် အမေရိကန်နိုင်ငံသို့ "လူသားချင်းစာနာသည့် ကြားဝင်ဆောင်ရွက်မှု" တောင်းဆို

မဇ္ဈိမမှ ကူးယူဖော်ပြသည်။

စင်္ကာပူ။ ။ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များ မြန်မာပြည်အတွင်း ဝင်ရောက်ရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းများသို့ တောင်းဆိုထားသော လက်မှတ်များကို မြန်မာ့အရေး တက်ကြွသူများမှ စင်္ကာပူနိုင်ငံရှိ နိုင်ငံခြား သံရုံးများသို့ ယမန်နေ့မှ စတင်ပေးပို့လျှက် ရှိသည်။

အင်္ဂလန်နိုင်ငံ ဝန်ကြီးချုပ် Mr. Gordon Brown ထံသို့ ပေးပို့သော စာကို အင်္ဂလန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Mr. Paul Damian Madden မှ လက်ခံရယူ၍ အမေရိကန် သမ္မတ Mr. George W. Bush ထံသို့ ပေးပို့သော စာကို အမေရိကန်သံရုံးမှ ပထမအတွင်းဝန် Ike Reed (Economic/Political Counselor) တို့က လက်ခံရယူသည်။

လူသားချင်း စာနာသည့် ကြားဝင် ဆောင်ရွက်မှုအတွက် တောင်းဆိုသော စာနှင့်အတူ စင်္ကာပူနိုင်ငံရှိ မြန်မာများ ၂၀၀၀ ခန့်၏ လက်မှတ်များကို သက်ဆိုင်ရာ သံအမတ်ကြီးများသို့ လွှဲအပ်ပေးခဲ့သည်။

စာတွင် အဓိကအားဖြင့် - စစ်အစိုးရ၏ တာဝန် ပျက်ကွက်မှု၊ စစ်အစိုးရ၏ အများပြည်သူ အသက်အိုးအိမ် လုံခြုံမှုအပေါ် လူသားမဆန်စွာ လစ်လျူရှုမှုတို့အား အလေးပေး ဖေါ်ပြထားသည်ဟု သိရသည်။

ဒုက္ခသည် ရာပေါင်း ထောင်ပေါင်း များစွာအား ကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေး ကြန့်ကြာနေခြင်း များသည် သည်းမခံနိုင်လောက်အောင် ဖြစ်ရခြင်းကိုလည်း ဖော်ပြထားသည်။

"နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်သည် ဆိုသည့်အတိုင်း ကျွန်ုပ်တို့ မြန်မာပြည်သူများ၏ လုပ်ပိုင်ခွင့် အတိုင်းအတာအရ အောက်ပါ လက်မှတ် ထိုးထားသော မြန်မာပြည်သူများ အနေဖြင့် အပြည်ပြည်ဆိုင်ရာ လူမှု အထောက်အကူပြု လုပ်သားများနှင့် ကယ်ဆယ်ရေး အဖွဲ့များကို စစ်အစိုးရထံမှ ခွင့်ပြုချက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မြန်မာပြည်အတွင်းသို့ အမြန်ဆုံး ဝင်ရောက်ကြပါရန် တောင်းဆိုအပ်ပါသည်" ဟု ဖေါ်ပြထားသည်။

မြန်မာ့အရေး လှုပ်ရှားသူများ၏ စာကို လက်ခံပြီးနောက် အမေရိကန်နှင့် ဗြိတိသျှ သံအမတ်ကြီးတို့က အမေရိကန် သမတ အိမ်ဖြူတော်နှင့် အင်္ဂလန်ရှိ ၀န်ကြီးချုပ်ရုံးသို့ အမြန်ဆုံး ပေးပို့သွားမည်ဟု ပြောဆိုသည်ဟု သိရသည်။

မြန်မာ့အရေး တက်ကြွသူများသည် လာမည့်ရက်များတွင်လည်း စင်္ကာပူနိုင်ငံရှိ သက်ဆိုင်ရာ နိုင်ငံခြား သံရုံးများသို့ အလားတူ တိုက်တွန်းသော စာကို ဆက်လက် ပေးပို့သွားမည်ဟု သတင်းရရှိသည်။

No comments: