Tuesday, May 6, 2008

တပူပေါ် နှစ်ပူဆင့် စစ်အစိုးရက ဆန္ဒခံယူပွဲအတွက် အတင်းအကြပ် ပြင်ဆင်ခိုင်း

ယနေ့ကြေညာသည့် မြန်မာ့ရုပ်မြင်သံကြားသတင်းအရ မုန်တိုင်းကြောင့် ဆိုးရွားစွာထိခိုက်သော မြို့နယ် ၄၇ မြို့နယ်ကို ဆန္ဒခံယူပွဲကျင်းပရန် မေလ ၂၄ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက် သော်လည်း ကျန်သည့် မြို့နယ် အသီးသီးမှာ မူလကြေညာ ထားသည့်အတိုင်း မေလ ၁၀ ရက်နေ့တွင် ကျင်းပသွားမည်ဟု သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်တွင် ယနေ့နံနက်က ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင်ဦးစီး၍ မြို့နယ်အတွင်းရှိ ကျောင်းအုပ် ဆရာ ဆရာမကြီးများကို ဆင့်ခေါ်ကာ မဲရုံဆောက်လုပ်ရေး အစည်းအဝေးတရပ် ကျင်းပခဲ့ ကြောင်း အစည်းအဝေး ကိုယ်တိုင်တက်ခဲ့ရသည့် ကျောင်းအုပ်ဆရာမ တဦးထံမှ ကြားသိရသည်။

မေလ ၂ ရက်နေ့က စတင်တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် သန်လျင်မြို့နယ် အတွင်းရှိ အထက်တန်းကျောင်းများ၊ အလယ်တန်းကျောင်းများနှင့် မူလတန်းကျောင်းများ အားလုံးလိုလို ပျက်စီးခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင် အစည်း အဝေးခေါ်သည့် သတင်းကြောင့် ကျောင်းအုပ်ကြီးများက ပျက်စီးယိုယွင်းမှုများ ပြင်ဆင်ရန်ဟုသာ ထင်ခဲ့သည်ဟု ဆိုသည်။

“ကျောင်းတွေအားလုံးပြိုတာပြို၊ ပျက်တာပျက်နဲ့၊ ညွှန်ချုပ်ကိုယ်တိုင် ဆင်းလာတာဆိုတော့ အားလုံးက ပြင်ဆင်ဖို့ရယ် အားပေးဖို့ရယ် လာတာလို့ ထင်တာ။ သူက ပြင်ဆင်ဖို့ကိစ္စ လုံးဝမပြောဘဲ မဲရုံမဖြစ်မနေ ဆောက်ရမယ်လို့ပဲ အမိန့်ပေးသွား တယ်” ဟု ၎င်းက ဆက်ပြောသည်။

ကျောင်းအုပ်ကြီးများက ကျောင်းအပျက်အစီးများနှင့် ပတ်သက်၍ တင်ပြရာတွင် ၎င်းညွှန်ကြားရေးမှူးချုပ်က အပြောမခံဘဲ မပျက်စီးဘဲကျန်ခဲ့သည့် နေရာတွင် မဖြစ်ဖြစ်အောင် မဲရုံများကို ဆောက်လုပ်ရမည်ဟု ပြောသွားကြောင်း သိရသည်။

“မြို့နယ်တမြို့နယ်အတွက် သိန်း ၅၀ လောက်ပဲချပေးပြီး ပြင်မယ်ဆိုရင်တောင် မြန်မာတပြည်လုံး ရောင်းပြီးပြင်ဦး ပြင်လို့ ပြီးမှာ မဟုတ်ဘူး၊ အဲဒါတွေ လာပြောမနေနဲ့။ မဲရုံဆောက်ဖို့ပဲလုပ်ကြ။ ဒါနိုင်ငံတော်အမိန့်ပဲ” ဟု ထိုညွှန်ချုပ်က အမိန့်ပေး သွားကြောင်း ကျောင်းအုပ်ကြီးကပြောပြသည်။

ဆက်လက်၍ ၎င်းညွှန်ကြားရေးမှူးချုပ်က အပျက်အစီး၊ အမှိုက်သရိုက်များကို လက်ထောက် ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ ကိုယ်တိုင် ရှင်းလင်း၍ မဲရုံဆောက်ရန် ပြင်ဆင်ရမည်ဟု ပြောသွားသည်။

“သွပ်သံတချောင်းကို ၂၅၀ ကျပ်ဖြစ်နေတဲ့အချိန်။ ကျောင်းဖွင့်ရင် ကျောင်းသားတွေနဲ့ ဘယ်လိုစာသင်ရမလဲမသိတဲ့အချိန်မှာ သူက မဲရုံကိစ္စလာပြောတယ်ဆိုတော့ ကျမတို့ အားလုံး စိတ်မကောင်းကြဘူး။ စိတ်လည်းဆိုးတယ်။ ဒါပေမယ့် ဘာမှမတတ် နိုင်ဘူး” ဟု ထိုကျောင်းအုပ်ကြီးကပြောသည်။

သန်လျင်မြို့နယ်တွင် မုန်တိုင်းဒဏ်ကြောင့် ကျောင်းများနှင့် မြို့နယ်စည်ပင်သာယာရုံးကြီး အပါအဝင် အိမ်ခြေ ၈၀ ရာခိုင် နှုန်းခန့် ပျက်စီးခဲ့ရပြီး လျှပ်စစ်မီးတိုင်များ၊ ဖုန်းတိုင်များ အားလုံးပြိုပျက်ခဲ့ကာ အနည်းဆုံး လူ ၅ ဦးခန့် သေဆုံးခဲ့ကြောင်း မြို့ခံတဦး၏ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် မြို့နယ်အတွင်း ယမန်နေ့ကအထိ ဆန်ကြမ်းတအိတ်လျင် ကျပ် ၂၉၀၀၀ နှုန်း၊ ဆီတပိဿာ ကျပ် ၅၀၀၀၊ ဆား အစိတ်သား တထုပ်လျင် ကျပ် ၁၀၀၀၊ ကြက်ဥတလုံးလျင် ၅၀၀ ကျပ်နှင့် ဂေါ်ဖီထုပ်တထုပ်လျင် ကျပ် ၁၀၀၀ နှုန်းဖြင့် ဝယ်ယူ ရရှိနေသော်လည်း ဆန်ဆိုင်များက အိတ်လိုက် အများအပြား ဝယ်ယူသူများကို ရောင်းချခြင်း မရှိတော့ကြောင်း ယနေ့ကြားသိရသည်။

ဓာတ်ဆီ၊ ဒီဇယ်ဆီ ၁ ဂါလန်လျင် ကျပ် ၁၅၀၀၀၊ သွပ်သံ တပိဿာလျင် ကျပ် ၄၀၀၀၀ ခန့်ပေးဝယ်နေရသည်။ ရန်ကုန်သို့ လိုင်းကားအနည်းငယ်သာ ပြေးနေပြီး မဖြစ်မနေသွားရန်ရှိသူများမှာ ကြားကားများကို ဈေးကြီးပေးစီးကာ သွားနေရကြောင်း မြို့ခံတဦးကပြောသည်။

“၄ ရက်၊ ၅ ရက်နေ့တွေက ကားခ ကျပ် ၁၅၀၀၊ ၂၀၀၀ ပေးရတယ်။ ဒီနေ့တော့ ၅၀၀ ဖြစ်သွားပြီ။ ချောင်ချောင်စီးချင်ရင် ၁၀၀၀” ဟု ၎င်းကဆက်ပြောသည်။

လမ်းများကို အားလုံး ကိုယ်ထူကိုယ်ထ ရှင်းလင်းနေရပြီး သစ်ပင်တပင် ရှင်းရန် ကျပ် ၁၅၀၀၀၀ ပေးရကြောင်း ကြားသိရ သည်။ သန်လျင်မြို့နယ်တွင် အောင်ချမ်းသာ မြို့သစ်နှင့် ဗိုလ်ချုပ်ကျေးရွာတို့မှာ အခြေအနေ အဆိုးရွားဆုံးဖြစ်ပြီး လေဘေး ဒဏ်ကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်နေသူများကို ဘုန်းတော်ကြီး ကျောင်းများ၊ တတ်နိုင်သည့် ဆွေမျိုး မိတ်ဆွေအိမ်များက စောင့်ရှောက်ထားကြောင်း သိရသည်။

“လူတွေအားလုံးက ဒေါသထွက်နေကြတယ်။ ကယ်ဆယ်ရေးအစီအစဉ် ဘာမှမရှိဘူး ကိုယ်ထူ ကိုယ်ထပဲ အားလုံးလုပ်နေ ရတယ်။ နောက်တရက်နှစ်ရက်ဆို မလွယ်ဘူး” ဟု ၎င်းမြို့ခံကပြောပြသည်။
သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ရေတပ်သင်္ဘောငယ်တစင်း နစ်မြုပ်သွားခဲ့ပြီး ၎င်းသင်္ဘောတွင် တာဝန်ကျ နေသော ရေတပ် တပ်သားငယ် ၁၅ ဦး သေဆုံးသွားကာ မြန်မာ၊ အပြည်ပြည်ဆိုင်ရာ သီလဝါ ဆိပ်ကမ်း (MITT) ပိုင် ကရိန်း ၂ စင်း နစ်မြုပ် ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။ သန်လျင် ရေနံချက်စက်ရုံ လည်ပတ်မှုကိုလည်း ယနေ့ထိ ရပ်နား ထားကြောင်း ကြားသိရသည်။
(Source-http://www.irrawaddy.org/bur/news2008/May/may_06a_08.html)

No comments: