Tuesday, June 10, 2008

ဂျပန်ဆေးအဖွဲ့မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ (NEJ)

မုန်တိုင်းဘေးဒုက္ခသည်များအား ဆေးဝါးကုသပေးနေသည့် ဂျပန်ဆေးအဖွဲ့သည် လပွတ္တာ မြို့နယ်၌ (၉) ရက်ကြာ နေထိုင်ပြီး လူနာ (၁,၃၀၀) ကျော်တို့ကို ဆေးဝါးကုသပေးပြီးနောက် ဆေးခန်းနှင့် ဆေးပစ္စည်းကိရိယာများကို မြန်မာအစိုးရထံ လွှဲပြောင်းပေးအပ်၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည်ဖြစ်သည်။

ဒေါက်တာ Kaname Kanai ဦးဆောင်သည့် ဂျပန်ဆေးအဖွဲ့သည် မေ (၂၉) ရက်တွင် မြန်မာ နိုင်ငံသို့ ရောက်ရှိလာပြီး မေ (၃၁) ရက်၌ လပွတ္တာမြို့နယ်ရှိ လေဘေးဒုက္ခသည် (၁၂,၀၀၀)
ကို ကာကွယ်စောင့်ရှောက်ထားရာ ဒုက္ခသည်စခန်းများအနီး (၃) မိုင်စခန်းတွင် ယာယီဆေးခန်း ဖွင့်လှစ်ခဲ့ကာ ဆေးကုသပေးခဲ့သည်။

ဂျပန်ဆေးအဖွဲ့တွင် ဆရာဝန် (၄)ဦး၊ သူနာပြု (၇) ဦး၊ ဆေးစပ်သမား (၁) ဦးနှင့် စုစုပေါင်း (၂၃) ဦး ပါဝင်ပြီး (၃) မိုင်စခန်း၌ နေထိုင်စဉ် လူနာပေါင်း (၁,၃၁၀) တို့ကို တနေ့ (၁၇၀) ဦးထိ ကုသ ပေးခဲ့ကြောင်း သိရသည်။

၎င်းတို့အနေဖြင့် ဆေးခန်းပိတ်၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားသော်လည်း မြန်မာနိုင်ငံ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းအတော်များများ ဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း အထူးသဖြင့် ကလေးသူငယ်များအတွက်ဖြစ်ကြောင်း ဂျပန်ဆေးအဖွဲ့နှင့်နီးစပ်သည့် သံတမန် တဦးက ပြောသည်။

ဂျပန်ဆေးအဖွဲ့သည် ယမန်နေ့က ဆေးခန်းနှင့် ဆေးပစ္စည်းကိရိယာများကို မြန်မာအစိုးရထံ အခမ်းအနားဖြင့် လွှဲပေးခဲ့ပြီး ယနေ့ ရန်ကုန်သို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။ ၎င်းတို့သည့် မြန်မာနိုင်ငံသို့ ကာလတို အလည်အပတ်ဗီဇာဖြင့် လာရောက်ခြင်းဖြစ်ပြီး တနင်္လာနေ့အထိသာ ဗီဇာရရှိထားကြောင်း သိရသည်။

ဂျပန်ဆေးအဖွဲ့သည် ထိုင်း၊ အိန္ဒိယနိုင်ငံတို့မှ ဆေးအဖွဲ့များနှင့်အတူ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ သွားရောက်ခွင့်ရခဲ့သည့် အာရှနိုင်ငံများအနက် တခုဖြစ်သည်။

ဂျပန်နိုင်ငံသည် မြန်မာ့လေဘေးဒုက္ခသည်များအတွက် အမေရိကန် ဒေါ်လာ (၉၅၀,၀၀၀) တန်ဖိုးရှိ စောင်၊ ဖျာ၊ ရွက်ဖျင်တဲ၊ ရေတိုင်ကီ၊ မီးစက် စသည့်ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်း ခဲ့ပြီးဖြစ်သည်။

No comments: