Wednesday, May 7, 2008

စစ်အစိုးရသည် လေဘေးထက် ဆန္ဒခံယူပွဲကို ဦးစားပေးနေဟု အဖွဲ့ချုပ်က ဝေဖန်

မဇ္ဈိမမှ ကူးယူဖော်ပြပါသည်။

နယူးဒေလီ။ ။ မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များ ကယ်ဆယ်ရေး လုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်ရမည့်အစား ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကိုသာ စစ်အစိုးရက အာရုံစိုက်နေသည်ဟု ဆိုကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဝေဖန်လိုက်သည်။

ဒုက္ခသည် ကယ်ဆယ်ရေး၊ အိုးအိမ်တိုက်တာ အပျက်အစီးများ ပြင်ဆင်ခြင်းကို ထိရောက်စွာ လုပ်ဆောင်သင့်သည်။ အပျက်အစီးများအတွက် အချိန်ယူ ထူထောင်ရေး လုပ်ရမည် ဖြစ်သဖြင့် ဆန္ဒခံယူပွဲများကို ရက်သတ္တပတ် နှစ်ပတ်သာ ရွှေ့ဆိုင်းခြင်းမှာ မလုံလောက်ဟု ပြောသည်။

“အခုဖြစ်သွားတာကလည်း လူဦးရေများတဲ့ နေရာတွေ ဖြစ်တယ်။ ဒါကို ရိုးရိုး ကယ်ဆယ်ရေး လုပ်ငန်းလောက်နဲ့ မရဘူး။ အခြေခံ အဆောက်အဦတွေ ပျက်တဲ့အတွက် အချိန်ယူပြီး နိုင်ငံတကာ အကူအညီနဲ့ လုပ်ရမှာ။ အခု အချိန်လေးလောက်နဲ့ မလုံလောက်ဘူး။ အဲဒီအချိန်မှာ ဒုက္ခကြုံတဲ့ နေရာလေးလောက်ကို ကွက်ပြီးတော့ ကျန်တဲ့နေရာမှာ လုပ်မယ်ဆိုရင် ဒီဆန္ဒခံယူပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ဆန္ဒခံယူပွဲဖြစ်မှာ မဟုတ်ဘူးလို့ ကျနော်တို့ အဖွဲ့ချုပ်က သဘောထားပါတယ်” ဟု အဖွဲ့ချုပ် အထူးပြန်ကြားရေး အဖွဲ့ဝင် ဦးသိန်းညွှန့်က ပြောသည်။

ယနေ့ထုတ်ပြန်သည့် NLD ၏ ကြေညာချက်ထဲတွင် ပြည်သူများ၏ ဒုက္ခများကို ထောက်ထားညှာတာ၍ အခြေခံ အဆောက်အဦများ လျင်မြန်စွာ ပြန်လည် တည်ဆောက်ရန်နှင့် ပြည်သူတို့၏ အခက်အခဲများကို ပံ့ပိုးပေးရန်အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အကူအညီများကို အမြန်ဆုံး လိုအပ်လျက်ရှိကြောင်း ပြည်သူလူထုကိုယ်စား အထူး မေတ္တာရပ်ခံပါသည်ဟု ရေးသားထားသည်။

ထို့အပြင် မုန်တိုင်းဒဏ် ခံရသည့် ဒေသများ၌ ဒေသ အာဏာပိုင်များ၏ ကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေးခြင်းကို ဝေဖန်ထားသေးသည်။

ရန်ကုန် နေရာအများစုတွင် အပျက်အစီး ရှင်းရာတွင် သံဃာတော်များ ဦးစီးပြီး ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေကြရပြီး အာဏာပိုင်များ၏ စီမံလုပ်ဆောင်မှု အားနည်း ညံ့ဖျင်းသည်ဟု လူအများက စိတ်ဆိုး ဝေဖန်နေကြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် မုန်တိုင်းဘေး ကယ်ဆယ်ရေး အဖွဲ့ကိုလည်း ဖွဲ့စည်းထားသလို၊ လူမှုကယ်ဆယ်ရေး လုပ်ငန်းများကိုလည်း ဗဟို အဖွဲ့ချုပ်ဝင်များ သာမက မုန်တိုင်းဒဏ် ခံရသည့် ဒေသများမှ အဖွဲ့ချုပ်ဝင်များက တတ်အားတရွေ့ လုပ်ဆောင်နေပါသည်ဟု ပါတီပြန်ကြားရေးက ပြောသည်။

မြို့တဝက်လုံး ပျက်စီးသွားသည်ဆိုသည့် ဧရာဝတီတိုင်း လပွတ္တာမြို့မှ လွှတ်တော် အမတ်တဦးကလည်း နအဖ ရွှေ့ဆိုင်းသည့် အချိန်ကာလမှာ အလွန်တရာ တိုတောင်းနေပြီး၊ မုန်တိုင်းဒဏ်ထိ လူထု၏ ခန္ဓာ၊ စိတ် ကျန်းမာရေးအတွက် ပြုစုပျိုးထောင်မှုများကို ကြပ်မတ်စွာ လုပ်ဆောင်ပြီးမှသာ လူထုဆန္ဒ ခံယူပွဲကို လုပ်ဆောင်သင့်သည်ဟု ဆိုသည်။

“လပွတ္တာနယ်မှာတော့ နှစ်ပတ်ထဲနဲ့တော့ ဘယ်လိုမှ မရနိုင်ဘူး။ ပြိုပျက်သွားတဲ့ အိမ်ယာတွေက နည်းမှ မနည်းဘဲ။ ဒါတွေကို အစကနေ ပြန်လုပ်ဖို့ဆိုတာ အနည်းဆုံး တနှစ်လောက် အချိန်ယူရမယ်။ ရန်ကုန်မှာတောင် နှစ်ပတ်ထဲနဲ့ မလုံလောက်တာ၊ ကျနော်တို့နယ်မှာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဆန္ဒမဲ ဆိုတာတော့ဗျာ လူတွေ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းတွေနဲ့ ပြည့်စုံတဲ့အခါမှ ခေါင်းအေးအေးထားပြီး မဲပေးကြရမှာပေါ့။ အခုလို အခြေအနေမျိုးမှာတော့ ဘယ်လိုမှ မကောင်းပါဘူး” ဟု လွှတ်တော်အမတ် ဦးအေးကြူက မဇ္ဈိမကို ပြောသည်။

လပွတ္တာမြို့၏ အောက်ဘက် ပင်လယ်ကမ်းခြေနှင့် နီးသည့် အပိုင်းများတွင် တည်ရှိသော လူ ၃ ထောင် အနည်းဆုံးရှိတဲ့ ကျေးရွာပေါင်း ၃ဝ ကျော်မျှ ရေမြုပ် ပျက်စီးကုန်ပြီး လူထောင်ပေါင်းများစွာ သေဆုံးမည်ဟု ဦးအေးကြူက ခန့်မှန်းထားသည်။

ထိုင်းနိုင်ငံရှိ မြန်မာ့အရေး လေ့လာသူ ကိုအောင်နိုင်ဦးက မုန်တိုင်းနောက်ဆက်တွဲ ပြဿနာအဖြစ် လူထုတွင် ဝမ်းရောဂါ၊ တိုက်ဖိုက်ရောဂါစသည့် ရောဂါဘယဆိုးများ ကြုံတွေ့လာနိုင်သဖြင့် နအဖ အနေနှင့် ဤပြဿနာများကို ဖြေရှင်းဖို့ရန်သာ ဦးစားပေးသင့်သည်ဟု ဆိုသည်။

“ပြဿနာက တော်တော်လေးကို ဆိုးသွားတာပဲ။ လူတွေသေ၊ ရေလွှမ်းတာတွေ ဖြစ်တော့ ဝမ်းရောဂါ၊ တိုက်ဖိုက်ဖြစ်မယ့် ကိစ္စတွေက စလာပြီ။ အစားအသောက် မလုံလောက်တာ၊ ရေမလုံလောက်တာ ဖြစ်နေပြီ။ ဆိုတော့ ၁ဝ ရက်ကျော်လေးနဲ့ ဒီပြဿနာတွေ ပြေလည်သွားမယ်လို့ မျှော်လင့်လို့ မရဘူး” ဟု ကိုအောင်နိုင်ဦးက ပြောသည်။

ထို့အပြင် ဤအခက်အခဲများ ဖြေရှင်းရန်အတွက် အစိုးရ အနေနှင့် နိုင်ငံတကာ အကူအညီများကို လက်ခံသင့်သလို၊ နောက်နောင်တွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ပွင့်လင်းသည့် ရင်းနှီးမှုကို ရရှိလာနိုင်သည့် အကျိုး ရှိနေသဖြင့် အခွင့်အရေးကို အမိအရ ယူသင့်သည်ဟု ပြောသည်။

No comments: