Thursday, May 8, 2008

နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူ (၁) သိန်းကျော်ရှိဟု အမေရိကန်သံရုံးမှ ပြောကြား

ခေတ်ပြိုင်မှ ကူးယူဖော်ပြပါသည်။

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှ လက်ခံ ရရှိသော သတင်းများအရ မုန်တိုင်းကြောင့် သေဆုံးသူမှာ (၁) သိန်းကျော် ရှိနေပြီဖြစ်ကြောင်း အမေရိကန်သံအရာရှိတဦးကို ကိုးကားပြီး ရိုက်တာသတင်းတွင် ဖော်ပြသည်။

“ကျမတို့ ရရှိနေတဲ့ သတင်းတွေအရဆိုရင် မြစ်ဝကျွန်းပေါ် ဒေသတ၀ိုက်မှာ သေဆုံးသူတွေဟာ
(၁) သိန်းကျော်လောက် ဖြစ်နေပြီ” ဟု မြန်မာနိုင်ငံ အမေရိကန်သံရုံး အကြီးအကဲဖြစ်သူ ရှာရီ ဗီလာရိုဆာက ရန်ကုန်မှ သတင်းထောက်များနှင့် တွေ့ဆုံပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်အစိုးရပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ တရားဝင် ထုတ်ပြန်သည့် ပျက်စီးဆုံးရှုံးမှု စာရင်းမှာ သေဆုံးသူ (၂၂,၉၈၀) ဦး၊ ပျောက်ဆုံးသူ (၄၂,၁၁၉) ဦးနှင့် ထိခိုက်ဒဏ်ရာရသူ (၁,၃၈၃) ဦး ရှိသည်ဟု သိရသည်။

လူသားချင်း စာနာထောက်ထားမှု ညှိနှိုင်းရေးဆိုင်ရာ ကုလသမဂ္ဂရုံးမှ ရစ်ချတ်ဟော့စ်ဆီက “ကျနော်တို့ ခန့်မှန်းမိသလောက်ဆိုရင် လောလောဆယ် အိုးအိမ်မဲ့၊ ကယ်ရာမဲ့ ဖြစ်နေတဲ့ လူဦးရေဟာ (၁) သန်း အထက်မှာ ရှိတယ်” ဟု ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပြီး
မြစ်ဝကျွန်းပေါ်ဒေသရှိ စတုရန်းမိုင် (၁၉၃၀) သည် ရေမြုပ်နေဆဲဖြစ်သည်ဟု ပြောသည်။

ထိုင်း၊ တရုတ်၊ အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံများမှ ကယ်ဆယ်ရေး အထောက်အပံ့များ ပေးပို့နေပြီ ဖြစ်ပြီး အမေရိကန်သမ္မတနှင့် သြစတြေးလျ ၀န်ကြီးချုပ်တို့ကလည်း ၎င်းတို့၏ အကူအညီကို လက်ခံရန် မြန်မာအစိုးရကို တောင်းဆိုနေသည်။ ပြင်သစ်နိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုပါ ပါဝင်ရန် တောင်းဆိုထားသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မုန်တိုင်းကြောင့် လူ (၁) သိန်းကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်နေသည့်အတွက် ကယ်ဆယ်ရေး အဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေး အကူပစ္စည်းများ အမြန်ဆုံး မြန်မာနိုင်ငံအတွင်း ရောက်နိုင်စေရေး လုပ်ဆောင်ရန် မြန်မာစစ်အစိုးရအား ယမန်နေ့က တောင်းဆိုထားသည်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထိပ်တန်းအရာရှိဖြစ်သူ ဂျွန်ဟုမ်းစ်က ကုလ သမဂ္ဂ သဘာဝဘေးအန္တရာယ် အကဲဖြတ်အဖွဲ့မှ အာရှအဖွဲ့ဝင် (၄) ဦးသည် ပြည်ဝင်ခွင့် ဗီဇာ မလိုဘဲ မြန်မာနိုင်ငံတွင်းသို့ ယနေ့ ၀င်ရောက်ခွင့် ရခဲ့သော်လည်း ပဉ္စမမြောက် အာရှနိုင်ငံသား မဟုတ်သူ (၁) ယောက်မှာ ပြည်ဝင်ခွင့် စောင့်ဆိုင်းနေရသည်။

ကုလသမဂ္ဂနှင့် ကယ်ဆယ်ရေး ဧဂျင်စီများ အနေဖြင့် ဌာနေမြန်မာနိုင်ငံသား ၀န်ထမ်းများ ရှိသော် လည်း ၎င်းတို့သည် သဘာဝ ဘေးအန္တရာယ်နှင့် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများတွင် နိုင်ငံတကာနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရာတွင် ကျွမ်းကျင်သူများ မဟုတ်ကြောင်း၊ ထို့ကြောင့် ကျွမ်းကျင်သူ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များ အမြန်ဆုံး မြန်မာနိုင်ငံတွင်းသို့ ရောက်ရှိရန် လိုအပ်ကြောင်း ဟုမ်းစ်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီမှ မေလ (၆) ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် အထူး ကြေညာချက်တွင်လည်း နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူများမှာ သိန်းဂဏန်းနှင့်ချီ၍ ရှိကြောင်း ဖော်ပြခဲ့သည်။

သို့သော် နာဂစ်မုန်တိုင်းဘေးသင့်သူ လူအသေအပျောက်နှင့် ပတ်သက်၍ သီးခြားထုတ်ပြန်သည့် တိကျသည့် စာရင်းဇယားများ ထွက်ပေါ်လာခြင်းမရှိသေးပေ။

၁၉၉၁ ခုတွင် ဘင်္ဂလားဒေ့ရှ်၌ လူပေါင်း (၁၄၃,၀၀၀) ကို သေကျေစေခဲ့သည့် မုန်တိုင်းနောက်ပိုင်း ယခု နာဂစ်မုန်တိုင်းသည် ပျက်စီးဆုံးရှုံးမှု အများဆုံး မုန်တိုင်းဖြစ်သည်။

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသည့် ရေထုကြီးက ကမ်းရိုးတန်းတလျှောက်ရှိ
မြို့၊ ရွာများနှင့် စပါးစိုက်ပျိုးရာ မြစ်ဝကျွန်းပေါ် ဒေသများကို ရိုက်ပုတ်ခဲ့သဖြင့် ယခုကဲ့သို့ သေ ကျေဆုံးရှုံးမှု ကြီးမားခြင်းဖြစ်သည်။

No comments: