Tuesday, June 10, 2008

နိုင်ငံတကာအကူအညီ ကုမ္ပဏီများ အမြတ်ထုတ် (NEJ)


မြန်မာနိုင်ငံ နာဂစ်လေဘေးအတွက် နိုင်ငံတကာက ပေးသည့် အကူအညီပစ္စည်းများကို ၎င်းတို့ ပေးသကဲ့သို့ ပြည်သူများ ထင်ယောင်ထင်မှားဖြစ်အောင် ကုမ္ပဏီအချို့က အမြတ်ထုတ်နေကြောင်း ဧရာဝတီတိုင်းဘက်သို့ သွားရောက်အကူအညီပေးနေသည့် ပုဂ္ဂလိက အလှူရှင်များက ပြောသည်။

ပုဂ္ဂလိက အကူအညီပေးသူတဦးက “ကျနော်တို့အဖွဲ့တွေ ဘိုကလေးမြို့ကနေ စက်လှေတွေနဲ့ တဆင့် ထပ်သွားရတဲ့ ကဒုံကနိ၊ ကွင်းပုန်းကျေးရွာ စတဲ့ ရွာတွေကို ရောက်တယ်။ အဲဒီမှာ အင်္ဂလန်နိုင်ငံ Rotary Club က လှူထားတဲ့ Shelter Box နဲ့ ရွက်ဖျင်တဲတွေ တွေ့ရတယ်။ အဲဒီ ရွက်ဖျင်တဲ အားလုံးအပေါ်မှာ H ဆိုတဲ့ ထူးထရေးဒင်း ကုမ္ပဏီအမှတ်တံဆိပ်တွေ ကပ်ထားတယ်။ မသိရင် ဒါတွေဟာ ထူးကုမ္ပဏီက လှူတာတွေလို့ ပြည်သူတွေ ထင်သွားမယ်” ဟု ပြောသည်။

အလားတူ ဘိုကလေးမြို့နယ်အတွင်း ရောက်ရှိခဲ့သူတဦးက German Federal Agency မှ လှူဒါန်း ထားသည့် Mobile Purify ရေသန့်စက်ကို မြင်တွေ့ခဲ့ရကြောင်း၊ အဆိုပါ ရေသန့်စက်များ၊ ရေစစ် ကန်များ အပေါ်၌လည်း H လိုဂိုနှင့် ထူးထရေးဒင်းကုမ္ပဏီ အမှတ်အသားကို မြင်တွေ့ရကြောင်း၊ ရေသန့်စက် ကိုင်တွယ်သူသည်လည်း ထူးထရေးဒင်းက ၀န်ထမ်းဖြစ်နေကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် အဆိုပါရေသန့်စက် လှူဒါန်းသူသည် ထူးထရေးဒင်းကဟု ထင်မြင်ယူဆ သွားနိုင်ကြောင်း ပြောသည်။

နိုင်ငံတကာက ပေးအပ်သည့် အကူအညီများတွင် ပစ္စည်းများနှင့် လေဘေးသင့်ဒေသသို့ သွားရောက်ကူညီမည့် ကျွမ်းကျင်ဝန်ထမ်းများ ပါဝင်သော်လည်း စစ်အစိုးရက ပစ္စည်းကိုသာ လက်ခံပြီး နိုင်ငံခြားသား ကျွမ်းကျင်သူများကို လေဘေးသင့်ဒေသသို့ သွားခွင့်မပြုသည့်အတွက် ရန်ကုန်၌ပင် လွှဲပြောင်းပေးရသည်။

ထိုသို့လွှဲပြောင်း ပေးသည်ကို စစ်အစိုးရနှင့် နီးစပ်သည့် လေဘေးသင့်ဒေသများတွင် ပြန်လည်
တည်ဆောက်ရေး ကန်ထရိုက်လုပ်ငန်းများ လုပ်ဆောင်ခွင့်ရထားသော ဧရာရွှေဝါ၊ ထူးထရေးဒင်း၊ ရွှေသံလွင်၊ တက်လမ်း၊ အာရုံဦး စသည့် ကုမ္ပဏီများက လွှဲပြောင်းရယူခဲ့ကြသည့်အတွက် ယခုကဲ့သို့ ၎င်းတို့ လှူဒါန်းသကဲ့သို့ အမြတ်ထုတ်နိုင်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့မှ ပုဂ္ဂလိက လေဘေး ကယ်ဆယ်ကူညီရေး ဆောင်ရွက်နေသူတဦးက ပြောသည်။

မြန်မာစစ်အစိုးရ၏ မေ (၁၈) ရက်ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ (၂) တွင် အင်္ဂလန်နိုင်ငံ Rotary Club က လှူဒါန်းထားသည့် Shelter Box များ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည်ကို “ဧရာရွှေဝါ၊ ထူး၊ ရွှေသံလွင်နှင့် အက်စ်ပီအေ ကုမ္ပဏီတို့၏ ဗြိတိန်နိုင်ငံမှ ၀ယ်ယူထားသော ထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိ” ဆိုသည့် ခေါင်းစဉ်တပ်ပြီး Shelter Box အလုံး (၁,၀၅၀)၊ စုစုပေါင်း (၅၅) တန် ရောက်ရှိကြောင်း ရေးသားဖော်ပြခဲ့ကြောင်း အဆိုပါ လေဘေးကူညီ ဆောင်ရွက်သူက ပြောသည်။

ယင်းမတိုင်ခင်ကလည်း နိုင်ငံတကာမှ အလှူပစ္စည်းများကို နအဖ ဗိုလ်ချုပ်ကြီးများ နာမည်စာတန်း ရေးထိုးခဲ့သဖြင့် မီဒီယာများက ထုတ်ဖော်ရေးသားခဲ့သည်။

No comments: