Tuesday, June 10, 2008

မုန်တိုင်းသတင်းများ အကြီးအကျယ် ဖြတ်တောက် (NEJ)

မြန်မာပြည်တွင်း တင်သွင်းသည့် နိုင်ငံခြားထုတ် မဂ္ဂဇင်းများတွင် ပါဝင်သည့် နာဂစ်မုန်တိုင်းဆိုင်ရာ သတင်းနှင့် သတင်းဆောင်းပါးများကို စာပေ စိစစ်ရေးမှ ဖြတ်တောက် ဆုတ်ဖြဲပြီးမှ ဖြန့်ချိ ရောင်းချနေကြောင်း သိရသည်။

ပြည်တွင်းသို့ တရားဝင်လမ်းကြောင်းမှ တင်သွင်း သည့် Time, News Week, The Economist မဂ္ဂဇင်းနှင့် အခြားမဂ္ဂဇင်း၊ သတင်းစာများ၌
ပါဝင်သည့် နာဂစ်မုန်တိုင်းဆိုင်ရာ သတင်းနှင့် သတင်းဆောင်းပါးများကို ဖြတ်တောက် ဆုတ်ဖြဲခြင်းဖြစ်ကြောင်း အင်းဝစာအုပ်တိုက်မှ ပုံမှန်ဝယ်ယူ ဖတ်ရှုနေသူတဦးက ပြောသည်။

၎င်းက “နမူနာ ဆိုပါတော့ဗျာ။ မေလ (၁၀-၁၆) ရက်အတွက် ထုတ်တဲ့ အီကောနောမစ် မဂ္ဂဇင်း ဆိုရင် Myanmar's misery ခေါင်းစဉ် ဧရာဝတီ တိုင်းက ရေလွှမ်းနေတဲ့ ကျေးရွာမျက်နှာဖုံးနဲ့။ ဒါပေမယ့် အထဲမှာ မာတိကာ စာမျက်နှာတောင် မပါဘူး၊ ဆုတ်ထားတာ၊ စာမျက်နှာ (၁) ကနေ (၈) အထိ၊ စာမျက်နှာ (၁၀) ကနေ (၁၂) အထိ၊ စာမျက်နှာ (၃၄) ကနေ (၃၇) အထိ ဆုတ်ဖြဲထားတယ်။ စုစုပေါင်း (၁၅) မျက်နှာ ဆုတ်ဖြဲထားပြီး မြန်မာပြည်အကြောင်းဆို တစွန်းတစမှ မပါဘူး။ ကျနော်က (၃) လကို (၃၆,၀၀၀) ကျပ် ပေးပြီး ဖတ်ရတာ။ ဘယ်အဓိပ္ပာယ်ရှိတော့မလဲ။ အင်းဝတိုက်က ၀န်ထမ်းကို မေးတော့ စာပေစိစစ်ရေးကို တင်ပြရတယ်။ စာပေစိစစ်ရေးက ဆုတ်ဆိုတာတွေကို ဆုတ်ဖြဲပြီးမှ ဖြန့်ဝေပေးရတယ်လို့ ပြော တယ်” ဟု ဆိုသည်။

ထို့အပြင် စာပေစိစစ်ရေးက မေ(၂၆) ရက်ထုတ် တိုင်းမ်မဂ္ဂဇင်း စာမျက်နှာ (၂၃) မှ (၃၀) အထိ၊ ဇွန်(၂) ရက်ထုတ် တိုင်းမ်မဂ္ဂဇင်း စာမျက်နှာ (၃) မှ (၆) အထိ၊ (၈) မှ (၁၁) အထိ၊ မေ (၂၄-၃၀) ရက်ထုတ် အီကောနောမစ်မဂ္ဂဇင်း စာမျက်နှာ (၁၅) မှ (၂၁) အထိ၊ စာမျက်နှာ (၃၅) မှ (၃၈) အထိ ဆုတ်ဖြဲထားကြောင်း ၎င်းက ပြောသည်။

အခြား မဂ္ဂဇင်းနှင့် သတင်းစာများ၌လည်း မြန်မာနိုင်ငံနှင့် နာဂစ်မုန်တိုင်းအကြောင်း ဖော်ပြထား သမျှ အကုန်လုံး ဆုတ်ဖြဲပြီးမှ ဖြန့်ဝေ ရောင်းချနေကြောင်း သိရသည်။

နအဖစစ်အစိုးရက ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ရာ ဧရာဝတီတိုင်းကို သတင်းအမှောင်
ချထားပြီး နိုင်ငံခြားသား သတင်းထောက်များ ၀င်ရောက်ခွင့်ကိုလည်း လုံးဝပိတ်ပင်ထားသည်။ ထိုသို့ တင်းကြပ်မှုများ မပြုလုပ်ခင်က နိုင်ငံခြားသား သတင်းထောက်များ ဧရာဝတီတိုင်းအတွင်း လေဘေးဒဏ်သင့်သည့် ဒေသအချို့သို့ သွားရောက်ပြီး သတင်းယူနိုင်ခဲ့ကြသည်။

ယခုနောက်ပိုင်း ဧရာဝတီတိုင်းနှင့် ပတ်သက်၍ သတင်းယူခွင့် ပိတ်ပင်ထားရုံမက လေဘေးနှင့် ပတ်သက်ပြီး ရေးသားဖော်ပြသည့် နိုင်ငံခြားထုတ် သတင်းစာ၊ မဂ္ဂဇင်းများကိုလည်း ယခုကဲ့သို့ ဆုတ်ဖြဲပစ်ပြီးမှ ဖြန့်ဝေရောင်းချနေကြောင်းသိရသည်။

ရန်ကုန်မြို့ စာပေစိစစ်ရေးဌာန ညွှန်ကြားရေးမှူး အငြိမ်းစား ဗိုလ်မှူးတင့်ဆွေက လျှပ်တပြက် ဂျာနယ်နှင့် မြန်မာတိုင်းမ် ဂျာနယ်တို့တွင် ဖော်ပြသည့် ၎င်း၏ “ဧရာဝတီအတွက် မနက်ဖန်” ဆိုသည့် ဆောင်းပါးတွင် မြန်မာနိုင်ငံထဲ၌ တကယ်ဖြစ်ပျက်နေသည်များကို မျက်ကွယ်ပြုပြီး
ပြင်ပ ရေဒီယို၊ အင်တာနက်၊ ရုပ်သံနှင့် ပုံနှိပ်မီဒီယာ အသီးသီးက အမနာပ ပြောဆိုရေးသား ထုတ်လွှင့်နေမှုများသည် ၀မ်းနည်းစရာ စိတ်မကောင်းစရာ ဖြစ်ကြောင်း၊ အပျက်သဘော မေးခွန်းပေါင်းများစွာနှင့် မဟုတ်မဟတ် လုပ်ဇာတ်ခင်းနေကြကြောင်း ရေးသားခဲ့သည်။

ဇွန် (၆) ရက်ထုတ် စစ်အစိုးရပိုင် သတင်းစာများ၌လည်း မသမာသူများသည် ဧရာဝတီတိုင်း၊ လပွတ္တာနှင့် ဘိုကလေးဘက်တို့ သွားရောက်ပြီး လုပ်ဇာတ်ဆင် ဗီဒီယိုများ ရိုက်ကူးကာ ပြည်ပ သတင်းဌာနများသို့ ပေးပို့ ထုတ်လွှင့်လျက် ရှိနေကြောင်း စွပ်စွဲရေးသားဖော်ပြခဲ့သည်။

No comments: