Thursday, May 8, 2008

ရန်ကုန် ကုန်ဈေးနှုန်း ခုန်ပျံတိုးမြင့်

မဇ္ဈိမမှ ကူးယူဖော်ပြသည်။

ချင်းမိုင်။ ။ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ရန်ကုန်တိုင်း ဒဂုံမြို့သစ် တောင်ပိုင်းတွင် အခြေခံ ကုန်ဈေးနှုန်းများ တနေ့တခြား မြင့်မား ခုန်တက်လာသည်။

ပြီးခဲ့သည့် သောကြာနေ့ ညမှ စနေနေ့ နံနက်ပိုင်းအထိ တိုက်ခတ်သည့် နာဂစ် ဆိုင်ကလုံး မုန်တိုင်းကြောင့် လမ်းများပေါ်တွင် သစ်ပင်နှင့် ဓာတ်တိုင်များ လဲပြိုနေသလို၊ လျှပ်စစ်မီးနှင့် တယ်လီဖုန်းလိုင်းများ ပြတ်တောက်ကာ သွားလာရေး နှောင့်နှေးနေပြီး ဆန်၊ ဆီ၊ ဆား အပါအဝင် အခြေခံ စားသောက်ကုန်များ၊ လောင်စာဆီဈေးများသည် ယခင်ထက် ခုန်တက်နေခြင်း ဖြစ်သည်။

“အရင်က ၈ ပေ သွပ်တချပ်ကို ရောင်းဈေးက ကျပ် ၇၅ဝဝ- ၈ဝဝဝ ရှိတယ်။ ဒီနေ့ ပေါက်ဈေး ၁၄ဝဝဝ ရှိတယ်။ ပုသိမ်ပေါ်ဆန်း ဆန်က အရင်တုန်းက ၂၄ ပြည် တအိတ်ကို ၂၁ဝဝဝ ရောင်းတဲ့ဟာက ၃၅ဝဝဝ ဖြစ်နေတယ်။ ဖယောင်တိုင်း ၃၂ တိုင်ပါ အထုတ်ကြီးကို အရင်တုန်းက ရောင်းခဲ့တဲ့ ဈေးက ၈ဝဝ ၊ အခုဟာက ၂၃ဝဝ ဖြစ်သွားတယ်။ မီးမရတဲ့အတွက် ဖယောင်းတိုင်တွေက အရမ်းကို ဈေးတက်သွားတယ်” ဟု ဒဂုံမြို့သစ် တောင်ပိုင်းရှိ ကုန်စုံဆိုင် ပိုင်ရှင်တဦးက ပြောသည်။

ယခင်က ကြက်ဥတလုံး ၁၃ဝ ကျပ်ရှိရာမှ ယခုဆိုလျှင် ၃ လုံးလျှင် ၁ဝဝဝ ကျပ်၊ ချဉ်ပေါင်ရွက် ၃ စီးသည် ကျပ် ၁ဝဝ ခန့် ဈေးတက်သွားသည်ဟု အိမ်ရှင်မတဦးကလည်း ပြောသည်။

သူက ဧည့်မထဆန် တပြည် ကျပ် ၈ဝဝ မှ ၁၅ဝဝ၊ ကြက်သွန်နီအသေး ၁ဝ ကျပ်သားသည် ၃၅ဝ ကျပ်ရှိရာမှ ၇ဝဝ အထိ ဖြစ်သွားကာ ကြက်သွန်နီအကြီး ၁ဝ ကျပ်သားသည် ၆ဝဝ ကျပ်မှ ၉ဝဝ အထိ မြင့်တက် သွားသည်ဟုလည်း ဆိုသည်။

ထို့ပြင် မီးသွေး ၁ဝ ပိဿာသည် ကျပ် ၃ဝဝဝ မှ ယခုအခါ ၈ဝဝဝ ကျပ်၊ အများသုံး ဆီတပိဿာသည် ၄ဝဝဝ မှ ၈ဝဝဝ ကျပ်အထိ၊ ဓာတ်ဆီ-ဒီဇယ်ဆိုလျှင် ၄၅ဝဝ မှ ယနေ့ပေါက်ဈေး ကျပ် ၁၈ဝဝဝ၊ ပင်လယ်ငါး တပိဿာ ၂ဝဝဝ ကျပ်ဈေးမှ ၅ဝဝဝ၊ ငါးမြစ်ချင်းဈေးသည် ကျပ် ၆ဝဝဝ ရှိခဲ့ရာမှ ယနေ့ ပေါက်ဈေး ၁ဝဝဝဝ ကျပ်ဖြစ်သွားကာ အိုင်အိုဒင်းဆား ၁ဝ ကျပ်သား တထုပ်သည် ကျပ် ၁၅ဝ မှ ကျပ် ၈ဝဝ အထိ ရောက်သွားသည်။

No comments: