Wednesday, June 11, 2008

ကိုဇာဂနာ မလွတ်သေး၊ အိမ်ပြင်တွင် ရဲများ စောင့်ကြည့်နေသေး (အင်တာဗျူး) (Mizzima)

မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် ကယ်ဆယ် ထောက်ပံ့ရေး လုပ်ငန်းများ တက်ကြွစွာ လုပ်ဆောင်နေသူ ဟာသသရုပ်ဆောင် ကိုဇာဂနာကို အာဏာပိုင်များက ဖမ်းဆီးသွားပြီးနောက် တနင်္လာနေ့က ပြန်လွှတ်ပေးခဲ့ပြီး နေအိမ် အကျယ်ချုပ် ချထားသည် ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သည်။

ယမန်နေ့ညက မဇ္ဈိမက ကိုဇာဂနာ၏ မိသားစုသို့ ဆက်သွယ်၍ မရခဲ့ဘဲ ယနေ့တွင် ကိုဇာဂနာ၏ ယောက္ခမဖြစ်သူ ဒေါ်ကြည်ကြည်စိုးကို မေးမြန်းခွင့် ရခဲ့သည်။ ကိုဇာဂနာ လွတ်မြောက်လာသည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် မည်သည့် နေရာတွင် ထားရှိသည် ဆိုခြင်းကိုပင် မိသားစုအနေနှင့် မသိရသေးပေ။ ဝိုင်းပီးက ဆက်သွယ် မေးမြန်းထားသည်။

မေး။ ကိုဇာဂနာ ပြန်လွတ်ပြီလို့ ကြားပါတယ်၊ ဟုတ်ပါသလားရှင်။

ဖြေ။ အဲဒါ လုပ်ကြံသတင်းတွေပါ။ ဘယ်မှာထားလို့ ဘာဖြစ်နေတယ် ဆိုတာတောင် မသိရဘူး။ ခေါ်သွားကတည်းက မသိရသေးတာ။ အမေရိကားက ဇာဂနာ့ မိန်းမက ည ၂ နာရီမှာတုန်းက ဖုန်းဆက်မေးတယ် အမေ့ကို။ ဝဘ်ဆိုဒ်တွေမှာ ဇာဂနာ ပြန်လွတ်တယ်၊ နေအိမ် အကျယ်ချုပ် ထားတယ် ပြောလို့တဲ့။ မလွတ်ရပါဘူး သမီးရယ်လို့ အမေက ပြန်ပြောလိုက်တယ်။ အခုတောင် အမေ မောင်သူရ အခန်းထဲမှာ မြေးမလေးရဲ့ ခွေးကလေးနဲ့ နေနေတာ။ မလွတ်ရပါဘူး။ ဘာသတင်းမှကို မကြားရတာပါ။ အမေ လိမ်မပြောဘူး။ မုဿဝါဒ မသုံးပါဘူး သမီးရယ်။

မေး။ ဘာကြောင့် ကိုဇာဂနာကို အခုလို ဖမ်းသွားတယ်လို့ ထင်ပါသလဲရှင့်။

ဖြေ။ အောက်တိုဘာလ ၂၈ ရက်နေ့ကတော့ ဇာဂနာကို အာဏာပိုင်တွေက မီဒီယာတွေနဲ့ စကားမပြောရဘူးလို့ ဝန်ခံဂတိ လက်မှတ် ထိုးခိုင်းခဲ့တယ်လေ။ အဲဒီနောက်ပိုင်း နာဂစ်မုန်တိုင်း ဖြစ်တော့ သူက ဒုက္ခသည်တွေကို လိုက်ကူညီနေတော့ မီဒီယာတွေနဲ့ စကားပြောဖြစ်ခဲ့ကြတယ်။ အဲဒါကြောင့် အခုလို ဖမ်းသွားတယ်လို့ ထင်တယ်။

မေး။ အိမ်အပြင်မှာ အခု အစောင့်တွေ ရှိလားရှင့်။

ဖြေ။ ရှိပါ့။ အများကြီးပဲ။ ဘယ်နှစ်ယောက်လည်းတော့ မသိဘူး။ ဘယ်ကတွေလည်း မသိပါဘူး။ မနေ့ကလည်း အရာရှိ နှစ်ယောက် လာသွားတယ်။ အနောက်ဘက် ခရိုင်ရဲစခန်းက ၃ ပွင့်တယောက်၊ နောက်တယောက် ကတော့ မောင်သူရကို အမြဲတမ်း စောင့်ကြည့်နေရတဲ့ ၂ ပွင့်နဲ့ အရာရှိလေး။

မေး။ သူတို့တွေကို မေးကြည့်သေးလားရှင့်၊ ဦးသူရ အကြောင်းကို။

ဖြေ။ မေးပါ့ သမီးရယ်။ သူတို့ မသိပါဘူး။ ကျနော်တို့က ဦးသူရကို စောင့်ကြည့်နေရ ပြီးတော့ သူတို့အရာရှိတွေ လက်ထဲကို ထည့်ပေးလိုက်ရတာပါ၊ ဘာမှ မသိပါဘူးလို့ ပြောတယ်။

သမီးအလတ် မငြိမ်းဆီကို အလုပ် မရှိတော့လို့၊ ဒုက္ခရောက်နေလို့ ကလေးလေးတယောက်ကို ခေါ်ထားပေးပါ ဆိုပြီး၊ လင်မယား ၂ ယောက်က ကောင်လေးက အလုပ်ပြုတ်တော့ လုပ်စရာ မရှိတော့လို့ပေါ့၊ ခေါ်လာပေးလို့ ရပါတယ်ဆိုပြီး လက်ခံထားလိုက်တာ။ ထမင်းလေး ကျွေးထားရတာ ကုသိုလ်တောင် ရတယ်ဆိုပြီး ခေါ်ထားတာ။ ၂၃ နှစ် အရွယ်ပေါ့။ မြေးနှစ်ယောက်နဲ့အတူ အောက်မှာ အိပ်တာ။ ရောက်တာတော့ သိပ်မကြာသေးဘူး။ မောင်သူရကို မဖမ်းခင် ၃ ရက်လောက်က ရောက်တာ။ မောင်သူရနဲ့အတူ လေဘေး ကယ်ဆယ်ရေးတွေ လိုက်ကူညီ တာပေါ့။

မောင်သူရကို လာခေါ်တဲ့နေ့က သူ အပြင်သွားတယ်။ ပြန်လာတော့ အိမ်နီးနားချင်းတွေက သူ့ကို ပြောတာပေါ့။ ဦးသူရကို လာဖမ်းတယ် ပြောကြတော့ သူက ပြန်ထွက်သွားတယ်လို့ အိမ်နီးချင်းတွေက ပြောတယ်။ သူ့ဘာသာ သူပြန်သွားတာ အမေတို့လည်း မသိဘူးလေ။ ကလေးက ကတုံးဆံပင်နဲ့မို့ အမေတို့က ကတုံးလို့ ခေါ်တာ။ သူ့နာမည်လည်း မသိပါဘူး။

မေး။ ဒီကြားထဲမှာ ရဲတွေ လာသေးလားရှင့်။

ဖြေ။ ၆ ရက်နေ့က ဒီကလေး ဘယ်မှာရှိလဲ လာမေးကြတယ်။ အမေက မသိဘူး၊ အဲဒီနေ့ ကတည်းက ပြန်မလာဘူး၊ သူဘယ်သူလဲ ဆိုတာလည်း မသိဘူး၊ သူ့မိဘတွေလည်း မသိဘူးလို့ ပြောလိုက်တယ်။ အမေက ပြောလိုက်ရင် သူတို့ အဲဒီ လင်မယားကို သွားမေးကြမှာ စိုးတာ။ သူတို့က လူရိုးလေးတွေပါ၊ မောင်သူရ လိုပါပဲ။ ရဲတွေက မနက် ၁၂ နာရီလောက်ကတည်းက တခန်းဝင်တခန်းထွက် ရှာတယ်။ အိပ်ခန်း ၃ ခန်းကို ရှာကြတာ။

အဲဒီကတုံးကို မတွေ့လို့ရှိရင် အလတ်မ မငြိမ်းကို ခေါ်သွားမယ်၊ ဒါမှမဟုတ်ရင် အငယ်မကို ခေါ်သွားမယ်တဲ့လေ။ အဲဒီတော့ အငယ်မက ကြောက်တတ်တယ်။ နှလုံးရောဂါလည်း ရှိတော့ ရှော့ရိုက်သွားတယ်။ အဲဒီတော့မှ ဒုရဲအုပ်မတယောက်၊ ဆာဂျင်မ တယောက်ရယ်နဲ့ ကျန်တာတွေကတော့ မောင်သူရကို ခေါ်တုန်းက သူတွေပါပဲ။ ည ၁ဝ နာရီလောက်မှ ပြန်ကြတယ်။

No comments: