Thursday, May 8, 2008

ဆန္ဒခံယူပွဲ ကျင်းပမည့်ရက် တနိုင်ငံလုံး၌ ရွှေ့ဆိုင်းရန် အန်အယ်လ်ဒီတောင်းဆို

ခေတ်ပြိုင်မှ ကူးယူဖော်ပြသည်။

ဆန္ဒခံယူပွဲ ကျင်းပမည့်ရက်ကို တပြည်လုံး အတိုင်းအတာဖြင့် ရွှေ့ဆိုင်းရန်နှင့် မုန်တိုင်းဘေး ကယ်ဆယ်ရေးလုပ်ငန်းကို စစ်အစိုးရက အာရုံမစိုက်ဘဲ ဆန္ဒခံယူပွဲကိုသာ အာရုံစိုက်နေမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ယနေ့ ကြေညာ သည်။

မုန်တိုင်းဒဏ် ခံရပြီးနောက် ဖွဲ့စည်းပုံ အတည်ပြုရေး ဆန္ဒခံယူပွဲကို ရန်ကုန်နှင့် ဧရာဝတီတိုင်း (၄၇) မြို့နယ်တို့၌သာ (၂) ပတ် နောက်ကျ၍ ကျင်းပမည်ဖြစ်ပြီး ကျန်တနိုင်ငံလုံး၌ မေလ (၁၀) ရက်တွင် စီစဉ်ထားသည့်အတိုင်း ကျင်းပမည်ဟု စစ်အစိုးရက ကြေညာခဲ့သည့်အပေါ် အန်အယ်လ် ဒီက တုံ့ပြန်ကြေညာခြင်းဖြစ်သည်။

“အာဏာပိုင်တို့က မုန်တိုင်းဘေးဒဏ်ကြောင့် ပြည်သူလူထု အများစု မဲမပေးနိုင် ဖြစ်နေသည့် အခွင့်အလမ်းကို အကြောင်းပြုပြီး နိုင်ငံရေး အမြတ်ထုတ်ခြင်း ဖြစ်ပါသည်။ ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲကို ယခုကဲ့သို့ နေရာခွဲ၍ မရွှေ့ဆိုင်းသင့်ဘဲ တပြည်လုံးရွှေ့ဆိုင်းသင့်ပါသည်။ ပြည်သူ လူထုအများစု ယခုလို ဒုက္ခသုက္ခ ရောက်နေချိန်တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပခြင်းသည် ကာလဒေသ အခြေအနေများနှင့် လုံးဝကိုက်ညီခြင်း မရှိပါ” ဟု ကြေညာချက်၌ ပါရှိသည်။

မုန်တိုင်းဒဏ်ကြောင့် ပြည်သူများ သိန်းဂဏန်းနှင့်ချီ၍ သေဆုံးခဲ့ရပြီး စည်းစိမ်ဥစ္စာများ အဆမတန် ဆုံးရှုံးခဲ့ရသဖြင့် တနိုင်ငံလုံးရှိ ပြည်သူလူထုမှာ ပူပင်သောကများ ရောက်နေကာ မဲပေးချင်သည့် စိတ်ဆန္ဒ လုံးဝမရှိကြကြောင်းနှင့် ထိုအခြေအနေကို အခွင့်ကောင်းယူ၍ စစ်အစိုးနှင့် ၎င်းတို့၏ ကျောထောက်နောက်ခံပြုထားသည့် အဖွဲ့အစည်းများ က ထောက်ခံမဲများ ရရှိအောင် ကြိုးပမ်း နေသည်ဟုလည်း အန်အယ်လ်ဒီက စွပ်စွဲထားသည်။

ထို့အပြင် ပြည်သူလူထု လိုအပ်နေသည့် နိုင်ငံတကာ အကူအညီများကို အမြန်ဆုံး လက်ခံခြင်း မရှိဘဲ ဆန္ဒခံယူပွဲကို ဦးစားပေး ကြိုးပမ်းနေမှုကို လေးလေးနက်နက် ပြစ်တင်ဝေဖန်လိုက်ကြောင်း နှင့် ဆန္ဒခံယူပွဲကို ပွင့်လင်းရာသီ၌သာ တပြည်လုံး အတိုင်းအတာဖြင့် တပြိုင်နက်တည်း ကျင်းပရန် အန်အယ်လ်ဒီ ကြေညာချက်၌ ပါရှိသည်။

No comments: