Tuesday, May 6, 2008

မုန်တိုင်းဒဏ်ကြောင့် အတွင်းဝန်များရုံး ဆိုးဆိုးရွားရွား ပျက်စီး

ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှား ရှိစဉ် ရုံးထိုင်သွားပြီး ရန်ကုန်မြို့ ကိုလိုနီခေတ် အဆောက်အဦများထဲတွင် အထင်ရှားဆုံးဖြစ်
သည့် အတွင်းဝန်များရုံးခေါ် ၀န်ကြီးများရုံးသည် နာဂစ်မုန်တိုင်းကြောင့် ဆိုးဆိုးရွားရွား ပျက်စီး သွားကြောင်း အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့မှ အမည်မဖော်လိုသူ ရဲတပ်ကြပ်ကြီးတဦးက ပြောသည်။

၎င်းက “ကျနော်တို့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့တွေကို ပြီးခဲ့တဲ့ လလယ်လောက် ကတည်းက ဒီဝင်းကြီးထဲမှာ စခန်းချခိုင်းခဲ့တာ။ တရုတ်ပြည်က ၀ယ်ထားတဲ့ ရဲကားအသစ်တွေ
ရော တပ်ဖွဲ့ဝင်တွေအားလုံး ဒီမှာ စခန်းချပြီး ကင်းလှည့်တာ၊ ကင်းပုန်းဝပ်တာ လုပ်တယ်။ ကျနော်တို့ ရောက်စက အဆောက်အအုံက နေလို့ ရသေးတယ်။ မုန်တိုင်းထိတဲ့ ညကတော့ ခေါင်မိုးတွေ ပေါက်ပြီး အထပ်ထပ် အဆင့်ဆင့် မိုးယို
တာနဲ့ ပြိုကျတာနဲ့ ရွှေ့ကြပြောင်းကြရတယ်။ ခုတော့ အဆောက်အအုံက သိပ်စိတ်မချရတော့ တပ်ဖွဲ့ဝင် နည်းနည်းလောက်ပဲ ချန်ထားပြီး ကျန်တာတွေကိုတော့ ရွှေ့လိုက်ပြီ” ဟု ပြောသည်။

ရန်ကုန်မြို့ခံများကမူ မုန်တိုင်းကာလ ၀န်ကြီးများရုံးအတွင်းနှင့် ဘေးပတ်ပတ်လည်ရှိ သစ်ပင်ကြီး များ အားလုံးပြိုလဲခဲ့ကြောင်း၊ အဆိုပါ သစ်ပင်ကြီးများ ပြိုလဲမှုကြောင့် အရံအဆောက်အအုံများ၊ အတွင်းဘက် အုတ်တံတိုင်းများ အားလုံးနီးပါးလောက် ပျက်စီးသွားကြောင်း၊ ပင်မ အဆောက် အအုံမှာလည်း ခေါင်မိုးများ အားလုံးပေါက်ပြီး မိုးဒဏ်ကြောင့် အချို့အထပ်များ ပြိုကျနေသည်ကို မြင်တွေ့ရကြောင်း ပြောကြသည်။

နအဖ စစ်အစိုးရက အစိုးရ၀န်ကြီး ဌာနရုံးများကို နေပြည်တော် ရွှေ့ပြောင်းသွားပြီးနောက်ပိုင်း အဆိုပါ အဆောက်အအုံများတွင် မည်သည့် ၀န်ထမ်းမှ မထားဘဲ အစောင့် အနည်းငယ်သာ ချန်ထားကြောင်း၊ ပြန်လည် ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေသော်လည်း ပြုပြင်မှု မရှိခဲ့ဘဲ ယခု အခြေခံဥပဒေမူကြမ်း လူထုဆန္ဒခံယူပွဲ နီးလာချိန်၌ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့များကို ယာယီ စခန်းချခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ။
(Source-http://www.khitpyaing.org/news/May_2008/6-5-08e.php0

No comments: