Tuesday, June 10, 2008

သေဆုံးသူများ၏ အလောင်းများ တလကျော်ကြာသည်ထိ သိမ်းဆည်းသူမရှိသေး (The Irrawaddy)

နာဂစ်မုန်တိုင်း ဖြစ်ပွားပြီး တလကျော်ကြာမြင့်သော်လည်း သေဆုံးသူများ၏ ရုပ်အလောင်းများကို တာဝန်ယူ မီးရှို့ခြင်း၊ မြေမြှုပ် သဂြိုဟ်ခြင်းပြုလုပ်ပေးမည့် အဖွဲ့အစည်းများ မရှိသေးဘဲ မြစ်ချောင်းများနှင့် အချို့သောကုန်းမြေများတွင် တွေ့မြင် နေရဆဲပင် ဖြစ်သည်ဟု ဘိုကလေး၊ ဒေးဒရဲနယ်များသို့ သွားရောက်ခဲ့သူများက ပြောပြသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်များက ဘိုကလေးမြို့မှ မြစ်ကြောင်းတလျှောက် စုန်ဆင်းပြီး ပင်လယ်ဝဘက်သို့ သွားခဲ့သူ များက “ဘိုကလေးမြစ်အတိုင်းဆင်းသွားရင် မိန်းမလှကျွန်း တောက်လျှောက်မှာ ကမ်းပေါ်မှာရော ရေစပ်မှာပါ အလောင်း တွေ ရာနဲ့ချီတင်ကျန်နေတာတွေ့ရသေးတယ်။ သစ်ပင်တွေ၊ အပျက်အစီးတွေကြားထဲမှာ ဘယ်လောက်ရှိမယ် မပြောတတ် ပေမယ့်၊ မြစ်ထဲကလှမ်းမြင်ရတဲ့ ကမ်းအစပ်နားမှာတောင်မှ ရာနဲ့ချီရှိနေသေးတယ်” ဟုပြောကြသည်။

ရေငန်ရောက်သည့် နေရာများ ဖြစ်သောကြောင့် အလောင်းများမှာ ပုပ်ခြင်းမရှိဘဲ အရေပြားများ ခြောက်သွေ့တင်းမာနေ သည်ကို ဖြတ်သန်းသွားသည့် လှေ၊ သင်္ဘောများ ပေါ်မှ ထင်ရှားစွာ တွေ့မြင်ရကြောင်း ၎င်းတို့က ဆက်လက်ပြောပြသည်။

ရန်ကုန်မြို့ရှိ ဓမ္မာစရိယ စာချ ဦးပဉ္ဇင်း တပါးကလည်း ကွယ်လွန်သူတို့နှင့် ပတ်သက်၍ “နာဂစ် မုန်တိုင်းဒဏ်ကြောင့် ဘဝ ပြောင်း ကွယ်လွန်သွားသူတွေအတွက် ရည်စူးပြီး ဗုဒ္ဓဘာသာ ထုံးတမ်း စဉ်လာ အရ သက်ပျောက်ဆွမ်းတို့၊ ရက်လည်ဆွမ်း တို့ စတဲ့ အလှူဒါနတွေ ကို သက်ဆိုင်ရာ အာဏာပိုင်တွေအပါအဝင် နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့မှာပါ ပြုလုပ်ပေးဖို့ တာဝန်ရှိပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သံဃာတော်တွေ သာသနာပြုနိုင်တာဟာ ဒီလို ဒကာ ဒကာမတွေရဲ့ ဆွမ်းကွမ်း ဝေရာဝစ္စတွေအပေါ် မှီတင်း ပြုရတာ ဖြစ်လို့ပါပဲ” ဟု မိန့်ကြားသည်။

ပြီးခဲ့သည့် သီတင်းအပတ်လယ်က ကွမ်းခြံကုန်းသို့ သွားရောက်ခဲ့သူ တဦးကလည်း ကွမ်းခြံကုန်း မြို့အထွက် သင်္ချိုင်းထဲတွင် နာဂစ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများကို မြုပ်နှံထားသည့် မြေပုံများအား ခွေးတကောင်က ဖေါ်နေသည့် မြင်ကွင်း တွေ့မြင်ခဲ့ရသည်ဟု ပြောသည်။

“အသက်ရှင်ကျန်ရစ်သူတွေရဲ့ နေရေး၊ စားရေးက ပထမဦးစားပေးဆိုတာ ငြင်းစရာမရှိပါဘူး။ ဒါပေမယ့် သေဆုံးသွားသူ တွေရဲ့ လူ့ဂုဏ်သိက္ခာ ဆိုတဲ့အချက်လည်း အလေးထားသင့်တယ်လို့ ကျနော်ထင်တယ်။ ဒါတွေကို မြင်ရတဲ့အခါ လူတွေ သေဆုံးပြီး လမ်းဘေးမှာ စွန့်ပစ်ထားသလိုပဲ ခံစားရတယ်။ သက်ဆိုင်ရာ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အန်ဂျီအိုတွေက ဦးစီးဦးဆောင်ပြီး လိုက်လံသိမ်းဆည်း သင်္ဂြိုဟ်သင့်တယ်လို့ ထင်ပါတယ်” ဟု ကယ်ဆယ်ရေး လုပ်အားပေး တဦးက ၎င်း၏အမြင်ကို ထုတ်ဖေါ်ပြောဆိုသည်။

မော်လမြိုင်ကျွန်းမြို့နယ် အတွင်းမှရွာများသို့ ကယ်ဆယ်ရေး အကူအညီပေးရန်သွားရောက်ခဲ့ သူတဦးကလည်း အဆိုပါမြို့ နယ်အတွင်းမှ ရွာအချို့တွင် လယ်ကွက်များထဲမှ အလောင်းများကို လယ်ပိုင်ရှင်လုပ်သူက အလောင်းတလောင်းလျင် တထောင်ကျပ်ပေးကာ လူငှားမြေမြှုပ်စေသည့် အဖြစ်အပျက်များ တွေ့ကြုံခဲ့ရသည်ဟု ပြောပြသည်။ လယ်ပိုင်ရှင်များက ၎င်းတို့၏လယ်ထဲတွင် ရုပ်အလောင်းများ ကျန်ရှိနေခြင်းကြောင့် လယ်ယာပြန်စိုက်ရန်နှင့် နေထိုင်ရန် စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်သည့်အတွက် လူငှား၍ဖယ်ရှားကာ မြေမြှုပ်ခိုင်းခြင်းမျိုးဖြစ်သည်ဟု သိရသည်။

၂၀၀၄ ခုနှစ် ဆူနာမီရေလှိုင်း ဝင်ရောက်စဉ်က လူပေါင်း ၂ သိန်း ၃ သောင်း နီးပါး သေဆုံးခဲ့ပြီး အင်ဒိုနီးရှား နိုင်ငံက အဆိုး ရွားဆုံးဖြစ်သည်။ ၎င်းနိုင်ငံတွင် အများစုဖြစ်သော အစ္စလာမ်ဘာသာဝင်တို့၏ ထုံးတမ်းစဉ်လာအရ နေ့ချင်းပြီး သင်္ဂြိုဟ်ခြင်း ကို ကယ်ဆယ်ရေးလုပ်သားများ၊ စစ်သားများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း လုပ်ဆောင်နိုင်ခဲ့ရာ သင်္ချိုင်းမြေနေရာမှာ ဘောလုံးကွင်းတကွင်းစာခန့် အရွယ်အစားပင် ရှိခဲ့ကြောင်း သိရသည်။

“ဆူနာမီ ဖြစ်တုန်းက ထိုင်းနိုင်ငံမှာ အလောင်းတွေကို လိုက်သိမ်းပြီး ဘယ်သူဘယ်ဝါဆိုတာ သိအောင် ကြိုးစားတယ်၊ ဒီအန်အေနည်းပညာနဲ့ စစ်ဆေးတယ်လို့ ဖတ်ရဖူးတယ်။ ကျနော်တို့ နိုင်ငံမှာလည်း အဲဒီလောက် မဟုတ်တောင်မှ လိုက်လံ သိမ်းဆည်းတာလောက်တော့ လုပ်သင့်တယ်လို့ ထင်ပါတယ်” ဟု ရန်ကုန်မြို့ခံတဦးကပြောသည်။
နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းတို့တွင် သေဆုံးသူပေါင်း ၁သိန်း ၃ သောင်း ၄ ထောင် ၀န်းကျင်ရှိလိမ့်မည် ဟု ကမ္ဘာ့ကုလသမဂ္ဂ ကခန့် မှန်းပြီး နအဖ အစိုးရကမူ သေဆုံးသူ ၇ သောင်း ၈ ထောင် နှင့် ပျောက်ဆုံးသူ ၅ သောင်း ၆ ထောင်ကျော်ရှိမည်ဟု ကြေညာခဲ့သည်။

No comments: