Wednesday, June 11, 2008

ရန်ကုန်ရှိ အန်ဂျီအိုများထံ အထောက်အပံ့ရရန် ကြိုးစားသူများ ဖမ်းဆီးခံရ (Mizzima)

ရန်ကုန်။ ။ နာဂစ်မုန်တိုင်းဒဏ် ခံရ၍ အရေးပေါ် အကူအညီ လိုနေသူ လူတစုက ရန်ကုန်ရှိ နိုင်ငံတကာ အဖွဲ့အစည်းများထံ အကူအညီ တောင်းခံရန် ကြိုးစားရာ ရဲက ဖမ်းဆီး ထိန်းသိမ်းလိုက်မှု ယနေ့ နံနက်က ဖြစ်ပွားခဲ့သည်။

တောင်ဒဂုံမြို့နယ်မှ အနည်းဆုံး လူ ၃ဝ ကျော် ပါဝင်သော လူတစုက ဒိုင်နာကားတစီးဖြင့် အင်္ဂါနေ့နံနက် ၁ဝးဝဝ နာရီ အချိန်မှစ၍ ကုလသမဂ္ဂ ရုံးများသို့ သွားရောက် အကူအညီ တောင်းရန် ကြိုးစားစဉ် ရဲက ထိန်းသိမ်းလိုက်ခြင်းဖြစ်သည် ဟု မျက်မြင် သက်သေများက ပြောသည်။

အဖမ်းခံရသူများတွင် ကလေးများလည်း ပါဝင်သည် သိရသည်။

တောင်ဒဂုံ ၁ ရပ်ကွက်၊ ၂ ရပ်ကွက်၊ ၃ ရပ်ကွက်၊ ၇ ရပ်ကွက် နှင့် ၈ ရပ်ကွက်များတွင် စုစုပေါင်း လူ ၅ဝဝ ခန့်သည် လယ်ကွင်းများတွင် တဲထိုးနေကြရသည်။ ထိုသူများအနက်မှ အစိုးရ၏ ကူညီ ထောက်ပံ့မှု နည်းပါး လွန်းသည်ဟု မခံမရပ်နိုင် ဖြစ်ကာ တိုက်ရိုက် တောင်းခံရန် ကြိုးစားကြခြင်း ဖြစ်သည်ဟု အဖမ်းမခံရမီ ဒုက္ခသည် များက ပြောကြသည်ဟု ဓာတ်ပုံ မှတ်တမ်း တင်လိုက်နိုင် သူ မျက်မြင်သက်သေ တဦးက ပြောသည်။

“သူတို့အိမ်ရာ ထူထောင်ဖို့ရာ အတွက်က ကယ်ဆယ်ရေး ပစ္စည်းတွေဟာ ပြန်လည် တည်ဆောက်ဖို့ရာ မရောက်လာတဲ့အတွက် မိုးထဲ ရေထဲမှာ သူတို့ ဖြစ်သလို နေထိုင်နေကြရတဲ့ အခက်အခဲတွေ သူတို့မှာ ရှိတယ်လို့ ပြောတယ်” ဟု သူက မဇ္ဈိမသို့ ပြန်လည် ပြောပြသည်။

ဒုက္ခသည်များသည် မိမိတို့ နေရပ်များမှ ဘတ်စ်ကားများဖြင့် အသီးသီးဖြင့် စုရပ်တခုသို့ ရောက်ရှိလာပြီးမှ ဒိုင်နာကားတစီးတွင် အတူစီးကာ မြို့လယ်သို့ ဝင်ရောက်လာခြင်း ဖြစ်သည်။

သွားရောက်တောင်းခံသည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပတ်သက်၍ အမည်နာမပင် ဆန္ဒပြသူများ ကိုယ်တိုင် ရှင်းလင်းကွဲပြားဟန် မရှိသော်လည်း အကူအညီ ပေးနိုင်လိမ့်မည်ဟု ယုံကြည် နေကြသည်ဟု ရန်ကုန်ရှိ မဇ္ဈိမ အထောက်တော် တဦးက ပြောသည်။

No comments: