Tuesday, June 10, 2008

ဂြိုဟ်တုစလောင်းများ ပြန်လည်တပ်ဆင် (NEJ)

မုန်တိုင်းကာလအတွင်း ပျက်စီးသွားသည့် ဂြိုဟ်တုစလောင်းများကို လူအများအပြားက ပြန်လည် တပ်ဆင် ကြည့်ရှုနေကြပြီဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ကျောက်တံတားမြို့နယ် (၃၇) လမ်းတွင် နေထိုင်သူတဦးက “ကျနော်တို့ တိုက်ခေါင်မိုးက ဂြိုဟ်တု စလောင်းတွေ အားလုံး ပျက်စီးသွားတယ်။ မီးမလာတာရယ်၊ ရေ အခက်အခဲရှိတာရယ်၊ ပျက်စီး သွားတဲ့ အိမ်တွေကို ပြင်ဆင်နေရတာရယ်ကြောင့် ဘယ်သူမှ စလောင်းပြင်ဖို့ စိတ်မကူးကြဘူး။
ခု ဂြိုဟ်တုစလောင်း အလုအယက် ပြန်ထောင်လာကြတယ်။ ကျနော်လည်း ထောင်ပြီးသွားပြီ” ဟု ပြောသည်။

မေ (၃) ရက် လေမုန်တိုင်းကြောင့် ရန်ကုန်မြို့ တိုက်ခေါင်မိုးများပေါ်မှ ဂြိုဟ်တုစလောင်း အားလုံး နီးပါး ပျက်စီးသွားကြောင်း၊ အများစုမှာ စလောင်း အရွက်သာပျက်စီးပြီး အချို့မှာမူ မော်တာတံနှင့် LNB ထိပ်ဖူးများပါ ပျောက်ဆုံးသွားကြကြောင်း၊ အိမ်တိုင်း၌ ဖမ်းစက်များ အကောင်းပကတိ ကျန်ရှိ သောကြောင့် နောက်ပိုင်း ပြန်လည်တပ်ဆင်လိုသူများသည် ပျက်စီးသွားသည့် စလောင်းအရွက် များကိုသာ ၀ယ်ယူကြကြောင်း သိရသည်။

ယခုကဲ့သို့ ၀ယ်ယူမှုကြောင့် မန္တလေးလုပ် (၈) ပေ စလောင်းအရွက်တစုံ၏ ဈေးနှုန်းသည် မုန်တိုင်း မတိုက်မီက ကျပ်ငွေ (၆) သောင်းခွဲ (၇) သောင်း ရှိရာမှ မေလ ဒုတိယအပတ်၌ ကျပ် (၁၂၀,၀၀၀) အထိ မြင့်တက်သွားပြီး နောက်ပိုင်း လိုအပ်ချက်အရ မန္တလေးမြို့က အလျင်အမြန် ထုတ်လုပ်သည့် အတွက် ကျပ် (၉၀,၀၀၀) အထိ ကျဆင်းသွားကြောင်း သိရသည်။

ဂြိုဟ်တုစလောင်း တပ်ဆင်သည့် အလုပ်အဖွဲ့များမှာ မနားရဘဲ ယခင်က တပ်ဆင်ခ ကျပ် (၁) သောင်းခွဲခန့် ရှိရာမှ နောက်ပိုင်း ကျပ် (၃) သောင်းအထိ မြင့်တက်လာသည်ဟု မြို့ခံများက ပြောသည်။

အဆိုပါ (၈) ပေ ဂြိုဟ်တုစလောင်းများသည် နိုင်ငံတကာ ရုပ်သံလိုင်းများ၊ ဒီဗွီဘီ နော်ဝေ မြန်မာ ဘာသာ ရုပ်သံလိုင်းများကို ကြည့်ရှုနိုင်ရုံမက ဘီဘီစီ၊ ဗွီအိုအေ၊ အာအက်ဖ်အေ၊ ဒီဗွီဘီ စသည့် ရေဒီယိုလိုင်းများကိုလည်း ဖမ်းယူနားဆင်နိုင်သည်။

ရန်ကုန်တွင် စလောင်းလာဝယ်သော ဒလမှ ကိုမောင်မောင်က “ ကျနော်တို့စလောင်းက မုန်တိုင်းနဲ့ ပါသွားတာ။ အခု ဥရောပဖလား ဘောလုံးပွဲ ယူရို ၂၀၀၈ အတွက် စလောင်းလာဝယ်တာ။ ဒီမှာက ဘောလုံးပွဲကြိုက်တဲ့ ယောက်ျားတွေချည်းပဲ။ ဒီတော့ လက်ဖက်ရည်ဆိုင်မှာ တွဲဖက်ပြီး ဘောလုံးပွဲ ပြထားတော့ ငွေကြေးလတ်တလော အဆင်ပြေတာပေါ့” ဟု ပြောသည်။

မုန်တိုင်းအပြီး စလောင်းဝယ်ယူတပ်ဆင်မှုများ ရှိလာသော်လည်း ရန်ကုန်တိုင်း အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (တယက) မှ စလောင်းအရောင်းဆိုင်များအား တားမြစ်ထားသည်ဟု လည်း သိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလဆန်းပိုင်းကလည်း ဂြိုဟ်တုစလောင်း ရုပ်သံဖမ်းယူကြည့်ရှုခွင့် လိုင်စင် ကြေးကို နအဖ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကြိုတင်အသိမပေးဘဲ တနှစ်လျှင် ကျပ် (၆) ထောင်မှ ကျပ် (၁၀) သိန်းအထိ တိုးမြှင့်ခဲ့သည်။

No comments: